ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ၆  စက်တင်ဘာ 
    

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော်ဥပဒေရေးရာစွမ်းအင်မြှင့်တင်ရေး အကြံပေးအဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင် ခေါင်းဆောင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၇)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၅)ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂)ဦး အပါအဝင် အဖွဲ့ဝင် (၁၉)ဦး ပါဝင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၉ ခုနှစ် သြဂုတ် ၂၅ ရက်မှ ၃၀ ရက် အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် (၄၀)ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပါကြောင်း၊ အဆိုပါ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ အာဆီယံပါလီမန်များ အထွေထွေညီလာခံ တက်ရောက်မှုခရီးစဉ်ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
    

ထို့နောက် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက် ဆွေးနွေးကြသည်။
    

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်က လက်ရှိ အခြေအနေတွင် လုပ်ငန်းရှင်များ ငွေကြေးကျပ်တည်းမှုနှင့် ရင်ဆိုင်နေရပါကြောင်း၊ ထိုအခြေအနေကို ကုစားပေးရန်အတွက် တရားဝင်ဈေးကွက်အတွင်း စီးဝင်လာခြင်း မရှိသေးသည့် ငွေသေများ စီးဝင်လာပြီး စုစုပေါင်း ပြည်တွင်းဝယ်လိုအားကို တိုးမြှင့်လာစေခြင်းဖြင့် စီးပွားရေးကို ပြန်လည်နှိုးဆွပေးနိုင်သည့်အတွက် အခွန်သက်သာခွင့် လုပ်ဆောင်ပေးခြင်းသည် စီးပွားတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုဥပဒေကြမ်းတွင် အဆိုပြုထားသည့် အခွန်ကင်းလွတ် သက်သာခွင့် အစီအစဉ်အရ စီးဝင်လာသည့် ငွေကြေးများကို နိုင်ငံအတွက် အလွန် လိုအပ်လျက်ရှိသည့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံလာစေရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ပြင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန်တိုးတက်ရေး အထောက်အကူပြုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်း စသည့် နိုင်ငံ့စီးပွားရေး ရေရှည်တိုးတက် ရေးအတွက် အထောက်အကူပြုသည့် လုပ်ငန်းများတွင် ရင်းနှီးသုံးစွဲလာစေရေး အတွက် ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း ဆွေးနွေးသည်။


ညောင်တုန်း မဲဆန္ဒနယ်မှ ဦးအုန်းလွင် က ဥပဒေဆိုသည်မှာ မျှတမှုရှိရန်လိုအပ်ပါကြောင်း၊ ရိုးသားစွာ ပုံမှန်အခွန်ထမ်းဆောင်နေသူများက နှစ်စဉ် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေပြီး စည်းကြပ်မှုတွင် လွတ်ကင်းနေသည့် အခွန်များမှာမူ အထူးအခွင့်အရေးပေးထားသကဲ့သို့ ဖြစ်နေပါကြောင်း၊ အခွန်မဆောင်သည်က ပို၍အခွင့်အရေး ရသည်ဟု မမှန်မကန် စိတ်ဓာတ်မျိုး အခွန်ထမ်းဆောင်နေသည့် ပြည်သူများအပေါ် ပြောင်းလဲ သွားစေ နိုင်ပါကြောင်း၊ ဥပဒေဆိုသည်မှာ တည်ငြိမ်မှု ရှိရန်လည်း လိုအပ်ပါကြောင်း၊ ပြည်ထောင်စု အခွန်အကောက်ဥပဒေသည် တစ်နှစ် တစ်ခါ ပြဋ္ဌာန်းရမည်ဆိုသော်လည်း နှစ်စဉ် အတိုးအလျှော့လုပ်နေမည်ဆိုပါက အခွန်ထမ်းဆောင်မည့် ပြည်သူများအတွက် စိတ်အနှောက်အယှက်ဖြစ် စေသည့် အတွက် မိမိအနေဖြင့် ဤပြဋ္ဌာန်းချက်ပါ စည်းကြပ်မှုတွင် လွတ်ကင်းနေသည့် ဝင်ငွေအတွက် နောက်ဆုံးနှစ်ဖြစ်သည်ဟု အကြံပြုချက်အနေဖြင့် ပြောကြားလိုပါ ကြောင်း ဆွေးနွေးသည်။


မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း က ဥပဒေကြမ်း၏ အခန်း(၅) အထူးကုန်စည်ခွန်အခန်းတွင် စီးကရက်အမျိုးမျိုး၊ ဆေးလိပ်၊ အရက်အမျိုးမျိုးနှင့် ဝိုင် အမျိုးမျိုးတို့ကို ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများအတွက် ပြင်ဆင်စည်းကြပ်ထားသည် ကိုတွေ့ရှိရပါကြောင်း၊ ထို့ပြင် အခန်း(၆) ကုန်သွယ်လုပ်ငန်းခွန် အခန်း၌ ပြည်ထောင်စု အစိုးရအဖွဲ့က ဆောင်ရွက်သည့် စာတိုက် ဝန်ဆောင်မှုလုပ်ငန်းများ ကင်းလွတ်ခွင့် ဖြည့်စွက်ထားသည့်အတွက် သင့်လျော်ကောင်း မွန်ပါကြောင်း၊ အထူးကုန်စည်ခွန် အမျိုးအစား ဇယားအမှတ်စဉ် (၇) ကွမ်းစားဆေးအမျိုးမျိုး၏ စည်းကြပ်အခွန်နှုန်း ၈၀ ရာခိုင်နှုန်းကို ၁၀ဝ ရာခိုင်နှုန်းအဖြစ် ပြင်ဆင်သတ်မှတ်လိုပါကြောင်း၊  အခန်း(၅) အထူးကုန်စည်ခွန်အခန်းမှ မော်တော်ယာဉ်များနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက် များကို ပြင်ဆင်လိုပါကြောင်း၊ ထို့ပြင် အထူးကုန်စည်အမျိုးအစား ဇယားအမှတ်စဉ် ၁၂(က)တွင်  Double Cab 4 Door Pickup မှ အပ (၁၅၀၁ CC)မှ (၂၀ဝ၀ CC)အထိ ကားများ၏ အင်ဂျင်ပါဝါ သတ်မှတ်ချက်နေရာတွင် ၁၆၀၁ CCမှ ၂၀ဝ၀ CC အထိ ကားများဟု ပြင်ဆင်သတ်မှတ်လိုပါကြောင်း၊ ထို့ပြင်အထူးကုန်စည်အခန်းတွင် ပါဝင်သည့် မော်တော်ယာဉ်များအပေါ် စည်းကြပ်သည့် အခွန်နှုန်းထားများ လျော့ချသင့်သည် ကို အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။
    

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်း၊ ဖျာပုံ မဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်း စိုး(ခေါ်)သန်းစိုး(ဘောဂဗေဒ)၊  ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၊ မင်းလှ မဲဆန္ဒနယ် မှ ဒေါက်တာသန်းအောင်စိုး၊ လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချို၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးကျော်နီနိုင်၊ စမ်းချောင်း မဲဆန္ဒနယ်မှ ဦးဘိုဘိုဦး၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးခင်မောင်မြင့်နှင့် ထန်းတပင် မဲဆန္ဒနယ်မှ ဦးဇော်ဝင်းတို့က ဆက်လက် ဆွေးနွေးကြသည်။
    

ထို့နောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်များအတွက် ငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေး ကြေးရေးတည်ငြိမ်မှုအခြေအနေအစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးကြသည်။


လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေး တည်ငြိမ်ရေးနှင့် ဆက်စပ်လုပ်ငန်းများ ခိုင်မာလာစေရေးကို အလေးထား ဂရုပြု ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဘဏ်များ၏ မတည်ရင်းနှီးငွေအခြေအနေကို အမြဲမပြတ် လေ့လာနေရန်လည်း လိုအပ်ပါကြောင်း၊ ငွေတန်ဖိုးကျဆင်းလာသည်နှင့်အမျှ လောင်စာဆီဈေးနှုန်း၊ အခြေခံလူသုံးကုန်နှင့် စားသုံးကုန် ဈေးနှုန်းများလည်း တက်လာသောကြောင့် အခြေခံလူတန်းစားများ အများအပြား ထိခိုက်မှု ကြုံတွေ့ရသည်ကို တွေ့ ရှိရပါကြောင်း၊ နောင်တွင် ထပ်မကြုံစေရန် ဗဟိုဘဏ်အနေဖြင့် မည်ကဲ့သို့ ကြိုတင် ကာကွယ်မှုများ စီမံဆောင်ရွက်နေသည်ကို လည်း ရှင်းပြစေလိုပါကြောင်း ဆွေးနွေးသည်။
    

ယင်းအစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ သရက် မဲဆန္ဒနယ်မှ ဦးကံမြင့်နှင့် ချောက် မဲဆန္ဒနယ်မှ ဦးဘိုကြီးတို့က ဆက်လက်ဆွေးနွေးကြသည်။


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ကို စက်တင်ဘာ ၉ ရက် တွင် ဆက်လက်ကျင်းပသွား မည်ဖြစ် ကြောင်း သိရသည်။


အောင်ရဲသွင်၊ အေးအေးသန့်

 

1