ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကျင်းပ

နေပြည်တော်  ၃  စက်တင်ဘာ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း ၏ မြန်မာ့ မီးရထားပိုင် (ရေး - ချောင်းတောင်) မီးရထားနှင့် ကားလမ်း တံတားအသုံးပြုခ ကောက်ခံခြင်း လုပ်ငန်းအား သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရေး-ချောင်းတောင် မီးရထားလမ်းနှင့် ကားလမ်း တံတားအသုံးပြုခ ကောက်ခံခြင်း လုပ်ငန်းကို (၃)နှစ် (၁)ကြိမ် တင်ဒါခေါ်ယူပြီး ဆောင်ရွက်ခဲ့ရာ နောက်ဆုံးအကြိမ်မှာ ၂၀၁၉ ခုနှစ် ဧပြီ ၂၄ ရက်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ပြီး တင်ဒါယှဉ်ပြိုင်သူ (၅)ဦးအနက် တစ်ဦးဖြစ်သည့် ဦးဝင်းတင့် ကို ငှားရမ်းခငွေကျပ် (၃၁၅)သိန်းဖြင့် ခွင့်ပြုခဲ့ပါကြောင်း၊ တံတားဖြတ်သန်းခ ကောက်ခံရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်နှုန်းထားအတိုင်း ကောက်ခံပါကြောင်း၊ ထို့ပြင် လုပ်ငန်းလုပ်ဆောင်သူအနေဖြင့် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း ယာဉ်အမျိုးအစားအလိုက် ဖြတ်သန်းခနှုန်းထားများကို ပွင့်လင်းမြင်သာစွာ အများပြည်သူ သိသာစေရန် ကြော်ငြာဆိုင်းဘုတ် စိုက်ထူပြီး ဖြစ်သည်ကို သိရှိရပါကြောင်း။

 

တံတားဖြတ်သန်းခ နှုန်းထားကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက လုပ်ငန်းခွင့်ပြုမိန့်ကို ပြန်လည်ရုပ်သိမ်းပြီး ပေးသွင်းထားသည့် အာမခံစပေါ်ငွေကိုလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည် ဖြစ်သည်ကို စာချုပ် တွင်ထည့်သွင်း ချုပ်ဆိုထားပါကြောင်း၊ ရထားနှင့် တံတားဆက်သွယ်သည့် လမ်းကြောင်းများ ကောင်းမွန်စေရေးအတွက်လည်း တွန်းအားပေးညွွှန်ကြား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်သန်း၏ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတွင် လိုအပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က လိုအပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် အစီအစဉ်နှင့် ပတ်သက်၍ ဘောလခဲမြို့နယ် အားကစားရုံ၏ အရှေ့မြောက်ဘက်တွင် ပေ(၁၉၀× ၁၃၀) မြေကွက်လပ်ပေါ်၌ (၄)ခန်း တွဲ (၃)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထား အဆိုပြုသွားမည် ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက တည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) မှ ဦးမင်းနိုင်၏ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် လမ်းပန်းဆက်သွယ် ရေးခက်ခဲသော ဒေသများအား ကျန်းမာရေးဌာနတစ်ခုနှင့် ကျန်းမာရေးဌာန(ခွဲ)ငါးခု ချပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က လွှတ်တော်ကိုယ်စားလှယ် တင်ပြထားသည့် ကျေးရွာအုပ်စု (၆)စုတွင် ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဌာနခွဲများ ချပေးနိုင်ခြင်း ရှိ/မရှိအား ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ နန်းယွန်းမြို့နယ်၊ ကဲဆန်လုံကျန်း ကျေးရွာ၊ ကဲဆန်ဆာလင်ကျေးရွာ၊ ရှိတ်ညိုကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံပေးနိုင်မည့် ဦးရေ ၂၁၉၇ ဦးအထိ များပြားပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများဖြစ်သောကြောင့် မြေပုံစာရင်းရရှိပါက ၂၀၂၀-၂၀၂၁ခုနှစ်တွင် ကျေးလက်ကျန်းမာရေး ဌာနခွဲများ ဖွဲ့စည်းဖွင့်လှစ်ရရှိရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ နိုင်ငံ့ဝန်ထမ်း ဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် မူဝါဒများနှင့်အညီ စီစစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

လုံလောင်းကျေးလက် ကျန်းမာရေးဌာနခွဲသည် လွှမ်းခြုံနိုင်မည့် လူဦးရေနည်းပါးပြီး ၎င်းကျေးလက် ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်နေသည့်အတွက် ကျေးလက်ကျန်းမာရေးဌာန အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေး ပါကြောင်း၊ ခမ္မဂိကျေးရွာနှင့် တကုန်းကျေးရွာသည် လွှမ်းခြုံပေးနိုင်မည့် လူဦးရေနည်းပါးခြင်း၊ ၎င်းတို့အပိုင် ကျေးလက်ကျန်းမာရေး ဌာနခွဲများမှ ကျန်းမာရေးစောင့််ရှောက်မှု လွှမ်းခြုံပေးနိုင်နေသည့်အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။

