ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ ကျင်းပ

နေပြည်တော်   ၅   စက်တင်ဘာ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ယနေ့အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် မေးခွန်းခြောက်ခု မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာတစ်ခုတင်ပြခြင်း၊ ဥပဒေကြမ်းတစ်ခု လက်ခံရရှိကြောင်း တင်ပြခြင်း၊ ဥပဒေကြမ်းတစ်ခုလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် အဆိုတစ်ခုဆွေးနွေးခြင်းနှင့် အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

မေးခွန်းများ မေးမြန်းဖြေကြားကြရာတွင် ကံမမဲဆန္ဒနယ်မှ ဦးစိန်ဟန်၏ ကံမမြို့နယ်မြို့နယ် သမဝါယမအသင်း လီမိတက်သည် နိုင်ငံတော်မှ ချေးပေးသော သမဝါယမအသင်း ငွေချေးလုပ်ငန်းအပြင် ဥပဒေ၊ နည်းဥပဒေများနှင့် မညီသောဆိုင်ခန်း၊ အိမ်ခန်းငှားစားနေခြင်းကို ကွင်းဆင်းစစ်ဆေးရန်နှင့် ဥပဒေနှင့် မညီညွတ်ပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မကွေးတိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနအနေဖြင့် သမဝါယမအသင်းပိုင် မြေ၊ အဆောက်အဦများအား ပုဂ္ဂလိကလုပ်ငန်းရှင်းများနှင့် အကျိုးတူငှားရမ်းခြင်း၊ လူနေထိုင်ရန်အခန်းများ ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ရာတွင် သမဝါယမ ပုံရိပ်ကျဆင်းစေသည့် အဖြစ်မျိုးမှ ရှောင်ကြဉ်နိုင်စေရန်၊ သမဝါယမ ဥပဓိရုပ်ကောင်းမွန်စေရန်၊ ငှားရမ်းသည့် အခန်းများတွင် ဥပဒေနှင့် မလွတ်ကင်းသော ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန်၊ အရက်သေစာ ရောင်းချသည့် လုပ်ငန်းရှင်များကို လုံးဝငှားရမ်းခြင်းမပြုရန်နှင့် ရောင်းချမှုမရှိစေရေး မြို့နယ်သမဝါယမဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ကံမမြို့နယ် သမဝါယမဦးစီးဌာနမှလည်း ဥပဒေနှင့် မကိုက်ညီသော၊ ခွင့်မပြုသောပစ္စည်းများ ရောင်းချခြင်း မပြုရန်နှင့် အရက်သေစာများ ရောင်းချခြင်းမပြုရန် ငှားရမ်းသူများထံမှ ဝန်ခံကတိ ရယူဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း။

 

ကံမမြို့နယ် သမဝါယမအသင်းစု လီမိတက်အနေဖြင့် China Exim Bank ချေးငွေများအား ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ (၆)လတစ်ကြိမ် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိပြီး အသင်းစုပိုင်မြေနှင့် အဆောက်အဦများ ငှားရမ်းမှုတွင် သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသော လုပ်ဆောင်မှုများ မရှိပါကြောင်းနှင့် လိုက်နာမှုမရှိပါက တည်ဆဲ သမဝါယမဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်၏ ကျောက်ဖြူမြို့၊ ဦးပိုင်အမှတ် (၁၁၈/ခ)မြေကွက်သည် မြို့နယ်မြေစာရင်းဌာနတွင် မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည် မြေပုံမိတ္တူများကို ရရှိနိုင်ရန်လျှောက်ထားသည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနက မိတ္တူထုတ်ပေးရန် တာဝန်ရှိသော်လည်း မည်သည့်အတွက် လိုက်နာခြင်း မပြုသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ကျောက်ဖြူမြို့ အလယ်ပိုင်းရပ်ကွက် အကွက်အမှတ်(၂-င)၊ အနောက်ပိုင်းအကွက်၊ ဦးပိုင်အမှတ်(၁၁၈/ခ)၊ ဧရိယာ သုည ဒသမ ဝ၉၈ ဧကသည် ဦးသန်းမြင့် အမည်ပေါက် ဘိုးဘွားပိုင်မြေဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း၊ ယင်းမြေကွက်နှင့်ပတ်သက်၍ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများ၌ သက်ဆိုင်ရာ မှတ်ပုံတင်စာအုပ်များဖြင့် နည်းလမ်းတကျ မှတ်တမ်းတင်ထားရှိပါကြောင်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနက ထိန်းသိမ်းထားသည့် မှတ်တမ်းများနှင့် ပတ်သက်၍ မိတ္တူရေးကူးခွင့်၊ ကြည့်ရှုစစ်ဆေးခွင့်၊ တရားရုံးသက်သေခံခွင့် စသည့်ကိစ္စရပ်များကို တည်ဆဲမြန်မာနိုင်ငံ မြေစာရင်း လက်စွဲဥပဒေအတိုင်း ဆောင်ရွက်ရပါကြောင်း၊ ထို့ကြောင့် အမည်ပေါက်သူ ကာယကံရှင် သို့မဟုတ် တရားဝင်သက်ဆိုင်သူများ သို့မဟုတ် တရားဝင်ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူမှ လျှောက်ထားရန် လိုအပ်ပါကြောင်း။

