ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၆

 

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် အပါအဝင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦးပေးပို့ တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး က မိမိတို့အများစုသည် ပြည်သူက ရွေးချယ်တင်မြှောက်ထားသည့် အရွေးချယ်ခံ ကိုယ်စား လှယ်များ ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းရေးကို အစဉ်ရင်ဝယ်ထားသင့်ပါကြောင်း၊ နိုင်ငံ၏ မျိုးဆက်သစ်များအပေါ် ငဲ့ညှာ၍ စိတ်ကောင်း စေတနာကောင်းထားပြီး ပြင်ဆင် ဖြည့်စွက်သင့်သည်များကို ဝိုင်းဝန်းဆန်းစစ်၍ ရေရှည်တည်တံ့ ကောင်းမွန်သည့် အခြေခံဥပဒေကောင်းတစ်ရပ် ဖြစ်စေရေးအတွက် လေ့လာစိစစ်ရေး ပူးပေါင်းအဖွဲ့၏ အစီရင်ခံစာအပေါ် လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်သဇင်လှိုင်က ဥပဒေပြုလွှတ်တော်သည် ဥပဒေကို လေးစား လိုက်နာပြီး ဥပဒေပြုကြရမည်ဖြစ်သကဲ့သို့ ဥပဒေနှင့်မညီသည့် လုပ်ရပ်များကြောင့် ပြည်သူလူထု၏ ယုံကြည်မှုကို ပျက်ပြားစေပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို မထိခိုက်စေရေးအတွက် လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီ၏ အစီရင်ခံစာ ကို ကန့်ကွက်ပါကြောင်းနှင့် ယခုတင်သွင်းခဲ့သည့် ဥပဒေမူကြမ်းကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီသာ ပြင်ဆင်နိုင်ရေး ဆောင်ရွက် ပေးပါရန် ပြည်ထောင်စုလွှတ်တော် နာယကနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။

 

လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ က ဥပဒေကို လေးစားလိုက်နာရမည့် ဥပဒေပြု အဖွဲ့အစည်းများအနေဖြင့် မည်သည့် ဆောင်ရွက်ရမည့် ကိစ္စရပ်ကိုမဆို ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ပြီး အဖွဲ့အစည်းတစ်ခု၏ အယူအဆ၊ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ အယူအဆသည် မည်မျှပင် မှန်ကန်နေစေကာမူ ဥပဒေပြဋ္ဌာန်းချက် တစ်ရပ်သည် အဖွဲ့အစည်းတစ်ခု၏ အယူအဆ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အယူအဆဖြင့် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ဥပဒေပြု အဖွဲ့အစည်းများဖြင့် အဆင့်ဆင့် ဆွေးနွေးခြင်း၊ ပြည်သူလူထုထံချပြ၍ သဘောထားရယူခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ မိမိနိုင်ငံ၏ လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် ကိုက်ညီကာ ရေးဆွဲပြဋ္ဌာန်းထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေပြုအဖွဲ့အစည်းများ အနေဖြင့်လည်း ဥပဒေကို လေးစားလိုက်နာရမည် ဖြစ်သည့်အတွက် ယခုတင်သွင်းသည့်  ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီသာ ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

 

ယင်းအစီရင်ခံစာအပေါ် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသောင်းထိုက်စိုး၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမောင်ဆန်း၊ မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးအောင်မျိုးလတ်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇင်မျိုးလတ်၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်သန်းသန်းဝင်း၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး မျိုးမင်းအောင်၊ ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်ဝင်းသီရိဆွေ၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုးမိုးအောင်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်းတို့က ဆက်လက် ဆွေးနွေးကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း စုစုပေါင်း (၅)ခု ပြည်ထောင်စုလွှတ်တော်ကြီးတွင် ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေမူကြမ်း (၅)ခုစလုံး သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ခုနှစ်) တစ်ခုလုံးအပေါ်တွင် ပြင်ဆင်ခြင်းမျိုးမဟုတ်ဘဲ၊ ပြဋ္ဌာန်းချက်အချို့ကိုသာ ပြင်ဆင်ဆောင်ရွက်ရန် တင်ပြထားသည်ကို မူကြမ်းများတွင် ဖော်ပြပါရှိသည့် ပြင်ဆင်လိုသည့် ပုဒ်မ၊ ပုဒ်မခွဲများအရ လေ့လာ တွေ့ရှိနိုင်ပါကြောင်း။

 

