ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

နေပြည်တော်  ၁၂  နိုဝင်ဘာ 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရွေးကောက်တင်မြှောက်ခံရသူ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ၄ ဦးနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၈ ဦးတို့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ကြားဖြတ်ရွေးကောက်ပွဲ၌  အနိုင်ရရှိပြီး လွှတ်တော်ကိုယ် စားလှယ်များအဖြစ်ရွေးချယ်ခံခဲ့ရသည့် ကိုယ်စားလှယ်များကို ပြည်သူ့လွှတ်တော်မှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါကြောင်း၊  ယနေ့စတင်ကျင်းပသည့် ဒသမ ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးကြရမည့် ဥပဒေကြမ်းများအနေဖြင့်  ၂၃ ခုနှင့်  အဆို ၁၀ ခု ရှိပါကြောင်း၊ မေးခွန်းများအနေဖြင့် နဝမပုံမှန် အစည်းအဝေးမှ ဒသမပုံမှန် အစည်းအဝေးသို့ ပြောင်းရွှေ့ မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်း ၁၁၉ ခု အပါအဝင် အသင့်ဖြစ် ကြယ်ပွင့်ပြမေးခွန်း ၁၂၀  ရှိသည်ကို အသိပေးတင်ပြပါကြောင်း။

 

မိမိတို့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့်  လွှတ်တော်များရှင်သန်ရပ်တည်လာခဲ့သည်မှာ ဒုတိယသက်တမ်း၏ ဒသမအကြိမ်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါကြောင်း၊ ခိုင်မာအားကောင်းသည့် ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် ခေတ်စနစ်၏ လိုက်လျောညီထွေသည့် ဥပဒေများ ပြဋ္ဌာန်းပေးနိုင်ရမည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များ အနေဖြင့် ခေတ်သစ်၊ စနစ်သစ်နှင့် လိုက်လျောညီထွေသည့် တွေးခေါ်မှုများကို ပြောင်းလဲခံယူ ကျင့်သုံးနိုင် ကြရမည်ဖြစ်ပါကြောင်း၊  ယခုလက်ရှိ ဒီမိုကရေစီစနစ်ကို ပုံဖော်နေသည့် အချိန်ကာလတွင် ရှိသင့်ရှိထိုက်သည့် ဒီမိုကရေစီ စံချိန်စံညွှန်းများ ရောက်ရှိရန် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေးခွန်းများ၊ အဆိုများ ဆွေးနွေးကြသည့်အခါ အချင်းချင်း စိတ်ဝမ်းကွဲပြားစေမည့် အပြောအဆိုများ၊ အထင်အမြင် လွဲမှားစေမည့် အပြုအမူများကို သတိပြုရှောင်ရှားကြ စေလိုပါကြောင်း၊ ပါတီများအကြား မူဝါဒမတူ၊ အမြင်မတူသည်များ ရှိကြသော်လည်း မိမိတို့အားလုံးသည် အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး စည်းလုံးညီညွတ်စွာ ဆွေးနွေးဆုံးဖြတ်သွားကြရန် တိုက်တွန်းလိုပါကြောင်း။

 