 

အလားတူ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၏ စစ်တောင်းတံတား ဟောင်းကြီးအား ရေရှည်အသုံးပြုနိုင်ရန် မည်သို့ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က လည်းကောင်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ)ဒေါက်တာအားကာမိုး က သံတောင်ကြီးမြို့ မိုးလုံလေလုံ အားကစားခန်းမအား အခြေခံပညာ အထက်တန်း ကျောင်းပိုင်အဖြစ် ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန် ၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ တန်ကူ ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်    စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ စစ်ကိုင်းတိုင်းဒေသကြီး ရှေးဟောင်း နယ်မြေ ဖိုလ်ဝင်တောင် ရှေးဟောင်းဘုရားများကို ရှေးဟောင်းသုတေသနမှ ထိန်းသိမ်းစောင့်ရှောက်မှု မည်သို့စီမံထား သည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း က လည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးကျော်ကျော်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ ဆေးပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါပြင်ဆင်ချက် ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ အပါအဝင် အစိုးရတက္ကသိုလ် အသီးသီးတွင် အဆင့်မြင့်ပညာရပ်များ တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အတိုးနည်းပါးသည့် ပညာရေးဆိုင်ရာ ချေးငွေအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာဦးကြွယ်ကြွယ် က မိမိတို့နိုင်ငံသည် ယခုအခါတွင် မြို့နှင့် တောရွာများ၌ ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များကို ဆောင်ရွက်နေရချိန် ဖြစ်ပါကြောင်း၊ အခြေခံပညာရေး ကဏ္ဍတွင်လည်း ကျောင်းအဆင့် တိုးမြှင့်ခြင်း၊ ကျောင်းဆောင်များ ဆောက်လုပ်ခြင်း၊ ဆရာ၊ ဆရာမများ တိုးမြှင့်ခန့်ထားခြင်းများ ပြုလုပ်နေရ ပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်၊ ကောလိပ်ကျောင်းသားများအတွက် ပညာသင်စရိတ်ကို အစိုးရ၏ ဘတ်ဂျက်မှ စိုက်ထုတ်ချေးပေးပါက နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေခိုင်မာလာပြီး အစိုးရဘတ်ဂျက် လုံလောက်ရုံသာမက ပိုလျှံလာရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ အဆိုရှင် တင်ပြသည့် ကျောင်းသားချေးငွေ၊ ပညာရေးချေးငွေ အစီအစဉ်များကို အကောင်အထည် မဖော်နိုင်မီ နိုင်ငံတော်အစိုးရအနေဖြင့် အဆင့်မြင့်တက္ကသိုလ်များသို့ တက်ရောက်မည့် ငွေကြေးချို့တဲ့ ခက်ခဲသော ကျောင်းသား များအတွက် လက်ရှိပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးတို့ကို အရေအတွက် တိုးမြှင့်ပေးခြင်း၊ ဆုကြေးပမာဏ မြှင့်ပေးခြင်းတို့ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ ပညာရေးကို လက်တွေ့ကျကျဖြင့် မြန်မြန်အထောက်အကူပြုမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင် က ပညာရေးဝန်ကြီးဌာနအနေဖြင့် ချို့တဲ့သည့် မိသားစုမှ ကျောင်းသား၊ ကျောင်းသူအတွက် လစဉ်ထောက်ပံ့ကြေး ငွေကျပ် ၃၀ဝ၀ဝ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူအတွက် လစဉ် ငွေကျပ် ၁၀ဝ၀ဝ၀ ထောက်ပံ့ ပေးနေသည်ကို သိရှိရပါကြောင်း၊ အဆိုပါ နှုန်းထားများကို ပြင်ဆင်တိုးမြှင့် ပေးခြင်းသည်သာ လတ်တလောတွင် ပိုမိုသင့်တော်မည်ဟု ထင်မြင်မိပါကြောင်း၊ အဆိုရှင်၏ ရည်ရွယ်ချက်နှင့် စေတနာကို အသိအမှတ်ပြုရမည် ဖြစ်သော်လည်း နိုင်ငံတော်၏ လက်ရှိ ပကတိအခြေအနေအရ ချေးငွေအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆင်သင့်မဖြစ် သေးခြင်း၊ အခြားအရေးကြီးစွာ ဆောင်ရွက်ရမည့် လုပ်ငန်းများစွာ ရှိနေခြင်းများကြောင့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိသင့် ပါကြောင်း ဆွေးနွေးသည်။

 

ယင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာမောင်မောင်နှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဆန်းမြင့်တို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို စက်တင်ဘာ ၅ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်