 

မြေပုံမိတ္တူ ရေးကူးရန်ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမြေစာရင်းလက်စွဲ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အမည်ပေါက်သူ ကာယကံရှင် သို့မဟုတ် တရားဝင် သက်ဆိုင်သူများ သို့မဟုတ် တရားဝင် ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူမှ လျှောက်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် အများပြည်သူအကျိုးငှာ မြေပုံမိတ္တူ ရေးကူးခွင့်အား မြေစာရင်းလက်စွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လျှောက်ထားလာပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ရေးကူးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ထို့အတူ မိုးနဲမဲဆန္ဒနယ်မှ ဦးစိုင်းစန်သိန်း၏ မိုးနဲမြို့နယ်အတွင်းရှိ နမ့်တွန်ချောင်း၊ နမ့်စလိုင်ချောင်း၊ နောင်အွန်ချောင်း၊ နောင်ကျော့အင်းနှင့် လွိုင်စယ်အင်းများအား အချိန်မီ ချဲ့ထွင်တူးဖော် ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း၊ တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း၏ တမူးမြို့နယ်၊ အင်ဒိုင်းအုပ်စု၊ ရန်ငြိမ်းအောင်ကျေးရွာနေ ပြည်သူများအတွက် လယ်ယာမြေ ဖော်ထုတ်လုပ်ကိုင်ခွင့် ရရှိရန် စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၏ ခရိုင် (သို့မဟုတ်) မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အဆောက်အဦနှင့် ခရိုင် (သို့မဟုတ်) မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အဆောက်အဦတို့ကို ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းတို့အပေါ် ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင်ဒေါ်သန္တာက လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

 

ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော “မြန်မာ့ပုလဲလုပ်ငန်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော “စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍  လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကအတည်ပြုကြောင်း ဆုံးဖြတ်သည်။

 

ထို့နောက်  ဆိပ်ကမ်း မဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်းက တင်သွင်းသည့် “ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေး ဝမ်းကျောင်းပညာရေးနှင့် သင်တန်း (Technical and Vocational Education and Training (TVET)ကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စက်မှုလက်မှုအထက်တန်းကျောင်း (Technical High School)၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (Government Technical Institute)၊ နည်းပညာတက္ကသိုလ် (Technical University)တို့ကို တိုးချဲ့ဖွင့်လှစ်သင်ကြားနေရာ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်နေသော ကျွမ်းကျင်လုပ်သားများ (Skilled Workers)၊ ကျွမ်းကျင်ပညာရှင်များ (Technicians)၊ အင်ဂျင်နီယာပညာရှင်များ (Engineers) တို့၏ လိုအပ်သော အရေအတွက်ကို သုတေသနပြုလုပ်ပြီးမှသာလျှင် သင့်လျော်သောမူဝါဒနှင့် နည်းဗျူဟာ (Appropriate Policy and Strategy)များ ချမှတ်ရေးဆွဲ၍ ဆောင်ရွက်သင့်ပါကြောင်းကို ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော် သို့တင်သွင်းသည်။

 