ဥပဒေပြုရေးတာဝန်များ ထမ်းဆောင်ရန် မိမိတို့ကို ပြည်သူက ရွေးချယ်တာဝန်  ပေးလိုက်ခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်သည် မိမိတို့ ပြည်သူများအတွက် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသည့် ဥပဒေများနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နိုင်သည့်ဥပဒေများကို ပြဋ္ဌာန်းပေးကြရမည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး မဏ္ဍိုင်မှလည်း ဒီမိုကရေစီစနစ်နှင့်အညီ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲမှုများ အားသွန်ခွန်စိုက် ဆောင်ရွက်နေကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ရန်အတွက် ကြုံတွေ့နေရသည့် အဓိက စိန်ခေါ်မှုမှာ ပြည်တွင်း ငြိမ်းချမ်းရေးသာ ဖြစ်ပါကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိမှသာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည် ဖြစ်သည့် အတွက် အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ပြည်သူများနှင့်အတူ မိမိတို့ကျရာ အခန်းကဏ္ဍမှ ကျေပွန်စွာ ပါဝင်ဆောင်ရွက်ကြပါဟု ပြောကြားသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေးနှင့် ဒသမပုံမှန်အစည်းအဝေးကြားကာလအတွင်း၌ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဂျာမနီနိုင်ငံသို့ လေ့လာရေးသွားရောက်ခဲ့သည့် ခရီးစဉ်၊ ရန်ကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင် အင်ဒိုနီးရှား နိုင်ငံ Southeast Asia and Pacific Regional Conference on  International Humanitatian  Law(IHL) ညီလာခံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်၊  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပါမောက္ခ ဒေါက်တာ ဦးသန်းဝင်းဦးဆောင်၍  စမ်းချောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဆွစ်ဇာလန်နိုင်ငံ (၁၃၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်၊  ဝါးခယ်မ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သိန်း ခေါင်းဆောင်သော  မြန်မာကိုယ်စား လှယ်အဖွဲ့၏ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးသွား ရောက်ခဲ့သည့်ခရီးစဉ်၊ မင်းလှ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးသန်းအောင်စိုး  ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ စပိန်နိုင်ငံ The Global Parliamentary  Summit သို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊  လွိုင်ကော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူ၏ ထိုင်းနိုင်ငံ  Roundtable Discussion on Regional  Investment Framework for Migrant Health in the Greater Mekong Subregion သို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ် ဦးဆောင်၍ ဆွမ်ပရာဘွမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်  ဦးလုံဂျုံဆန်မိုင် ပါဝင်သော  မြန်မာကိုယ်စားလှယ်အဖွဲ့၏ ထိုင်းနိုင်ငံ  King Prajadhipok’s Institute (KPI) အဖွဲ့အစည်း၏ (၂၀) ကြိမ်မြောက် ကွန်ဂရက်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ် အောင် ဦးဆောင်၍  တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်း ပါဝင်သော မြန်မာကိုယ်စားလှယ် အဖွဲ့၏ ဂျပန်နိုင်ငံ 14th Study  Tour in Japan on Law/Judicial Co-creation Program သို့ သွားရောက်သည့် ခရီးစဉ်များနှင့် စပ်လျဉ်း၍  ဆောင်ရွက်ချက်များအား ပြည်သူ့လွှတ်တော်သို့ အသိပေးတင်ပြပြီး မှတ်တမ်းတင်သည်။

 

 

ထို့နောက် မုံရွာ မဲဆန္ဒနယ်မှ ဦးညွန့်အောင်၏ မုံရွာမြို့ လယ်တီရပ်ကွက် စည်ပင်ဝင်းအတွင်း မြေအငှားချထားသော ပုဂ္ဂလိကပိုင် ကွန်ကရစ်ဖျော်စက်အား အငှားချ ထားပေးခြင်းမှ ရပ်စဲရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက မုံရွာမြို့လယ်တီရပ်ကွက် စည်ပင်ပိုင်ဝင်းမြေအတွင်းရှိ ပုဂ္ဂလိကပိုင် ကွန်ကရစ်ဖျော်စက်သည် စာချုပ်ချုပ်ဆို အငှားချထားခဲ့ခြင်းဖြစ်ပြီး စာချုပ်သက်တမ်း မှာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁ ရက် မှ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၁ ရက်အထိ ၃ နှစ်ဖြစ်ပါကြောင်း၊ ယခုအခါ စာချုပ်သက်တမ်းပြည့်ပြီဖြစ်သောကြောင့် ဆက်လက် ငှားရမ်းခြင်းအား ရပ်နားပြီးဖြစ်ပါကြောင်း၊ ပုဂ္ဂလိကပိုင် ကွန်ကရစ်ဖျော် စက်အား စာချုပ် ချုပ်ဆို ငှားရမ်းခဲ့သည့် မိုးမြင့်အာကာကုမ္ပဏီသို့ အဆောက်အဦနှင့် စက်ပစ္စည်းများ ဖြုတ်သိမ်းပြောင်းရွှေ့ရန် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အကြောင်းကြား ထားပြီးဖြစ်ပါကြောင်းနှင့် ၂၀၁၉ ဧပြီလအတွင်း အပြီးပြောင်းရွှေ့မည်ဖြစ်ကြောင်း  ရှင်းလင်းဖြေကြားသည်။

