ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ

နေပြည်တော် ၅ ဖေဖော်ဝါရီ 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက်  ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

v7

 

အစည်းအဝေးတွင် မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေး၏ ရှမ်းပြည်နယ်တွင် လက်နက်နှင့် သက်ဆိုင်သော ဥပဒေများအား မည်သို့ကျင့်သုံးလျက်ရှိသည်ကို ရှင်းလင်းစွာ ဖြေကြားပေးရန်နှင့် နိုင်ငံတော်တစ်ဝန်းလုံး တစ်ပြေးညီ အာဏာသက်ရောက်စေမည့် လက်နက်နှင့် သက်ဆိုင်သော ဥပဒေတစ်ရပ်ကို သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများမှ အသစ်ရေးဆွဲ ပြဋ္ဌာန်းသွားရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေကို ရှမ်းပြည်နယ်တွင် တောင်ကြီး၊ ကလော၊ လားရှိုး၊ သီပေါ၊ အောင်ပန်း၊ ညောင်ရွှေ၊ လွိုင်လင်၊ ကျောက်မဲ၊ ပင်လုံ၊ မိုးနဲနှင့် ကျိုင်းတုံမြူနီစပါယ် အက်ဥပဒေပုဒ်မ ၂၄၆ အရ ကြေညာပြီးဒေသများ (ကျိုင်းတုံမြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်း)၊ မီးရထားဌာနပိုင်နယ်မြေများနှင့် လွယ်မွေမြို့မဒေသများတွင် ၁၈၇၈ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်အာဏာသက်ရောက်ခဲ့ပါကြောင်း၊ ၁၈၉၅ ခုနှစ် ကချင်တောင်တန်းဒေသ မျိုးရိုးတူစုများဆိုင်ရာ စည်းမျဉ်းဥပဒေတွင် လားရှိုးခရိုင်၊ မြောက်သိန္နီနယ်နှင့် မိုးမိတ်နယ် ကိုးတောင်တောင်တန်း ဒေသများအတွင်း၌ နေထိုင်သည့် တောင်တန်းမျိုးရိုးတူစုများဖြစ်ကြသည့် ကချင်၊ ယောရင်၊ နုံ၊ မရူး၊ လရှီး၊ အဇီး၊ ချင်း(နာဂ)၊ ရှမ်းနှင့် ဂေါ်ရခါးစသည့် မျိုးနွယ်စုများအပေါ် အာဏာသက်ရောက်သည်ဟု ပါရှိပါကြောင်း။

၁၉၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ရှမ်းပြည်နယ်လက်နက်အမိန့်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ထိုအမိန့်အရ ၁၈၇၈ ခုနှစ် လက်နက်ဥပဒေ အာဏာသက်ရောက်ပြီးဖြစ်သော တောင်ကြီး၊ ကလော၊ လားရှိုး၊ သီပေါ၊ အောင်ပန်း၊ ညောင်ရွှေ၊ လွိုင်လင်၊ ကျောက်မဲ၊ ပင်လုံ၊ မိုးနဲနှင့် ကျိုင်းတုံ (၁၁)မြို့နယ်မှအပ ကျန်မြို့နယ် (၃၉) မြို့နယ်ကို အာဏာသက်ရောက်စေခဲ့ပါကြောင်း။

ထို့ကြောင့် ယင်း(၁၁)မြို့နယ် အတွင်းဖြစ်ပွားသော လက်နက်အမှုများနှင့် ပတ်သက်၍ ၁၈၇၈ ခုနှစ်  လက်နက်ဥပဒေအရ လည်းကောင်း၊ ကျန်မြို့နယ် (၃၉)မြို့နယ်တို့တွင် ဖြစ်ပွားသော လက်နက်အမှုများနှင့်ပတ်သက်၍  ရှမ်းလက်နက်ကိုင်အမိန့်ဖြင့်လည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် တစ်ဝန်းလုံးတွင် အစိုးရပိုင် (သို့မဟုတ်) ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသူပိုင် လက်နက်၊ ခဲယမ်းများကို ခိုးယူလျှင် (သို့မဟုတ်) ခိုးယူရန်ကြံစည်လျှင် (သို့မဟုတ်) ရောင်းချလျှင် ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ်ပြစ်ဒဏ်စီရင်မှု (ယာယီ) အက်ဥပဒေအရ လည်းကောင်း၊ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရန်အကြံဖြင့် သေနတ်ကြီးများ၊ ပေါက်ကွဲပစ္စည်းများနှင့် ကျည်များလက်ဝယ်ထားရှိလျှင် ၁၉၅၁ ခုနှစ် လက်နက်ယာယီပြင်ဆင်ချက် အက်ဥပဒေ အရလည်းကောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း။

