ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ကျင်းပ

နေပြည်တော်   ၄  စက်တင်ဘာ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး ပေးပို့တင်ပြထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်းသည့် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို အတည်ပြုခဲ့သည်။

 

ယင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက မိမိတို့ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ အပေါ်တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အရ ဆောင်ရွက်သွားခြင်း ဖြစ်သည့်အတွက် မိမိတို့ ကော်မတီအနေဖြင့် ယင်းအပေါ်တွင် သုံးသပ်ရှင်းလင်း ဆွေးနွေးတင်ပြရန် မရှိပါကြောင်း၊ အစီရင်ခံစာ တင်သွင်းခဲ့စဉ်ကပင် ပူးပေါင်းကော်မတီဝင် အချို့၏ သဘောထားမှတ်ချက်နှင့် ပူးပေါင်းကော်မတီဝင် အများစု၏ သဘောထားမှတ်ချက်ကိုလည်း အတိအလင်း ဖော်ပြထားပြီး ဖြစ်သည့်အတွက် စိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က အတည်ပြု အဆုံးအဖြတ် ပြုပေးနိုင်ပါရန် လေးစားစွာ အဆိုတင်သွင်းအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အထက်ပါ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် ၃၃ ဦးက ဆွေးနွေးခဲ့ရာတွင် တစ်ဦးချင်းအလိုက် အမျိုးမျိုးသော ကိုးကားချက်၊ တင်ပြချက်၊ အကြံပြုချက်၊ ထင်မြင်ယူဆချက်များကို အသုံးအနှုန်းမျိုးစုံဖြင့် ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းက မိမိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အသုံးပြု ဆွေးနွေးခဲ့ကြသကဲ့သို့ လွှတ်တော်နာယက တစ်ဦးအနေဖြင့်လည်း ပေးအပ်ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အသုံးပြုပြီး လွှတ်တော်၏ လုပ်ငန်းတာဝန်တစ်ခုချင်းစီကို အတတ်နိုင်ဆုံး ပြီးဆုံးကျေပွန်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ညီခြင်း၊ မညီခြင်း၊ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းများသည် နာယကတစ်ဦး၏ ဆောင်ရွက်ချက်မဟုတ်ဘဲ လွှတ်တော်၏ အဆုံးအဖြတ်သာ ဖြစ်သည်ကို အသိပေးလိုပါကြောင်း၊

 

လွှတ်တော်အစည်းအဝေးများတွင် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁ ပါပြဋ္ဌာန်းချက်များတွင် အကြောင်းအရာနှင့် လုပ်ငန်းစဉ်အပေါ် မူတည်၍ ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ အဆုံးအဖြတ် ရယူခြင်းဆိုသည့် သတ်မှတ်ချက်များကို တွေ့ရှိနိုင်ပါကြောင်း၊ လွှတ်တော်၏ အဆုံး အဖြတ်ရယူမည့်ကိစ္စရပ်များ၊ သဘောတူ အတည်ပြုချက် ရယူရမည့် ကိစ္စရပ်များ၊ မဲခွဲဆုံးဖြတ်ခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၂ နှင့် ၂၃ တွင် သတ်မှတ်ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ ယင်းတို့သည် လွှတ်တော်၏ လုပ်ထုံးလုပ်နည်း တစ်နည်းအားဖြင့် ပါတီစုံဒီမိုကရေစီ၏ အခြေခံ သဘောတရားများပါဝင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်သည်ကို လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သတိချပ်ကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ ပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ကို စက်ခလုတ်အသုံးပြုသည့် နည်းလမ်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထောက်ခံဆန္ဒမဲများပါက ယင်းအစီရင်ခံစာကို လွှတ်တော်က သဘောတူအတည်ပြုမည်ဖြစ်ပြီး ကန့်ကွက်ဆန္ဒမဲများပါက အတည်မပြုကြောင်း ကြေညာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါ ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို အတည်ပြုရန် စက်ခလုတ် အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ ထောက်ခံမဲ ၃၇၆ မဲ၊ ကန့်ကွက်မဲ ၂၀၃ မဲ၊ ကြားနေမဲ ၄မဲ ဖြစ်ပြီးထောက်ခံ မဲများသည့်အတွက် သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်လမ်းများ ဆက်သွယ်ရေး စီမံကိန်းဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထံမှ အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၂၀ သန်းချေး ငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က  ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