ပြည်ထောင်စုလွှတ်တော်အနေဖြင့် လွှတ်တော်အတွင်းတွင်ရှိသည့် နိုင်ငံရေးပါတီ အစုအဖွဲ့အသီးသီး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ အချိုးကျပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းကော်မတီက တင်ပြလာသည့်အခါတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ခုနှစ်) တစ်ခုလုံး အပေါ်တွင် သုံးသပ်ပြင်ဆင်ထားသည့် ဆောင်ရွက်ချက်များ ပါဝင်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ဥပဒေမူကြမ်းကို လွှတ်တော်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တင်သွင်းလာသည့်အခါတွင် လက်ရှိလွှတ်တော်တွင် ရောက်ရှိနေသည့် ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း (၅)ခုနှင့် သီးခြားစီတစ်ပြိုင်တည်း ယှဉ်တွဲ၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အနေဖြင့်အတူတကွ လေ့လာသုံးသပ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်မည် ဆိုပါက ပိုမို၍ စနစ်ကျနမှုလည်း ရှိမည်ဖြစ်ပါကြောင်း၊ လွှတ်တော်၏အချိန်ကိုလည်း ထိရောက်စွာ အသုံးချနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် ပူးပေါင်းကော်မတီမှ အစီရင်ခံတင်ပြပြီးသည့် အခါတွင် ဥပဒေမူကြမ်းများအားလုံးကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေး၍ အဆုံးအဖြတ်ရယူမည်ဆိုပါက ပိုမို၍ လျော်ကန်သင့်မြတ်မည် ဆိုသည်ကို ပူးပေါင်း ကော်မတီဝင်အများစု က သဘောထားရရှိပါကြောင်း။

 

လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ အကြံပြုချက် သီးခြားတင်ပြထားသည့် ပူးပေါင်းကော်မတီဝင် ဒေါ်နန်းနီနီအေး၊ ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်မှူးချုပ်တင့်လွင်တို့က အဆိုပါ ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)ပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်တွင် ဆက်လက်ဆွေးနွေး ဆောင်ရွက်သင့်သည်ဟု သီးခြား အကြံပြုတင်ပြထားခြင်း ရှိပါကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၄၅) ဦးက လက်မှတ်ရေးထိုးတင်ပြလာသည့် ယခုဥပဒေမူကြမ်း၊ ရှေးဦး တင်သွင်းထားသည့် ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း(၄)ခု စုစုပေါင်း ဥပဒေမူကြမ်း(၅)ခု ရှိနေပါကြောင်း၊ အဆိုပါ ဥပဒေမူကြမ်း(၅)ခုနှင့် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈)ခုနှစ် တစ်ခုလုံးအပေါ်တွင် သုံးသပ်လေ့လာ၍ ပြုစုရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းလာမည့် ပြင်ဆင်သည့် ဥပဒေမူကြမ်းတို့ကို တစ်ပြိုင်တည်းယှဉ်တွဲ၍ ပြည့်စုံသော ပြင်ဆင်သည့် ဥပဒေမူကြမ်းများအဖြစ် လွှတ်တော်သို့ တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်သင့်ပါကြောင်းနှင့် မိမိတို့ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က ဆုံးဖြတ်အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ယင်းအစီရင်ခံစာအပေါ် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အငယ်ဆုံး အသက်ပြဋ္ဌာန်းချက်အမှတ် - ၁၃၈ (၁၉၇၃) ကို မြန်မာနိုင်ငံက လက်ခံကျင့်သုံးနိုင်ရန် အတည်ပြုပါဝင်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် လက်ရှိတွင် ပြဋ္ဌာန်းချက်အမှတ် - ၁၃၈ ကို လက်ခံကျင့်သုံးထားခြင်း မရှိသေးသော်လည်း ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေနှင့် ၂၀၁၆ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေတို့တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ပြဋ္ဌာန်းချက် များနှင့်အညီ ကလေး အလုပ်သမားများ အလုပ်လုပ် နိုင်သော အနိမ့်ဆုံးအသက်ကို (၁၄)နှစ်ဟု ပြင်ဆင်ပြဋ္ဌာန်းထားပြီး အလုပ်ရုံ၊ စက်ရုံ များ၊ ဆိုင်နှင့် အလုပ်ဌာနများမှ လိုက်နာဆောင်ရွက်နိုင်ရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိသည့်အပြင် ဒုတိယ သမ္မတ(၁) ဦးဆောင်၍ မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဖွဲ့စည်းပြီး ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉ - ၂၀၂၃)ကို လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အတွက် ယင်းပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ILO က ပြဋ္ဌာန်း သတ်မှတ်ထားသည့် အငယ်ဆုံးအသက်ပြဋ္ဌာန်းချက် အမှတ်-၁၃၈ ကို မြန်မာနိုင်ငံတွင် လက်ခံကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနအဖြစ် ပြင်ဆင်သတ်မှတ် ဖွဲ့စည်းရေးကိစ္စနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၃၄၉ မဲ၊ ကန့်ကွက်မဲ ၂၂၂မဲ၊ ကြားနေမဲ ၂ မဲ ဖြစ်သဖြင့် ထောက်ခံမဲများသဖြင့် လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကမ္ဘာ့အကောက်ခွန်အဖွဲ့က ပြန်လည်သုံးသပ်ထားသော အပြည်ပြည် ဆိုင်ရာ ကျိုတိုသဘောတူစာချုပ် (WCO Revised Kyoto Convention)တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင် ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်က ပြန်လည်သုံးသပ်ထားသော အပြည်ပြည်ဆိုင်ရာ ကျိုတို သဘောတူစာချုပ်သည် ၁၉၇၃ ခုနှစ်မှ ၁၉၇၄ ခုနှစ်တွင် ကမ္ဘာ့အကောက်ခွန်အဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်သည့် ရိုးရှင်းပြီး ကြီးပွားညီညွတ်သည့် အကောက်ခွန်လုပ်ငန်းများ၊ အလေ့အကျင့်များနှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရန် ဆောင်ရွက်နိုင်သည့် နိုင်ငံတကာ သဘောတူစာချုပ်ဖြစ်ကြောင်းကို လေ့လာတွေ့ရှိရပါကြောင်း၊ ယခု သဘောတူစာချုပ်ကို လိုက်နာဆောင် ရွက်ခြင်းအားဖြင့် အကောက်ခွန်လုပ်ငန်းများကို နိုင်ငံတကာအဆင့် အတန်းနှင့်အညီ ကုန်သွယ်မှုညှိနှိုင်း ဆောင်ရွက်ရာတွင် အကျိုးအမြတ်များရရှိနိုင်ပြီး  အပြည်ပြည်ဆိုင်ရာ အကောက်ခွန်စံနှုန်းဖြင့် အသိအမှတ်ပြုခံရခြင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူး များ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကမ္ဘာ့ အကောက်ခွန်အဖွဲ့က ပြန်လည်သုံးသပ်ထားသည့် အပြည်ပြည်ဆိုင်ရာ ကျိုတို သဘောတူစာချုပ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင်ရေးကိစ္စအပေါ် ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်နှင့် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးတို့က ဆက်လက် ဆွေးနွေးကြသည်။