 

လှိုင်သာယာ မဲဆန္ဒနယ်မှ ဦးဝင်းမင်း၏ လှိုင်သာယာမြို့နယ် ထိန်ပင်နောက်ဆုံး  စွန့်ပစ်အမှိုက်ပုံမှ အမှိုက်များအား မီးရှို့ရှင်းလင်း၍ လျှပ်စစ်ဓာတ်အားထုတ်ယူခြင်း၊ စနစ်တကျ အမှိုက်များသိမ်းယူခြင်း၊ အမှိုက်စုပုံခြင်းများကို စီမံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ၌ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကြီး ၂ ခုဖြစ်သော ထိန်ပင်နှင့်  ထားဝယ်ချောင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံတို့တွင် စွန့်ပစ်အမှိုက်များမှ စွမ်းအင်ထုတ်လုပ်ခြင်း (Waste to Energy) နည်းစဉ်ဖြစ်သည့် အမှိုက်မီးရှို့ခြင်း (Incineration Plant) နှင့်အမှိုက်တစ်လွှာမြေကြီး တစ်လွှာဖုံးအုပ်သည့်စနစ် (Sanitary Landfill) တို့အား အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက်  တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီ ၂ ခုမှ  တင်ဒါအောင်မြင် ခဲ့ပါကြောင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၂ ခုမှ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် လျှပ်စစ်တစ်ယူနစ်ရောင်းချဈေးနှုန်း PPA(Power Purchase Agreement) တို့ ညှိနှိုင်းရာတွင် သဘောတူညီချက်မရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိဘဲ တင်ဒါလုပ်ငန်းစဉ်အား ပယ်ဖျက်ခဲ့ရပါကြောင်း။

 

ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ၌ တန် ၁၀ဝ၀ အား အမှိုက်ခွဲခြားခြင်း၊ သဘာဝ မြေဆွေးပြုလုပ်ခြင်း၊ Recycle အမှိုက်များ ပြန်လည်ပြုပြင်သန့်စင်ခြင်း၊ အမှိုက်မှ အပူနှင့် စွမ်းအင်ထုတ်လုပ်ခြင်း၊ စွမ်းအားဖြည့် Refuse Derived Fuel(RDF) လောင်စာထုတ်လုပ်ခြင်းလုပ်ငန်း၊ အမှိုက်မှ Anaerobic Gigestion နည်းစဉ်အသုံးပြု၍ CNG၊ CO ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်တို့ဖြင့် အကောင်အထည်ဖော်နိုင်ရန်အတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်  City to City  အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်း၊ Joint Venture ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ Government to Government  အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်း၊ ODA ချေးငွေရယူ၍ ဆောင်ရွက်ခြင်း၊ စွမ်းအားဖြည့် လောင်စာတောင့်များ ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်တို့ကို လည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိမြို့တော်နှင့် သင့်လျော်သော နည်းလမ်းကို အချိန်တိုအတွင်း အမြန်ဆုံးအကောင်အထည်ဖော်နိုင်အတွက် ရွေးချယ်ဆောင် ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ပုသိမ်ကြီး မဲဆန္ဒနယ်မှ  ဦးသောင်းဌေးလင်း၏ ပုသိမ်ကြီးမြို့နယ် မင်းဂံကျေးရွာအုပ်စု၊ တောင်စုကျေးရွာ သဘာဝစိမ့်စမ်း ရေထိန်းတောအား နိုင်ငံတော်မှ နယ်နိမိတ် ဧရိယာသတ်မှတ်၍ ကျေးရွာပိုင် ရေထိန်းတောအဖြစ် ထိန်းသိမ်းကာကွယ် စောင့် ရှောက်ပေးနိုင်ခြင်းရှိ၊ မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍  သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက သစ်တောဦးစီး ဌာနသည် ရေဝေရေလဲနှင့် ရေဦးရေထွက်ဧရိယာများကို ထိန်းသိမ်းစောင့်ရှောက် လျက်ရှိပြီး ပုသိမ်ကြီးမြို့နယ်အတွင်း ရေဝေရေလဲဧရိယာများ ထိန်းသိမ်းခြင်း၊ ကျေးရွာများမှ ထိန်းသိမ်း စောင့်ရှောက်ထားသည့် ရေထိန်းတောများကို သစ်တောနယ်မြေ အတွင်းဖြစ်ပါက ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခွင့်ပြုခြင်း၊ သစ်တောနယ်မြေ ပြင်ပဖြစ်ပါက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သစ်တောနယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါကြောင်း။