သို့ပါ၍ မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသည့် လက်နက်နှင့် သက်ဆိုင်သော ဥပဒေများအား လက်ရှိအခြေအနေများနှင့် ကိုက်ညီမှုရှိသော်လည်း ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တပြေးညီအာဏာသက်ရောက်စေရန် လက်နက်ဥပဒေအသစ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရေးဆွဲလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

လှိုင်သာယာ မဲဆန္ဒနယ်မှ ဦးဝင်းမင်း၏ လှိုင်သာယာမြို့နယ်တွင် ရွှေလင်ဗန်း စက်မှုဇုန်နယ်မြေရဲစခန်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး  ဗိုလ်ချုပ်အောင်သူက လှိုင်သာယာမြို့နယ်တွင် ဖွဲ့စည်းပုံအရ ခွင့်ပြုပြီးဖြစ်သည့်  နယ်မြေရဲစခန်း(ကစင်)အား ရွှေလင်ပန်းစက်မှုဇုန် နယ်မြေရဲစခန်းအဖြစ် အမည်ပြောင်းလဲဖွင့်လှစ်နိုင်ရေးအတွက်  လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဖွင့်လှစ်ခွင့်ရရှိပါက  တပ်ဖွဲ့ပိုင်မြေအမည်ပေါက် ရရှိထားသော မြေဧရိယာ ၀ ဒသမ ၃၀၄ ဧကပေါ်တွင် နယ်မြေစခန်းရုံးနှင့်  ဝန်ထမ်းအိမ်ရာများအား အနီးဆုံး ဘဏ္ဍာရေးနှစ်တွင်  လျာထားတင်ပြ တောင်းခံသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ကလေး မဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး၏ ကလေးမြို့နယ်အတွင်းရှိ ပျက်စီးယိုယွင်းလျက်ရှိသော လယ်ယာချောင်းမြောင်းများအား မူလအနေအထား ပြန်လည်ရောက်ရှိရေးအတွက် နှစ်အပိုင်းအခြားတစ်ခုအတွင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က  ဆည်မြောင်းနှင့်  ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့်  ကလေးလွင်ပြင်ဒေသအတွင်းရှိ ရေပေးမြောင်း၊ ရေနုတ်မြောင်းများ သဲနုန်းတူးဖော်ခြင်း လုပ်ငန်းတို့ကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီးရန်ပုံငွေ ခွဲဝေရရှိမှု အခြေအနေအပေါ် မူတည်၍  ဦးစားပေးအလိုက် လျာထားသတ်မှတ် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသတွင်း ရေလျှံမှုများ လျော့နည်းသက်သာစေရန်အတွက် အဓိကရေနုတ်မြောင်းများဖြစ်သည့် ဆည်ကြီးချောင်းနှင့် ဇီးချောင်းတူးဖော်ခြင်း လုပ်ငန်းအပါအဝင် ကလေးလွင်ပြင်ဒေသအတွင်းရှိ လယ်ယာချောင်းမြောင်းများ မူလအနေအထားအတိုင်း ပြန်လည်ရောက်ရှိစေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကလေးခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဦးဆောင်စီမံကြီးကြပ်မှုဖြင့် ပတ်သက်ဆက်နွယ်သည့် ဌာနဆိုင်ရာများပူးပေါင်းပြီး ကွင်းဆင်းစူးစမ်းလေ့လာ ဆောင်ရွက်သွားမည့် အစီအစဉ်ရှိပါကြောင်း၊  ကွင်းဆင်းလေ့လာတွေ့ရှိရသည့်  ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများအပေါ်မူတည်၍ ဘဏ္ဍာရန်ပုံငွေကို အနီးဆုံး ဘဏ္ဍာရေးနှစ်တွင်တောင်းခံပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသည်။

စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်း၏ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ သောက်သုံးရေ ရရှိရေးတွက် မူးမြစ်အတွင်းစီးဝင်သော သိမ်ချောင်းမှ တစ်ဖက်ပိတ် ဆည်ပိတ်၍ ဆားတောင်မြို့သို့ စက်ဖြင့် သို့မဟုတ် လျှပ်စစ်သုံး၍ တင်ပို့နိုင်ရေး သက်ဆိုင်ရာမှ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦိးလှကျော်က ဆားတောင်မြို့ပြည်သူများ သောက်သုံးရေရရှိရေးလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို သိရပါကြောင်း၊ ဆားတောင်မြို့ သောက်သုံးရေရရှိရေးအတွက် မူးမြစ်အတွင်းစီးဝင်နေသည့် သိမ်ချောင်းကို တစ်ဖက်ပိတ်ဆည်ပိတ်ပြီး မြို့သို့ သောက်သုံးရေပေးပို့ရေးလုပ်ငန်းအတွက် စည်ပင်သာယာရေးရန်ပုံငွေတွင် မူလက ထည့်သွင်းလျာထားခဲ့ခြင်း မရှိသည်ကို သိရှိရပါကြောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဆားတောင်မြို့ ရေပေးဝေရေးလုပ်ငန်းတွင် မြို့၏ ဝင်ငွေအပေါ်တွင် ပြန်လည်သုံးစွဲပေးနိုင်မည့် လုပ်ငန်းများကို ခွဲဝေချထားဆောင်ရွက်ရာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၄ လက်မ PVC Pipe ၃၈၁ လုံးအတွက် ရန်ပုံငွေ ငွေကျပ် ၁၀ သန်း ခွင့်ပြုဆောင်ရွက်ခဲ့ပါကြောင်း။

ယခု ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင်လည်း ၄ လက်မ PVC Pipe ဝယ်ယူရေးအတွက်  ငွေကျပ် သန်း ၂၀ ထည့်သွင်းလျာထားပါကြောင်း၊ ယခု လုပ်ငန်းနှင့်ပတ်သက်၍ မိမိဝန်ကြီးဌာနအနေဖြင့် ဖြစ်မြောက်နိုင်စွမ်းရှိ၊ မရှိ အပေါ်တွင် ကွင်းဆင်းဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးရရှိမှုအပေါ်တွင် မူတည်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းဒေသကြီးရန်ပုံငွေတွင် လျာထားကြီးကြပ် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး  ဝန်ကြီးဌာနအနေဖြင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဝိုင်းမော် မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး၏ ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားကျေးရွာ၊ နောင်တာလောကျေးရွာ၊ မဒိန်ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်(၁/၂) တို့တွင် ပါဝင်သော လယ်ယာမြေများအား ပုံစံ(၇) ထုတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားကျေးရွာ။ နောင်တာလော ကျေးရွာ၊ မဒိန်ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက် (၁/၂) စုစုပေါင်း ရပ်ကွက်၊ ကျေးရွာအုပ်စု (၅)ခုကို ယနေ့အထိ တောင်သူပေါင်း ၂၂၁၅ ဦး၊  ဦးပိုင်ပေါင်း ၂၄၁၅၊ ဧရိယာပေါင်း ၉၃၀၈ ဧကကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)များ ထုတ်ပေးပြီးဖြစ်ပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးရန် ကျန်ရှိနေသည့် ဧရိယာသည် ၄၉၀၄ ဧကရှိသည့်အနက် ၄၈၆၀ ဧကကို စက်မှုဇုန်၊ အိမ်တွင်းမှုဇုန် မြေနေရာအဖြစ် အသုံးပြုဆောင်ရွက်ရန် ၂၀၁၃ ခုနှစ်မှစ၍ စီမံကိန်းနယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း။

