ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ

နေပြည်တော် ၂၀  နိုဝင်ဘာ 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ပြင်ဆင်ချက် ဥပဒေ ကြမ်း ၁ ခု ဆွေးနွေးခြင်းနှင့် အစီရင်ခံစာ ၁ ခု ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) မှ ဦးစိုးသိန်း၏  နိုင်ငံပိုင်ငွေကြေး ပိုမိုခိုင်မာလာစေရန်နှင့် တရားမဝင် ငွေကြေးသုံးစွဲမှုများကို ထိန်းချုပ်နိုင်ရန် နိုင်ငံခြားသုံးငွေအား မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပြည်တွင်း၌ ကျပ်ငွေအဖြစ် လဲလှယ်သုံးစွဲစေရန် တွန်းအားပေးမည့် အစီအမံများ ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ ငွေကြေးတန်ဖိုး မြင့်မားလာစေရေးနှင့် ပြည်တွင်းတွင် ဒေါ်လာကို ကျယ်ပြန့်စွာ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် Dollarization မဖြစ်စေရေးကို အဓိကရည်ရွယ်၍ ပြည်သူလူထု လက်ဝယ်တွင်ရှိသည့် အမေရိကန်ဒေါ်လာများကို ကျပ်ငွေသို့ လွယ်ကူစွာ လဲလှယ်နိုင်ရန် အတွက်နိုင်ငံခြား သုံးငွေဝယ်ယူရောင်းချ လဲလှယ်ပေးသည့် ငွေလဲကောင်တာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ဖွင့်လှစ်ခွင့်ပြုထားပါကြောင်း။

 

ယခုကဲ့သို့ စီစဉ်မှုများ ပြုလုပ်ပေးထားသော်လည်း လိုက်နာမှု အားနည်းလျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ဟိုတယ်များ၊ စားသောက်ဆိုင်အချို့၊ ပြည်တွင်းတွင် လာရောက်ဖွင့်လှစ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျောင်းများ၊ နိုင်ငံခြားသားများကို တိုက်ခန်းငှားရမ်းမှုများ၊ အမှတ်တရပစ္စည်းဆိုင်များ စသည်တို့တွင် ကျပ်ငွေအစား အမေရိကန်ဒေါ်လာဖြင့် ပေးချေဆောင်ရွက်နေသကဲ့သို့ ဝန်ကြီးဌာနများ အနေဖြင့်လည်း မြေငှားရမ်းခြင်းများ၊ နိုင်ငံခြားနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများတွင်လည်း မိမိတို့ရရှိမည့် လုပ်ငန်းဆောင်ရွက်မှုဝင်ငွေများအား နိုင်ငံခြားငွေဖြင့် လက်ခံဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ နေပြည်တော်/ ရန်ကုန်/ မန္တလေး စည်ပင်သာယာရေး ကော်မတီများသို့ မိမိလက်အောက်ခံ အဖွဲ့အစည်းများအား လိုအပ်သလို ထပ်ဆင့်ညွှန်ကြားပေးနိုင်ရန် အမိန့်စာထပ်မံထုတ်ခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၆၃ ပါ ပြဋ္ဌာန်းချက်အရလည်းကောင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၈ ပါ ပြဋ္ဌာန်းချက်အရလည်းကောင်း နိုင်ငံတော်အတွင်း နိုင်ငံခြားငွေဖြင့် ငွေပေးချေခြင်း၊ လွှဲပြောင်းခြင်းကို သာမန်အားဖြင့် ဆောင်ရွက်ခွင့်မရှိပါကြောင်း၊ ငွေကြေးဖြင့် ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းတို့ကို ကျပ်ငွေဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ပြီး မဖြစ်မနေ နိုင်ငံခြားငွေဖြင့် ပေးချေခြင်း၊ လွှဲပြောင်းခြင်းများကို ဆောင်ရွက်ရန် လိုအပ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို တောင်းခံဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

ပြည်တွင်းသုံးကျပ်ငွေဖြင့် ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အားနည်းချက်နှင့် အခက်အခဲမှာ ဟိုတယ်များ၊ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်သည့်ကျောင်းများ၊ လေကြောင်းလိုင်းများ၊ ကျောက်မျက်ရတနာ အရောင်းဆိုင်များသည် ငွေလဲလှယ်နှုန်း အတက်အကျကြောင့် ၄င်းတို့၏ ဝန်ဆောင်ခများ၊ ပစ္စည်းဈေးနှုန်းများကို နိုင်ငံခြားငွေဖြင့် ပုံသေသတ်မှတ်ထားပြီး မြန်မာငွေဖြင့် ပြန်လည်လွှဲပြောင်းယူရာတွင် ၄င်းတို့၏ ငွေလဲလှယ်နှုန်း ကာမိစေရန် ပိုယူထားကြခြင်း ရှိသည့်အတွက် ပြင်ပဈေးထက်မြင့်တက်နေပြီး သုံးစွဲဝယ်ယူသူများအနေဖြင့်လည်း ဒေါ်လာဖြင့်သာ ပေးချေခြင်းသည် ပိုမိုသက်သာသည့်အတွက် ဒေါ်လာဖြင့်သာ ပေးချေကြသည်ကို တွေ့မြင်ရပါကြောင်း။