ဒုတိယဝန်ကြီး ဦးကျော်လင်းက မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေး နိုင်ငံဖြစ်သည့်အတွက် နိုင်ငံ၏ GDP ကို အဓိက အထောက်အပံ့ပြုမည့် ဆန်၊ စပါး၊ လယ်ယာထွက်ကုန်များအတွက် သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေမည့် ကျေးလက်လမ်းများအား ဦးစားပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၃၀ ခုနှစ်တွင် ကျေးလက်လမ်းအားလုံး၏ (၈၀)ရာခိုင်နှုန်းသည် ရာသီမရွေး သွားလာနိုင်သည့် လမ်းများအဖြစ် မဟာဗျူဟာချမှတ်ခဲ့ပါကြောင်း၊ မဟာဗျူဟာအတိုင်း အကောင်အထည်ဖော်ရန်အတွက် ADB အနေဖြင့် ယခုအချိန်ကစ၍ ကျေးလက်လမ်းများ ဆောင်ရွက်ရန် ချေးငွေစတင်ပေးခြင်း ဖြစ်ပါကြောင်း၊ ဒီဇင်ဘာလမတိုင်မီ စာချုပ်ချုပ်ဆိုနိုင်ပါက Grant အနေဖြင့် အမေရိကန်ဒေါ်လာ (၅ ဒသမ ၈) သန်းရရှိမည်ဖြစ်ပြီး ချေးငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာ (၄၅ ဒသမ ၄)သန်းသို့ လျော့ကျသွားမည် ဖြစ်ပါကြောင်း။

 

ယခုရယူမည့် ချေးငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်မည်ဖြစ်ပြီး နောင်နှစ်များတွင် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တစ်နှစ်ထက်တစ်နှစ်တိုး၍ ADB က ထောက်ပံ့သွားမည် ဖြစ်ပါကြောင်း၊ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ကျေးလက်လမ်း (၈၀)ရာခိုင်နှုန်းကို ရာသီမရွေးသွားလာနိုင်သည့် လမ်းများဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ (၅၁ ဒသမ ၂၀)သန်း ချေးငွေ ရယူနိုင်ရေးကိစ္စအား ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ 

 