 

သဘာဝစိမ့်စမ်းရေထိန်းတောသည် သစ်တောနယ်မြေပြင်ပတွင် တည်ရှိနေခြင်းကြောင့် သစ်ပင်များခုတ်လှဲခြင်း၊  စိုက်ပျိုးမြေများချဲ့ထွင်လာခြင်း၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်လျှောက်ထားခြင်း၊ ကျူးကျော် အဆောက်အဦများ ဆောက်လုပ် ခြင်းတို့ကို သစ်တောဥပဒေအရ ထိရောက်စွာ အရေးယူရန် အခက်အခဲများစွာရှိပါ ကြောင်း၊ သဘာဝစိမ့်စမ်းရေထိန်းတောအား ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ် ကြေညာနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ဒေသခံကျေးလက်ပြည်သူများ ပူးပေါင်းဆောင်ရွက် သင့်ပါကြောင်း၊ သစ်တောနယ်မြေအဖြစ် ဆောင်ရွက်ပြီးပါက ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းအဖြစ် တောစုကျေးရွာ ဒေသခံများကို သဘာဝတော ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းအား လုပ်ကိုင် ဆောင်ရွက်ခွင့် ခွင့်ပြုသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ ကျေးသီး မဲဆန္ဒနယ်မှ ဦးစိုင်းအောင်ကျော်၊ ကျောက်ဖြူ မဲဆန္ဒနယ် မှ  ဦးဘရှိန်၊ တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ဦးအေးနိုင်တို့၏ ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ရှင်းလင်းဖြေ ကြားသည်။

 

ယင်းနောက် မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက  အမျိုးသား အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုနိုင်သေးမီ စပ်ကြားကာလတွင်  နိုင်ငံတော် တစ်ဝန်းလုံးရှိ ရပ်ကွက်နှင့် ကျေးရွာများအားလုံး တစ်ပြေးညီသန့်ရှင်းသပ်ရပ် သာယာလှပစေရန် စနစ်တကျ အမှိုက်သိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ် များအတွက် လုံလောက်မျှတစေမည့် အမှိုက်စုပုံကွင်းနှင့် အမှိုက်စွန့်ပစ်ကျင်းများ တိကျစွာ သတ်မှတ်ဖော်ဆောင် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ ဦးစားပေးလုပ်ငန်းလမ်းညွှန်ချက်တစ်ရပ်အဖြစ် သတ်မှတ်ညွှန်ကြားပေးပါရန် ပြည် ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းသည်။  အဆိုရှင်က အဆို၏ ရည်ရွယ်ချက်မှာ ကျန်းမာရေးနှင့် ညီညွတ်သော သန့်ရှင်းသပ်ရပ်သာယာလှပသည့် လူမှုပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရန်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရာတွင် အထောက်အကူပြုနိုင်ရန်၊ ကျေးလက်နှင့် မြို့ပြအဆင့်အတန်း ကွာဟချက်နည်းပါး လာစေရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများအပေါ် ကူညီထောက်ပံ့ ပေးနိုင်ရန် တို့ဖြစ်ပါကြောင်း။