အဆိုပါ စီမံကိန်းနယ်မြေအဖြစ် သတ်မှတ်ခဲ့သည့် ဧရိယာ ၄၈၆၀ အတွင်းတွင်ရှိသည့် တောင်သူများ၏ လယ်ယာမြေပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ယခင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၃ ခုနှစ်တွင် အမှန် တကယ်လိုအပ်နေသူများကို လယ်ယာမြေမှတ်ပုံတင်ပေးရန်မှတ်ချက်ပြု ညွှန်ကြားထားမှုများ ရှိသည့်အလျောက် တောင်သူပေါင်း ၂၂၉ ဦး၊ ဦးပိုင်ပေါင်း ၂၃၅၊ ဧရိယာ ဧက ၁၀၀၀ ကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ထုတ်ပေးပြီးဖြစ်ပါကြောင်း၊ စီမံကိန်းနယ်မြေအဖြစ် သတ်မှတ်ထားရှိသည့် ကျန်ရှိသည့် လယ်မြေများတွင် စီမံကိန်းနယ်မြေအဖြစ် ဆက်လက်တည်ရှိနေသည့်အတွက်  ပုံစံ(၇) ထုတ်ပေးရန် မသင့်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအမံကို တင်ပြအပ်ပါကြောင်း၊ စိစစ်ချက်အရ ကျန်ရှိနေသည့် အဆိုပါ ရပ်ကွက်၊ ကျေးရွာအုပ်စု (၅)အုပ်စုတွင်ရှိသည့် စီမံကိန်းနယ်မြေတွင် ပါဝင်မှုမရှိသည့် ပုံစံ(၇)ထုတ်ပေးရန်ကျန်သည့် ဧက ၄၀ ခန့်ရှိပါကြောင်း၊ သက်ဆိုင်ရာ တောင်သူများ ခရီးလွန်နေခြင်းနှင့် နယ်မြေဒေသအခြေအနေများကြောင့် လျှောက်ထားမှု ကျန်ရှိနေသေးသည့် ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများမှတစ်ဆင့် နှိုးဆော်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ စဉ့်ကူးမဲဆန္ဒနယ်မှ ဒေါက်တာဇော်ဝင်းမြင့်၏ ခေတ်စနစ် အချိန်ကာလ ရွေ့လျားတိုးတက်ပြောင်းလဲလာမှု ဖြစ်စဉ်တို့နှင့် ဆီလျော်မှုမရှိတော့သော ၁၈၇၈ ခုနှစ်၊ လက်နက်ဥပဒေအား မဖြစ်မနေပြင်ဆင်ခြင်း (သို့) ပယ်ဖျက်ခြင်းများပြုလုပ်၍ အသစ်ပြန်လည်ပြဋ္ဌာန်းရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူကလည်းကောင်း၊ မင်းဘူးမဲဆန္ဒနယ်မှ ဦိးဝင်းဝင်း၏ မင်းဘူး(စကု) မြို့နယ်၊ ပန်းတောင်းကျေးရွာ ဒေသခံပြည်သူများ ဓါးမဦးချလုပ်ကိုင်ခဲ့သော မြေများတွင် စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် ဒေသခံတောင်သူများ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိရေးနှင့် အကယ်၍ ဒေသခံမဟုတ်သူများမှ အလားတူလုပ်ကိုင်ခွင့် လျှောက်ထားမှုများ ပေါ်ပေါက်လာပါက ဒေသခံပြည်သူများအား ပွင့်လင်းစွာ ချပြအသိပေးကာ သဘောတူညီမှု ရယူပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက တင်သွင်းသည့် အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဇော်ဝင်းက ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် ၁၃၅ ချက်ကို အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ သဘောထားရယူပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ယင်းနောက် အဆိုပါ ဥပဒေကြမ်း၏ အပိုဒ် ၅၈ နှင့်စပ်လျဉ်း၍ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထင်လင်းဦးနှင့် ဥပဒေကြမ်းကော်မတီတို့က ပြင်ဆင်ချက်အဆိုများ တင်ပြကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ သဘောထားရယူပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အသေးစားငွေရေးကြေးရေးဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။ 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဖေဖော်ဝါရီ ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)