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ချေးငွေရယူရန်ကိစ္စကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးပါက ချေးငွေစာချုပ် ချုပ်ဆိုနိုင်ရန် လုပ်ငန်းစဉ်များအတိုင်း ဆောလျင်စွာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့်  မိမိတို့ တင်ပြထားသည့် အတိုင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ မကုန်မီ ချေးငွေစာချုပ်ချုပ်ဆိုနိုင်ပါက ချေးငွေ အမေရိကန် ဒေါ်လာ ၅၁ ဒသမ ၂ သန်းအနက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ သန်းကို ပြန်လည်ပေးဆပ်ရန် မလိုသော ထောက်ပံ့ငွေအဖြစ် ရရှိနိုင်မည်ဖြစ်ရာ ဒီဇင်ဘာလ မကုန်မီ ချုပ်ဆိုနိုင်ရန် ADB နှင့် ညှိနှိုင်း၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အဆိုပါ ချေးငွေ ရယူရေးကိစ္စကို အတည်ပြုရန် စက်ခလုတ် အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၅၅၄ မဲ၊ ကန့်ကွက်မဲ ၂၇ မဲ၊ ကြားနေမဲ ၄ မဲ ဖြစ်ပြီး ထောက်ခံမဲများသည့်အတွက် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ပူးပေါင်းကော်မတီ နှစ်ရပ်၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာပါ မူသဘော အကြောင်းအရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံသဘော ဆွေးနွေးခြင်းများအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များအား မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် ပါဝင်သည့် ပန်းတိုင်(၃)ဖြစ်သော အလုပ်အကိုင် ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သည့် ဖွံ့ဖြိုးရေး၊ ပန်းတိုင် (၄)ဖြစ်သော ၂၁ ရာစု လူမှုအဖွဲ့အစည်းအတွက် လူ့စွမ်းအား အရင်းအမြစ်များနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပန်းတိုင်(၅)ဖြစ်သော နိုင်ငံ၏ အနာဂတ်မျိုးဆက်များအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်တို့၏ မဟာဗျူဟာ၊ လုပ်ငန်းစဉ်များကို နိုင်ငံတော်၏ စီးပွားရေးမူဝါဒ (၁၂)ရပ်အပေါ် မူတည်၍ ရေးဆွဲထားပြီး နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုနိုင်မည့် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် သဘာဝ ပတ်ဝန်းကျင်နှင့် သယံဇာတ အရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ရရှိရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် မူဝါဒ(၁၉)ခုနှင့် လုပ်ငန်းစဉ်(၅၀)ခုတို့ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ပအကူအညီအထောက်အပံ့ ငွေအဖြစ် ငွေလုံးငွေရင်းနှင့် သာမန်ရငွေတွင် သစ်တောဦးစီးဌာန၏ စီမံကိန်း(၁၂)ခု၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၏ စီမံကိန်း(၃)ခု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ စီမံကိန်း(၂၀)၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန စီမံကိန်း(၁)ခု စုစုပေါင်း စီမံကိန်း (၃၆)ခုတို့အတွက် ပြည်ပအကူအညီ အထောက်အပံ့ရငွေ ကျပ် ၁၂ ဒသမ ဝ၄၄ ဘီလီယံ လျာထားပါကြောင်း။

မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဖော်ပြပါစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်းနှင့် သက်ဆိုင်သည့် ဆောင်လုပ်ရေးလုပ်ငန်းများ၊ ယာဉ်နှင့် စက်ယန္တရား၊ ရုံးသုံးပရိဘောဂများ ဝယ်ယူခြင်းကို စီမံကိန်းအလိုက် သတ်မှတ်ထားသည့် Work Plan နှင့်အညီ စိစစ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် လျာထားငွေ များကို ပြည့်မီစွာ သုံးစွဲနိုင်ရေးအတွက် စီမံကိန်း Work Plan အလိုက် စောင့်ကြည့်သုံးသပ်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ငွေကြေးသုံးစွဲမှုများကို လစဉ် စိစစ်သုံးသပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊ တည်ဆောက်ရေး၊ ဝယ်ယူရေးဆိုင်ရာ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ခြင်းနှင့် ငွေကြေးသုံးစွဲမှုများကိုလည်း ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများနှင့်အညီ သုံးစွဲသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ဝန်ကြီးဌာန၏ ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ်အတွက် သာမန် အသုံးစရိတ်၊ ငွေလုံးငွေရင်း အသုံးစရိတ်၊ အရေးပေါ်ရန်ပုံငွေ အပါအဝင် စုစုပေါင်း အသုံးစရိတ် ငွေကျပ် ၄၇၁ ဒသမ ၈၂၃ ဘီလီ ယံ ခွင့်ပြု ရရှိခဲ့ပါကြောင်း၊ ခွင့်ပြုရရှိငွေများအနက်မှ ငွေလုံးငွေရင်း အသုံးစရိတ်များအဖြစ် ဌာန၏ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရန်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံ အနောက်ပိုင်းရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်းတွင်းပိုင်းနှင့် ထိစပ်နေသည့် နယ်နိမိတ်ကို သွပ်ဆူးကြိုးကာရန်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ၂၀ဝ၉ - ၂၀၁၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဝန်ကြီးဌာန အပ်ငွေလုပ်ငန်းဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ထောက်ချုပ်ရုံးမှ တာဝန်ယူ၍ အဆင့်လေးဆင့်ခွဲကာ လုပ်ငန်းအပ်နှံ ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

