ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ပထမနေ့ ကျင်းပ

နေပြည်တော် ၁၂   နိုဝင်ဘာ 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစီရင်ခံစာ ၁ခုဖတ်ကြားခြင်းနှင့် ဥပဒေကြမ်း ၁ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ရှေးဦးစွာ ကတိသစ္စာ မပြုရသေးသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်မြေ အသီးသီးတွင် ပြည်သူများ၏ အသံ၊ ပြည်သူများ၏ ဆန္ဒများကို နားထောင်ခဲ့ကြ၊ ကွင်းဆင်းလေ့လာခဲ့ကြပြီး ဖြစ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ထိုသို့ ပြည်သူများ၏ လိုလားချက်ဆန္ဒနှင့် အခက်အခဲများကို အကောင်အထည်ဖော်နိုင်ရေးအတွက် လွှတ်တော်အတွင်း မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ဥပဒေပြုခြင်းလုပ်ငန်းများအပြင် သက်ဆိုင်ရာ ကော်မတီများအလိုက် ဆောင်ရွက်ရမည့် ကော်မတီလုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်ရာတွင် ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်သည့်အကြောင်း ပြောကြားရင်း ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေးကို တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့နှင့် ပြည်စုံပြီး မဲဆန္ဒရှင် ပြည်သူများအကျိုး၊ နိုင်ငံ့အကျိုးအတွက် သယ်ပိုးဆောင်ရွက် နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း၏ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ကျီးကန်းပြင် - ကြိမ်ချောင်း - အောင်သပြေ - ဗန္ဓုလ လမ်းကြား၌ ဝက်ကျိန်းတံတား၊ တမန်းသားတံတား၊ လကျာ်ချောင်းတံတား၊ လောင်းဘုတ်တံတား၊ ဟာလာတပ်ဖာတံတား၊ အာဇဘော်တံတား၊ မာဇီးတံတား၊ ပဒကားဒေဝါနလီတံတား၊ ကြောင်းနဘေတံတား၊ တံတားအမှတ် (1/1) တံတားများ အား ဦးစားပေးကဏ္ဍအလိုက် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က မောင်တော - ကျီးကန်းပြင် - ကြိမ်ချောင်း - အောင်သပြေ - ဗန္ဓုလ လမ်းပေါ်ရှိ တံတားများကို နှစ်လမ်းသွားသံကူကွန်ကရစ်တံတား အသစ်များအဖြစ် တည်ဆောက်နိုင်ရန်အတွက် ၂၀၁၉ - ၂၀၂၀ဘဏ္ဍာနှစ်မှ စတင်၍ ဦးစားပေးကဏ္ဍအလိုက် ပြည်ထောင်စုနှင့်ရခိုင် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေများတွင် လျာထားတင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ ၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် မြို့နယ်များအပါအဝင် ရန်ကုန် - စစ်တွေ အဝေးပြးလမ်းမကြီးကို ဆက်သွယ်ပေးမည့် ရမ်းဗြဲမြို့နယ်အတွင်းရှိ ရမ်းဗြဲ - လေးတောင် - သပြေဆိပ်လမ်းပိုင်း အား ပြည်ထောင်စုအစိုးရအနေဖြင့် လမ်းအဆင့် (A) အဖြစ် သတ်မှတ်ပြီး ကုန်တင် ကားများ၊ လူစီးကားများ ရာသီမရွေးသွားလာနိုင်သော အဆင့်မီ ကုန်ထုတ်လမ်းဖြစ် သည့် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေး ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်း က အဆိုပါ လမ်းပိုင်းသည် ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်သော်လည်း ပြည်ထောင် စုနှင့်ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင် ရာသီမရွေး သွားလာနိုင်သည့်အတွက် ကျောက်ချောလမ်းအဆင့်ကို ဦးစားပေးဆောင် ရွက်ပေးသွားမည် ဖြစ်ပြီး ပြည်နယ်ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ကွန်ကရစ်လမ်း (သို့မဟုတ်) ကတ္တရာလမ်းအသစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ ၏ မွန်ပြည်နယ်၊ သထုံ ခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ဘီးလင်းမြစ်ကူးတံတားကို အသစ်ပြန်လည် တိုးချဲ့တည် ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်း က တိုးတက်လာသည့် ယာဉ်စီးရေအရ ဘီးလင်းတံတားကို မော်တော်ယာဉ်များ ဖြတ် သန်းသွားလာရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် တံတားအဟောင်းနှင့်ယှဉ် တွဲ၍ တံတားအသစ် ၁စင်း ဆောက်လုပ်ပေးရန် လက်ရှိစီစဉ်လျက်ရှိပါကြောင်း၊ ဘီး လင်းမြစ်ကူးတံတားအသစ် တည်ဆောက်နိုင်ရေးအတွက် Regional Infrastructure  Improvement Project တွင် ပါဝင်ထားပြီး ဖြစ်ပါကြောင်း၊ JICA ODA LOAN Phase III တွင် ပါဝင်ပြီး ဖြစ်သည့်အတွက် အသေးစိတ်တိုင်းတာမှုများ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ - ၂၀၂၁ဘဏ္ဍာနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်နှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစိုးမိုး က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ၂၀၁၈ခုနှစ်၊ လောင်းကစားဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး တင်သွင်းသည့် တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးက ဆွေးနွေးသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဒုတိယနေ့ကို နိုဝင်ဘာ ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်