 

ယခုကဲ့သို့ နိုင်ငံခြားငွေဖြင့် ဈေးနှုန်းသတ်မှတ်၍ ပေါက်ဈေးထက် ပိုမိုတွက်ချက်ယူသည့် လုပ်ငန်းများ၊ နိုင်ငံခြားငွေဖြင့် လက်ခံရယူလျက်ရှိသည့် ဟိုတယ်များ၊ ကျောင်းများ၊  ကျောက်မျက်ရတနာဆိုင်များကို ကြပ်မတ်ကွပ်ကဲရန်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ပူးပေါင်း၍ ဆောင်ရွက်မှသာ အဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်တွင်း၌ ကျပ်ငွေဖြင့်သာ သုံးစွဲရန် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက မည်သို့ အရေးယူဆောင်ရွက်မည်၊ ထိုကဲ့သို့ အရေးယူခြင်းကို မည်သည့်ကာလတွင် စတင်မည်တို့ကို ပြည်သူလူထုသို့ အသိပေး၍ ပညာပေးကာလ တစ်ခုသတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးဝေစိန်အောင်၏ ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်တွင် အင်္ဂလိပ်စာ မဟာဘွဲ့သင်တန်း M.A (English) ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မဟာဝိဇ္ဇာတန်း ဖွင့်လှစ်နိုင်ရန်အတွက် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် မဟာအရည်အချင်းစစ်သင်တန်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း သုံးဦးကို မဟာအရည်အချင်းစစ် သင်တန်းဖွင့်ပေးမည် ဖြစ်ပါကြောင်း၊ အဆိုပါ ကျောင်းသား၊ ကျောင်းသူ သုံးဦးအောင်မြင်လာပါက မဟာဝိဇ္ဇာတန်း ပို့ချပေးရန်အတွက် ဆက်လက်ပညာသင်ယူရမည် ဖြစ်ပါကြောင်း၊ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှသာ မဟာဝိဇ္ဇာတန်းကို စစ်တွေတက္ကသိုလ်တွင် ဖွင့်လှစ်နိုင်မည် ဖြစ်ပါကြောင်း။

 

ကြားကာလတစ်နှစ်တွင် ဒေသခံဆရာ၊ ဆရာမများကို ရန်ကုန်တက္ကသိုလ်တွင် တွဲဖက်၍ အင်္ဂလိပ်စာအရည်အသွေး မြင့်မားရေးအတွက် တွဲဖက်တာဝန်ချထားပေးပြီး လေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် စစ်တွေတက္ကသိုလ်၌ အင်္ဂလိပ်စာဘာသာရပ် မဟာတန်းဖွင့်လှစ်ရန် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ မရှိသေးပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးရှန်အောရ်၏ ပညာရပ်ဝေါဟာရများ (Scientific and Technical Terms) အတွဲများကို ပြန်လည်ဆန်းစစ်ခြင်း၊ ပြန်လည်တည်းဖြတ်ခြင်းနှင့် ဖြည့်စွက်ခြင်းများပြုကာ ပိုမိုခေတ်မီပြည့်စုံသော ပညာရပ်ဝေါဟာရ အဘိဓာန်အဖြစ် ထုတ်ဝေဖြန့်ချိပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရပ်ဝေါဟာရများ  အတွဲရှစ်တွဲသည် ယခင်အထက်တန်း ပညာဦးစီးဌာန (ယခု အဆင့်မြင့်ပညာဦးစီးဌာန) တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနက ဝိဇ္ဇာ၊ သိပ္ပံဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်အတူ ၁၉၇၁ ခုနှစ် အောက်တိုဘာလမှ ၁၉၇၄ ခုနှစ် ဇူလိုင်လအထိ ပြုစုတည်းဖြတ်၍ တက္ကသိုလ်ပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့သည့် စာအုပ်များဖြစ်ပါကြောင်း။

 

အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန အနေဖြင့် မူလပညာရပ် ဝေါဟာရရှစ်တွဲအား လက်လှမ်းမီစွာ အကိုးအကား အထောက်အကူပြုမည့် စာအုပ်များ ထွက်ပေါ်လာနိုင်ရေးအတွက် မူလထုတ်ဝေခဲ့ပြီးဖြစ်သော မူရင်းစာအုပ်ရှစ်အုပ်ပါ ဝေါဟာရများ  အတွဲများကို ပြန်လည်ဆန်းစစ်ခြင်း၊ ပြန်လည်တည်းဖြတ်ခြင်းနှင့် ဖြည့်စွက်ခြင်း ခေတ်မီဝေါဟာရများဖြစ်အောင် ပြန်လည်အတည်ပြု ဆောင်ရွက်ခြင်းများကို ပြုလုပ်ရမည်ဖြစ်သည့်အတွက် အဘိဓာန်အဖြစ် ထုတ်ဝေဖြန့်ချိပေးနိုင်ရန်အတွက် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ် ဌာနများတွင်ရှိသည့် ပညာရှင်များ၊ အင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာအသင်းနှင့် ပညာရှင်များဖြင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည့်အဖွဲ့များ ဖွဲ့စည်းပြီး ပူးပေါင်းစီစဉ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) မှ ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်နှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ ဦးမာန်လောမောင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

ထို့နောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဒေါ်အိအိပြုံးက စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းသည် အမြတ်အစွန်းအတွက် ရရှိရန် အဓိကမဟုတ်ဘဲ ထိုက်သင့်သော ငွေကြေးကိုသာ ရယူပြီး အခြားသော မူပိုင်ခွင့်လုပ်ငန်းများ၊ လုပ်ကိုင်နေသော အေဂျင်စီများနှင့် ရောထွေးမှုမရှိစေရန် ရည်ရွယ်ပြီး အခန်း(၁) ပုဒ်မ(၂) (ဃဃ) ၏အပိုဒ်ကို စာပေနှင့်အနုပညာမူပိုင်ခွင့် (သို့မဟုတ်) ဆက်နွယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဆိုသည်မှာ စာပေနှင့် အနုပညာမူပိုင်ခွင့်များ ဆက်နွယ်သည့် အခွင့်အရေးကို ဤဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် မူလ လက်ရာရှင်များ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ပိုင်ရှင်များ၊ ဆက်နွယ်သည့် အခွင့်အရေး ပိုင်ရှင်များ၏ သဘောတူညီမှုအပေါ် အခြေခံ၍ ယင်းတို့၏ အခွင့်အရေးများကို စီမံခန့်ခွဲပေးသည့် အမြတ်အစွန်းအတွက် မရည်ရွယ်သော အဖွဲ့အစည်းကို ဆိုသည်ဟူ၍ ဖြည့်စွက်လိုပါကြောင်း။

 

အခန်း(၃) ပုဒ်မ (၅) (င)ကို မူပိုင်ခွင့်စနစ်နှင့် အသိပညာ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်နှင့် စာပေနှင့်အနုပညာ တီထွင်ဖန်တီးမှုများကို ကူညီထောက်ပံ့ပေးရန်၊ ကောင်းစွာကျင့်သုံးဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်းများနှင့် ညှိနှိုင်းပေါင်းစပ်ကြီးကြပ် လမ်းညွန်ပေးခြင်းဆိုပြီး ပြင်ဆင်စေလိုပါကြောင်း၊ ကျောင်းတွင်းစာသင်ခန်း ပညာရေးသာမက၊ ကျောင်းပြင်ပ အသက်မွေးဝမ်းကျောင်း ပညာရေးကိုပါ လွှမ်းခြုံစေနိုင်ရန် အခန်း(၁၁) ပုဒ်မ (၂၆) (က) တွင် ထုတ်ဝေပြီး လက်ရာများ၏ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်တို့တွင် ပါဝင်သော ဆောင်းပါးများ၏ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပညာသင်ကြားရန် ရည်ရွယ်ချက်အတွက်သော်လည်းကောင်း၊ နိုင်ငံသားတို့၏ ဘက်စုံပညာ ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်းဟူ၍ ထပ်မံဖြည့်စွက်ပြီး၊ အမျိုးသားလွှတ်တော်၏ စာအရေးအသား၊ အသံ (သို့မဟုတ်) မြင်နိုင်သည့် မှတ်တမ်းများဖြင့် မူပွားခြင်းဆိုသည်ကို ထပ်မံဖြည့်စွက်လိုပါကြောင်း ဆွေးနွေးသည်။

 

အဆိုပါ ပြင်ဆင်ချက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုးက ဆက်လက်ဆွေးနွေးသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာမျိုးအောင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို နိုဝင်ဘာ ၂၇ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်