ဒီရေရောက်သစ်တောများဖြစ်ထွန်းလာပါက ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်

ပဲခူး ဒီဇင်ဘာ ၁၆

ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်တို့ရှိ ပင်လယ်နှင့်ထိစပ်လျက်ရှိသော ကျေးရွာများသည် မိုးတွင်းကာလတွင် စစ်တောင်းမြစ်ရေ တိုက်စားခြင်းခံရသည့်အပြင် ပင်လယ်ဒီရေ ဒီလှိုင်းများကြောင့် ကမ်းပါးပြိုပြီး စိုက်ပျိုးမြေများနှင့် ရွာမြေများ နှစ်စဉ်ပျက်စီး ဆုံးရှုံးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ် ချုပ်လုပ်ကိုင်မှုကော်မတီ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

ဆက်လက်၍ ကမ်းပါးပြိုမှု သဘာဝဘေးအန္တရာယ် ထိန်းသိမ်းကာကွယ်နိုင်ရန် စစ်တောင်းမြစ်ဝနှင့် မုတ္တမပင်လယ်ကွေ့များတွင် သဘာဝအလျောက် ပေါက်ရောက်နေသည့် ဒီရေတောများကို ဥပဒေနှင့်အညီ စီမံအုပ်ချုပ်နိုင်ရန် ဒီရေတော ကြိုးပြင်ကာကွယ်တောများ သတ်မှတ်ခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်ပေးခြင်းနှင့် လိုအပ်သောနေရာများတွင် ဒီရေတောစိုက်ခင်းများ တည်ထောင်ခြင်းတို့ကို ဆောင်ရွက် ပေး သွားရမည်ဖြစ်ကြောင်း၊ ဒီရေရောက်သစ်တောများ ဖြစ်ထွန်းလာပါက ငါး၊ ပုဇွန်၊ ဂဏန်း စသည့် ရေသယံဇာတများသည်လည်း သဘာဝအလျောက် ရှင်သန်ပေါက်ဖွားလာနိုင်ပြီး ဒေသ ခံပြည်သူများ၏ လူမှုစီးပွားဘဝကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ် သကဲ့သို့ ကမ်းပါးပြိုမှုကိုဟန့်တားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက ပင်လယ်ကမ်းရိုး တန်းသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ခြင်း၏ အကျိုးကျေးဇူးများကို လည်းကောင်း၊ ပဲခူး တိုင်းဒေသကြီးသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုး တန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ ကိုလည်းကောင်း၊ မုတ္တမပင်လယ်ကွေ့စီမံကိန်း၊ စီမံကိန်းမန်နေဂျာ ဦးသန်းထိုက်အောင်က စစ်တောင်းမြစ်ဝဒေသအတွင်း ကဝ၊ သနပ်ပင်နှင့် ဝေါမြို့နယ်တို့ရှိ ကျေးလက်နေ ပြည်သူ များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုအခြေအနေများကို လည်း ကောင်း ရှင်းလင်းတင်ပြကြရာ၊ ကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာ ကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်