ဒီမိုကရေစီစနစ်ခိုင်မာရေးပါဝင်ဆောင်ရွက်

 

 

ကမ္ဘာပေါ်ရှိနိုင်ငံများစွာသည် ၎င်းတို့နိုင်ငံနှင့်သင့်လျော်သည့် နိုင်ငံရေးစနစ်တစ်ခုခုကို ကျင့်သုံး ဆောင်ရွက်နေကြသည်။ အများစုမှာ ပြည်သူအများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြသည်။ ချမ်းသာကြွယ်ဝသော နိုင်ငံအများစုသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ကြသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအများစု အနေဖြင့်လည်း ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးနေကြသည်။ သို့သော် ဒီမိုကရေစီစနစ်အရ မတူကွဲပြားခြားနားမှုများကို ပေါင်းစည်းဆောင်ရွက်ရသဖြင့် နိုင်ငံများစွာတို့တွင် စိန်ခေါ်မှုများရှိနေကြသည်။

 

စစ်အေးလွန်ကာလတွင်  ကမ္ဘာပေါ်၌  ဒီမိုကရေစီစနစ်များ အသွင်သဏ္ဌာန် အမျိုးမျိုးဖြင့် ပေါ်ပေါက်လာခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံ ဒီမိုကရေစီနိုင်ငံ ၄၆ နိုင်ငံ (၃၀ ရာခိုင်နှုန်း) ရှိရာမှ ၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၁၃၅ နိုင်ငံ၌  ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများ ပြုလုပ်ကျင်းပနိုင်ခဲ့သည်။ နိုင်ငံပေါင်း ၈၆ နိုင်ငံ (၄၄ ရာခိုင်နှုန်း) သည် ရွေးကောက်ပွဲများကို အပြည့်အဝ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံပေါင်း  ၅၉  နိုင်ငံ (၃၀ ရာခိုင်နှုန်း) သည် လွတ်လပ်သော ရွေးကောက်ပွဲများကို တစ်စိတ်တစ်ဒေသ ကျင်းပနိုင်ခဲ့သည်ဟု သိရသည်။ ဒီမိုကရေစီစနစ်သည် အများပြည်သူ အကြိုက်ဖြစ်သော်လည်း အခက်အခဲများရှိသည်ကို တွေ့မြင်နိုင်သည်။

 

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန်မှစ၍ ပါလီမန်ဒီမိုကရေစီစနစ်၊ အာဏာရှင်စနစ်၊ ဆိုရှယ်လစ်စနစ် အမျိုးမျိုးကျင့်သုံးခဲ့ပြီးနောက် ပါတီစုံဒီမိုကရေစီ စနစ်ကို ဆယ်စုနှစ်တစ်ခု ကျင့်သုံးနိုင်ခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်၍ နိုင်ငံတော်အာဏာရယူမှု ဖြစ်ခဲ့သောကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်အား အရေးပေါ် အခြေအနေကြေညာ၍ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းပြီး လမ်းကြောင်းတည့်မတ်မှန်ကန်အောင် ပြန်လည်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီလ ၆ ရက်နေ့က မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများကိုတွေ့ဆုံစဉ် “မိမိတို့ချမှတ်ထားသော လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဟူ၍ ချမှတ်ထားကြောင်း၊ ယခင်အစိုးရလက်ထက် ရွေးကောက်ပွဲ၌ သိက္ခာမဲ့သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

 

နိုင်ငံတော်အစိုးရ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကျင်းပပြီး အနိုင်ရသည့်ပါတီအား နိုင်ငံတော်တာဝန်များ ပြန်လည်လွှဲအပ်ပေးနိုင်ရေးဖြစ်သည်။ ယင်းအချက်သည် ပြည်သူများ၏ဆန္ဒ၊ နိုင်ငံတော်အစိုးရ၏ မှန်ကန်သည့်ရပ်တည်ချက်ဖြစ်သည်။ အများပြည်သူ လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် တည့်မတ်မှန်ကန်ခိုင်မာရေးကို ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်ကို အတိုင်းအတာတစ်ခုအထိ တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်သည်။ သို့သော်နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပြဿနာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ အကြမ်းဖက်နည်းလမ်းဖြင့် ဖြေရှင်းရန်ကြိုးပမ်းလာမှုများကြောင့် နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်လာခဲ့သည်။ တစ်ဖက်တွင် ပွဲလန့်တုန်း ဖျာခင်းသည့် EAO များက အကြမ်းဖက် တိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်ဖန်တီးလာကြသည်။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူများ၏အသက် အိုးအိမ်စည်းစိမ်များ ထိခိုက်မှုရှိသလို နိုင်ငံတော်အတွက်လည်း ဆုံးရှုံးမှုများ ဖြစ်ရသည့်အပြင် ပြည်သူများ၏ဆန္ဒ အလှမ်းဝေးစေနိုင်သည်။

 

ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသည့်အချက်များဖြစ်သည်။ တည်ငြိမ်အေးချမ်းရေးအတွက် အားလုံး ပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ဖြင့် ဆောင်ရွက်သွားရန်လိုပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အားလုံးပါဝင် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍသည် အဓိကကျသည့် အရေးကြီးကဏ္ဍဖြစ်သည်။ ပြည်သူများ၏ဆန္ဒဖြင့် ရွေးချယ်ပေးလိုက်သည့် နိုင်ငံရေးပါတီ များသည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားများဖြစ်ထွန်းရေးကို ဦးတည် ရှေးရှုဆောင်ရွက်ရေးဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားပျက်ပြားစေမည့်အလုပ်များကို ရှောင်ရှားရမည်ဖြစ်သည်။

 

နိုင်ငံတော်အစိုးရ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကျင်းပပြီး အနိုင်ရသည့်ပါတီကို နိုင်ငံတော်တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးဖြစ်၍ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းပြီး ရွေးကောက်ပွဲများကျင်းပနိုင်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပါတီဝင်များသည် ဒီမိုကရေစီကို လိုလားသူများဖြစ်ပြီး ပါတီ၏အမာခံ အင်အားများဖြစ်သကဲ့သို့ ဒီမိုကရေစီအမာခံများဖြစ်ရန်လိုပြီး နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် ပြည်သူများနှင့်အတူ ကျရာကဏ္ဍမှ တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