 

မိမိတို့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးလမ်းကြောင်းတွင် တိုးတက်ပြောင်းလဲဖြစ် ပေါ်လာသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်အသီးသီးတို့၌ စိန်ခေါ်မှုများစွာ နှင့် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊  ကျေးလက်နှင့် မြို့ပြလူနေထိုင်မှုပုံစံများ တိုးတက် ပြောင်းလဲလာခြင်း၊ စက်ရုံနှင့် အလုပ်ရုံများပေါများလာခြင်း၊ လူမှုစီးပွားပတ်ဝန်းကျင် နယ်ပယ်အသီးသီးတို့မှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်စီမံခန့်ခွဲရသည့် လုပ်ငန်းများမှာ အလွန်ကြီးမားလှသည့် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေပါကြောင်း၊  ကမ္ဘာ့ နိုင်ငံအသီးသီးတွင်လည်း စွန့်ပစ်ပစ္စည်းဖြစ်သည့် အမှိုက်ပြဿနာကို ရင်ဆိုင်ဖြေ ရှင်းနေကြရပါကြောင်း။

 

ကမ္ဘာ့နိုင်ငံအသီးသီးတွင်  စွန့်ပစ်ပစ္စည်းများဖြစ်သည့် အမှိုက်သရိုက်များကို နည်းမျိုးစုံဖြင့် ရင်ဆိုင်ကျော်လွှား နေကြရပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မြစ်ချောင်း များမှတစ်ဆင့်  ပင်လယ်ကမ်းခြေဒေသများတွင် ပင်လယ်သမုဒ္ဒရာ ရပ်ဝန်းဒေသများ အတွင်းသို့ ရောက်ရှိသွားသော အမှိုက်များကိုလည်း  ခေတ်မီနည်းစနစ် အမျိုးမျိုးဖြင့် ရှင်းလင်းဆောင်ရွက်နေကြရပါကြောင်း၊ လူဦးရေတိုးတက်များပြားလာသည်နှင့်အမျှ လူသားတို့၏ ပယောဂလုပ်ဆောင်ချက်အမျိုးမျိုးတို့ကြောင့်  သဘာဝပတ်ဝန်းကျင်နှင့်  လူမှုဝန်းကျင်များညစ်ညမ်းမှု ပိုမိုဖြစ်ပေါ်လာရပါကြောင်း၊ စွန့်ပစ်ပစ္စည်းများအားလုံးသည် လေထု၊ မြေထုနှင့် ရေထုတို့၏ ပင်ကိုယ်အစွမ်းသတ္တိများကို  ဆုတ်ယုတ်ကျဆင်းစေပြီး လူသားထုတစ်ရပ်လုံး၏ ကျန်းမာရေးလူမှုရေးဆိုင်ရာ ကဏ္ဍများကိုပါ ထိပါးခြိမ်းခြောက် လာနိုင်ပါကြောင်း၊  မိမိတို့၏ မျှော်မှန်းချက်ဖြစ်သော ရေရှည်တည်တံ့၍ စိမ်းလန်းစိုပြေ ပြီး သန့်ရှင်း၍ ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်မှ တောက်ပသော အနာဂတ်မြန်မာနိုင်ငံတော်ကြီးဆီသို့ အလျှင်အမြန်ရောက်ရှိနိုင်ရန်အတွက် နိုင်ငံသား တိုင်းက အမျိုးသားတာဝန်တစ်ရပ်အနေဖြင့် လိုက်ပါဖေော််ဆာင်ကျင့်သုံးသွားကြရန် လိုအပ်လှပါကြောင်း ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍  ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်မှပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာ့သတ္တုတွင်းနည်းဥပဒေများကို  လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ အသိပေး တင်ပြသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို နိုဝင်ဘာ ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)