အဆိုပါ ခြံစည်းရိုးကာရန်ခြင်းကို ယခင်က အမြင့် ၁၀ပေ၊ ၁၀လက်မ၊ တစ်တိုင်နှင့် တစ်တိုင် ၁၀ပေ ခြား ဆောင်ရွက်ခဲ့ရာတွင် ယခုအခါ ရေရှည်တည်တံ့ ခိုင်ခန့်ကောင်း မွန်စေရန်နှင့် တစ်ဖက်နှင့်တစ်ဖက် လူကျော်တက်ဝင်ရောက်မှု မရှိစေရန် Y(ဝိုင်) ပုံသဏ္ဍာန် သွပ်ဆူးကြိုးအဝိုင်း ၂ပေ ထပ်ထိုးပုံစံ စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပိုမိုကောင်းမွန်စေရန် ပြောင်းလဲဆောင်ရွက်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုလုပ်ငန်းများအား တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) တင်ဒါလုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီးရုံး အပါအဝင်၊ တပ်ဖွဲ့ဦးစီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့ဝင်များမှ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် အမျိုးသားစီမံကိန်းဥပဒေ ပုဒ်မ ၁၃ပါ ပြဋ္ဌာန်းချက်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောက်လုပ်ခွင့်ရရှိသည့် အဆောက်အဦများအား တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ ဆောက်လုပ်နေမှုများကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်များ၊  မြို့နယ်ခရိုင်များတွင်ရှိသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများဖြင့် စစ်ဆေးမှုများကို ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ဝန်ကြီးဌာန၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ရငွေ (ပြည်ပ အကူအညီအပါအဝင်) အနေဖြင့် ငွေကျပ် (၆၀၁ ဒသမ ၄၂၀) ဘီလီယံ ဖြစ်ပါ ကြောင်း၊ သာမန်ရငွေအနေဖြင့် ငွေကျပ် (၁၁၀ ဒသမ ၇၄၅) ဘီလီယံ၊ ငွေလုံးငွေရင်းရငွေ မှာ ငွေကျပ် (၄၅ ဒသမ ၆၄၁) ဘီလီယံ၊ ကြွေးမြီရငွေ ငွေကျပ် (၄၄၅ ဒသမ ဝ၃၄)ဘီလီယံ ဖြစ်ပါကြောင်း၊ ရငွေအပိုင်း လျာထားချက်နှင့်အညီ ပြည့်မီနိုင်ရေး ကြိုးပမ်းစီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် လျာထားသည့် စုစုပေါင်း အသုံးစရိတ်မှာ ငွေကျပ် (၁၀၇၃ ဒသမ ၅၂၉) ဘီလီယံ လျာထားပါကြောင်း၊ အဆိုပါ စုစုပေါင်း အသုံးစရိတ်မှာ သာမန်အသုံး စရိတ်အနေဖြင့် ငွေကျပ် (၃၉၃ ဒသမ ၃၈၉) ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် (၅၇၃ ဒသမ ၂၀၃) ဘီလီယံနှင့် ကြွေးမြီအသုံးစရိတ် ငွေကျပ် (၁၀၆ ဒသမ ၉၃၇) ဘီလီယံပါဝင်ပါကြောင်း။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားရာတွင် စီမံကိန်းများ လျာထားချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး၊ အသုံးစရိတ်များ အလေအလွင့် မရှိစေရေး၊ စနစ်တကျ အကျိုးရှိ ထိရောက်စွာ စီမံခန့်ခွဲ ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေဆိုင်ရာ သုံးသပ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များနှင့်အညီ အလေးအနက်ထား စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် မိမိ၏ ပင်မလုပ်ငန်း တာဝန်ဖြစ်သည့် နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာသားငါး အခြေခံ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စီမံကိန်းလုပ်ငန်းများ အပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘဏ္ဍာရန်ပုံငွေများကို အကျိုးရှိထိရောက်စွာ စိစစ်သုံးစွဲကြီးကြပ် အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဆက်လက်၍ ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို က ဥပဒေကြမ်း၏ အခန်း(၅)၊ အထူးကုန်စည်ခွန် ပုဒ်မ(၁၁) အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ်(၃) ဇယားအမှတ်စဉ်(၁)တွင် စီးကရက် အမျိုးမျိုးအတွက် အလိပ်(၂၀)အထိပါ တစ်ဗူးရောင်းဈေး ငွေကျပ်(၆၀ဝ)အထိဖြစ်ပါက အခွန်ငွေ တစ်လိပ် (၈)ကျပ် အဖြစ်လည်းကောင်း၊ (၆၀၁)ကျပ်မှ ငွေကျပ် (၈၀ဝ)အထိ ဖြစ်ပါက (၁၇)ကျပ်အဖြစ် လည်းကောင်း၊ (၈၀၁)ကျပ်မှ (၁၀ဝ၀)ကျပ်အထိဖြစ်ပါက (၂၂)ကျပ် အဖြစ်လည်းကောင်း၊ (၁၀ဝ၁)ကျပ်မှ အထက်ဖြစ်ပါက (၂၅)ကျပ်အဖြစ် လည်းကောင်း ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများအတွက် တိုးမြှင့်ပြင်ဆင် သတ်မှတ်ထားသည်ကို တွေ့ရှိရပါကြောင်း၊ မိမိအနေဖြင့် ပြင်ဆင်ဖြည့်စွက်လိုသည်မှာ အလိပ်(၂၀)ပါ တစ်ဗူးရောင်းဈေး (၁၀ဝ၀)ကျပ်အထိ အခွန်များကို အဆင့်ဆင့် မသတ်မှတ်တော့ဘဲ အားလုံးအတွက် အခွန်(၂၀)ရာခိုင်နှုန်းနှင့် အလိပ်(၂၀)ပါ တစ်ဗူး ရောင်းဈေး (၁၀ဝ၀) ကျပ်အထက်ဖြစ်လျှင် အခွန် (၂၅) ရာခိုင်နှုန်း ကောက်ခံရမည်ဟု ရာခိုင်နှုန်းဖြင့် ပြင်ဆင်ဖော်ပြလိုပါကြောင်း။