အဆိုနှင့်စပ်လျဉ်း၍ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က ယနေ့ခေတ် နိုင်ငံအချို့၏ ပညာရေးကဏ္ဍတွင် အသက်မွေးဝမ်းကျောင်းပညာကို အခြေခံပညာရေးနှင့် ဆက်စပ်သင်ကြားပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ခေတ်သစ်အသက်မွေးဝမ်းကြောင်း၊ ပညာကျောင်းများသည် လူသားအရင်းမြစ်၏ အရည်အသွေးကို ခေတ်စနစ်နှင့်လျော်ညီအောင် သင်ကြားပေးနိုင်ရမည် ဖြစ်သည့်အပြင် အစိုးရ မူဝါဒများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်ပညာရှင်များကို ဟန်ချက်ညီညီဖြင့် မွေးထုတ်ပေးရမည် ဖြစ်ပါကြောင်း၊ နည်းပညာရှင် မွေးထုတ်မှုတွင် တစ်နှစ်လျှင် အိန္ဒိယနိုင်ငံက ၁၃၅၀ဝဝ၊ စင်ကာပူ နိုင်ငံက ၇၀ဝဝဝ ရှိပြီး မြန်မာနိုင်ငံက ၁၀ဝဝဝ ခန့်သာ ဖြစ်ပါကြောင်း၊ တက္ကသိုလ် ပညာသင်ကြားရန် အစိုးရ၊ ကျောင်းသားမိဘများက ငွေကြေးကျခံရပြီး ကျောင်းသားအနေဖြင့်လည်း အချိန်နှင့် အားစိုက်ထုတ်ရပါကြောင်း၊ ကျောင်းပြီး၍ သင်ကြားထားသည့်ပညာဖြင့် လုပ်ကိုင်ခွင့်မရလျှင် အားလုံးအတွက် ဆုံးရှုံးမှုကြီးဖြစ်ပါကြောင်း၊ တတ်မြောက်ထားသည့် ပညာရပ်ကို အသုံးချခွင့်မရဘဲ တိုင်းပြည်တွင် အလုပ်လက်မဲ့ များနေလျှင် နိုင်ငံတော်မူဝါဒ တစ်ခုခု လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ တတ်မြောက်ထားသည့် ပညာဖြင့် လူမှန်၊ နေရာမှန် ဆောင်ရွက်နိုင်ပါမှ တိုးတက်အောင်မြင်မည် ဖြစ်ပါကြောင်း၊ ယခုအဆိုတွင်လည်း ကျွမ်းကျင်ပညာရှင်များ လိုအပ်သည့် အရေအတွက်ကို သုတေသနပြုလုပ်ပြီးမှသာ သင့်လျော်သော မူဝါဒနှင့် နည်းဗျူဟာ ချမှတ်ရေးဆွဲ၍ ဆောင်ရွက်သင့်ကြောင်းကို တိုက်တွန်းထားသည်ဖြစ်၍ အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်က လက်ရှိကာလတွင် နည်းပညာဝန်ကြီးဌာနကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းလိုက်ပါကြောင်း၊ သို့သော်လည်း နည်းပညာကဏ္ဍအတွက်နှင့် ဒုတိယဝန်ကြီး ခန့်အပ်ထားမှု မရှိသည်ကို တွေ့ရပါကြောင်း၊ အဆိုရှင်တင်ပြသည့် နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မူဝါဒနှင့် နည်းဗျူဟာများ ချမှတ်ခြင်း၊ သုတေသနပြုခြင်း လုပ်ငန်းများကို ဆောင်ရွက်သင့်ပါကြောင်း၊ တစ်ဖက်တွင်လည်း နည်းပညာရပ်များကို ပိုမိုအလေးထား ဆောင်ရွက်လာနိုင်ရန် တွန်းအားတစ်ရပ် ထားရှိသင့်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာနှင့်ဆိုင်သည့် ကဏ္ဍများကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီး(နည်းပညာ)တစ်ဦး ခန့်ထားပြီး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို ဆောင်ရွက်မည်ဆိုပါက ပိုမိုအဆင်ပြေမည်ဟု အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။

 

ထို့အတူ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်၊ သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သက်သက်ခိုင်၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၊ ချမ်းအေးသာစံမဲဆန္ဒနယ်မှ ဦးမျိုးနိုင်နှင့် ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး (ခ) ဦးအတွတ် တို့ကလည်း ဆွေးနွေးကြသည်။

 

အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းပြည်အတွက် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်ပညာရှင်များ၊ အင်ဂျင်နီယာ ပညာရှင်များ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ရာတွင် သုတေသနများ ပြုလုပ်ဆောင်ရွက်ပြီးမှ ချမှတ်ရေးဆွဲခဲ့သည့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အရ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အလုပ်အကိုင် အခွင့်အလမ်းရရှိမှု၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမအင်အား၊ သင်ထောက်ကူပစ္စည်း၊ လက်တွေ့ခန်းသုံးပစ္စည်းများနှင့် Infrastructure စသည့် လိုအပ်ချက်များအား ဘဏ္ဍာရေးနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး (Technical and Vocational Education and Training- TVET) အတွက် သင်ယူနိုင်သော အခွင့်အလမ်းများ တိုးချဲ့ဆောင်ရွက်ခြင်းများကိုလည်း အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(NESP) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်ဂျင်နီယာပညာရေးအတွက် နည်းပညာတက္ကသိုလ်များကို အဆင့်မြင့်ပညာ ဦးစီးဌာနအောက်တွင် ထားရှိပြီးဖြစ်ပါကြောင်း၊ ထို့အပြင် နည်းပညာနှင့် သက်မွေးပညာဦးစီးဌာန ဖွဲ့စည်းပြီး သုတေသနလုပ်ငန်းများ စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယခုအဆိုတွင် ပါရှိသည့် အကြောင်းအရာများ အားလုံးကို ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ အဆို၏ အဓိပ္ပါယ်သည် နည်းပညာနှင့် သက်မွေးပညာဆောင်ရွက်ချက်များကို ယခုထက် ပိုမိုတိုးတက်ဆောင်ရွက်နိုင်စေရန်နှင့် နိ်ုင်ငံအတွက် လိုအပ်နေသော ဘက်ပေါင်းစုံ သက်မွေးပညာရပ်များကို တိုးချဲ့ဆောင်ရွက်ရန်အတွက် တိုက်တွန်းသည့် အဆိုဖြစ်ခြင်းကြောင်း အဆိုကိုလက်ခံပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို စက်တင်ဘာ ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမြင့်၊ ဟန်လင်းနိုင်