ဒီပလိုမာ၊ ဒီဂရီ၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့လက်မှတ်များကို မှန်ကန်ခိုင်မာမှုနှင့် အရည်အသွေး ပြည့်မီမှုတို့ကို စိစစ်၍ မှန်ကန်မှု မရှိပါက အရေးယူပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်း

နေပြည်တော်  ၁၄  နိုဝင်ဘာ

 

ပြည်တွင်းရှိ ပုဂ္ဂလိက သင်တန်းကျောင်းများ၊ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပြည်ပတက္ကသိုလ် သို့မဟုတ် ပညာရေး အဖွဲ့အစည်းများ ပူးပေါင်းသင်ကြား၍ ပေးအပ်နေသော ဒီပလိုမာ၊ ဒီဂရီ၊ မဟာဘွဲ့နှင့် ဒေါက်တာ ဘွဲ့လက်မှတ်များကို မှန်ကန်ခိုင်မာမှုနှင့် အရည်အသွေး ပြည့်မီမှုတို့ကို ပုဂ္ဂလိကကျောင်း ဥပဒေ အတည်ပြုရန် စိစစ်ဆောင်ရွက်လျက်ရှိသည့်အတွက် အဆိုပါ ကျောင်းများကို လတ်တလောတွင် စိစစ်နိုင်ခြင်း မရှိသေးကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး၏ “ပြည်တွင်းရှိ ပုဂ္ဂလိက သင်တန်းကျောင်းများ၊ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပြည်ပတက္ကသိုလ် သို့မဟုတ် ပညာရေး အဖွဲ့အစည်းများ ပူးပေါင်းသင်ကြား၍ ပေးအပ်နေသော ဒီပလိုမာ၊ ဒီဂရီ၊ မဟာဘွဲ့နှင့် ဒေါက်တာ ဘွဲ့လက်မှတ်များကို မှန်ကန်ခိုင်မာမှုနှင့် အရည်အသွေး ပြည့်မီမှုတို့ကို စိစစ်၍ မှန်ကန်မှု မရှိပါက အရေးယူပေးရန် အစီအစဉ် ရှိ/မရှိနှင့် ပညာရေးနှင့် ပတ်သက်သော သင်တန်းကျောင်း ကြော်ငြာများတွင် အတုအယောင် မက်လုံးပေး ဆွဲဆောင်မှုများကြောင့် ကျောင်းသား/ကျောင်းသူများ နစ်နာဆုံးရှုံးမှု မရှိစေရန် မည်သို့ စီမံထားသည်ကို သိရှိလိုခြင်း စပ်လျဉ်း၍ မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “ပြည်တွင်းရှိ လက်ရှိဖွင့်လှစ်ထားသော ပုဂ္ဂလိက သင်တန်းကျောင်းများ၊ ပညာရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်ပတက္ကသိုလ် သို့မဟုတ် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများသည် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ဥပဒေများအရ ခွင့်ပြုထားခြင်းမျိုး မဟုတ်ဘဲ ကုမ္ပဏီမှတ်ပုံတင် ဥပဒေနှင့် နည်းဥပဒေအရ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ပညာရေးဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီအဖြစ် မှတ်ပုံတင်၍ ဖွင့်လှစ်ခွင့်ပြု ဆောင်ရွက်လျက်ရှိသည့် ကျောင်းများဖြစ်ကြောင်း၊ ထိုသို့ ဖွင့်လှစ်ထားသည့် ကျောင်းများဖြစ်ပါက ပညာရေးဝန်ကြီးဌာန အနေဖြင့် အဆိုပါကျောင်းများမှ ပေးအပ်နေသော ဒီပလိုမာ၊ ဒီဂရီ၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့ လက်မှတ်များ၏ မှန်ကန်ခိုင်မာမှုနှင့် အရည်အသွေး ပြည့်မီမှုတို့ကို ပုဂ္ဂလိကကျောင်း ဥပဒေ အတည်ပြုရန် စီစစ်ဆောင်ရွက်လျက် ရှိသည့်အတွက် အဆိုပါ ကျောင်းများကို လတ်တလောတွင် စိစစ်နိုင်ခြင်း မရှိသေးကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

 

ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကကျောင်းဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဥပဒေ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးမီ ပညာရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအား ဆောင်ရွက်ခွင့်ပြုရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တစ်ဆင့်ပေးပို့ လျှောက်ထားလာသော ကိစ္စရပ်များအပေါ် ပညာရေး ဝန်ကြီးဌာနမှ အမျိုးသား ပညာရေးဥပဒေနှင့် အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေများအရ ပုဂ္ဂလိက အဆင့်မြင့် ပညာကျောင်းများဖြစ်ပါက အမျိုးသား ပညာရေး မူဝါဒကော်မရှင်၊ အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီ၊ အမျိုးသား အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီနှင့် ပါမောက္ခချုပ်များ ကော်မတီတို့၏ သဘောထားမှတ်ချက်များ ရယူ စိစစ်ပေးခြင်းနှင့် အကြံပြုချက် ပေးပို့ခြင်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြားခဲ့သည်။

 

MDN