 

ထို့ပြင် အခန်း(၇)၊ ပုဒ်မ-၁၉(ဂ)လစာတွင် နှစ်တစ်နှစ်အတွင်း ဝင်ငွေကျပ်(၄၈) သိန်း အထက်ရရှိသူဖြစ်ပါက သို့မဟုတ် အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းနှင့် အခြားရလမ်းများမှ ဝင်ငွေဖြစ်ပါက မည်သူ့ကိုမဆို စုစုပေါင်းဝင်ငွေမှ ဝင်ငွေခွန်ဥပဒေ ပုဒ်မ-၆၊ ပုဒ်မခွဲ(က)အရ သက်သာခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ် ဝင်ငွေအလွှာအလိုက် စီးကြပ်ရမည့် ဝင်ငွေခွန်နှုန်းထားများကိုလည်း အဆင့်လိုက် လျှော့ပေါ့ပေးသင့်ပါကြောင်း ဆွေးနွေးသည်။

 

တပ်တော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မိုး က အခွန်စည်းကြပ်ရန် နှုန်းထားများ သတ်မှတ်ရာတွင် ယခင်နှစ်အတွေ့အကြုံများ၊ နိုင်ငံ၏ စီးပွားရေးအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုကြောင့် နောင်တွင် တိုးတက်လာနိုင်သည့် အခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်းတိုးတက်မှု၊ အခွန်တိုးတက်ရရှိမှု၊ အခွန်ကောက်ခံခြင်း၏ ရည်ရွယ်ချက်များ အတိုင်း ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိတို့ကို ရှုထောင့်စုံမှ မှန်ကန်စွာသုံးသပ်ပြီး စဉ်းစားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အခွန် ကျေပွန်စွာ ထမ်းဆောင်သူများကို အကာအကွယ်ပေးရေး၊ အခွန်နှုန်းမျှတရေး၊ ချို့တဲ့သူများနှင့် လူလတ်တန်းစားများအပေါ် အခွန်ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးတို့ကို အလေးထား ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစိုးနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်နှင့် လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူတို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို စက်တင်ဘာ ၆ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်