ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၉) ကျင်းပ

နေပြည်တော် ၁၅ ဇန်နဝါရီ 

 

လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၉)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒုတိယအကြိမ်လွှတ်တော် ပုံမှန်အစည်းအဝေးများကို ပထမအကြိမ်မှ ဒသမအကြိမ်ထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး လွှတ်တော်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် သက်ဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၏ ဝိုင်းဝန်းပံ့ပိုးကူညီမှုများကြောင့် ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ်လွှတ်တော် အသီးသီး၏ (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေးတက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များအား ဇန်နဝါရီလ ၁၉ ရက်ထက်မစော၊ ၂၀ ရက် ထက်နောက်မကျစေဘဲ သတင်းပို့ကြရန် ဖိတ်ကြားထားပြီးဖြစ်ပါကြောင်း၊ အစည်းအဝေးကာလသည် အချိန် ၂ လခန့်ကြာမြင့်မည်ဖြစ်ကြောင်း၊ လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် လိုအပ်သည့်ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုစေလိုကြောင်း ပြောကြားသည်။    

 

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ် လွှတ်တော်ပုံမှန်အစည်အဝေးများကို ပထမအကြိမ်မှ ဒသမအကြိမ်ထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်၍ အတွေ့အကြုံများစွာ ရရှိခဲ့ကြောင်း၊ ယခင်အတွေ့အကြုံများအရ လိုအပ်ချက်များအပေါ် ဖြည့်စွက်၍ ယခုကျင်းပမည့် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရန် ဆက်လက်ဝိုင်းဝန်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ အသီးသီးကို တာဝန်ယူထားကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ 

 

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူးများနှင့် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)