 

ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်း က အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းဆွေးနွေးရာတွင် အဆိုပါ ပြန်လည်သုံးသပ်ထားသော အပြည်ပြည်ဆိုင်ရာ ကျိုတိုသဘောတူစာချုပ်တွင် ပါဝင် ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတကာ အလေ့အကျင့်ကောင်းများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ အကောက်ခွန်စံနှုန်းများနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းအတွက် အသိအမှတ်ပြုခံရမည် ဖြစ်ပါကြောင်း၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့က ထပ်မံ ချမှတ်မည့် စံနှုန်းများကို ဆုံးဖြတ်ရာတွင်လည်း ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေးအတွက် များစွာအထောက်အကူဖြစ်စေမည် ဖြစ်သကဲ့သို့ တရားမဝင် ကုန်သွယ်မှုများ လျော့နည်းကျဆင်းအောင် ဆောင်ရွက်ရာတွင်လည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ကုန်သွယ်မှု ညှိနှိုင်းဆောင်ရွက်ရာတွင် အကျိုးအမြတ်များ ရရှိနိုင်စေမည်လည်း ဖြစ်ပါကြောင်း။

 

ယင်းအကျိုးကျေးဇူးများ ရရှိနိုင်စေမည့်အပြင် ၄င်းတို့နှင့် ဆက်စပ်၍ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း၊ ကုန်ပစ္စည်းစစ်ဆေးမှု၊ ကုန်ပစ္စည်း ထုတ်ယူမှုများတွင်လည်း ပိုမို၍ မြန်ဆန်ချောမွေ့လာနိုင်ခြင်း၊ ကုန်သွယ်မှု အတားအဆီးများကို ဖယ်ရှားရာတွင် အထောက်အကူပြုနိုင်ခြင်း၊ နိုင်ငံတော်အတွက် အခွန်ငွေပိုမိုရရှိနိုင်ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေခြင်း စသည့် ဆက်စပ်အကျိုးကျေးဇူးများကိုလည်း ခံစားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကမ္ဘာ့အကောက်ခွန်အဖွဲ့က ပြန်လည်သုံးသပ်ထားသည့် အပြည်ပြည်ဆိုင်ရာ ကျိုတိုသဘောတူစာချုပ်သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပါရန် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၁ နည်းဥပဒေ ခွဲ (က) နှင့်အညီ တင်သွင်းအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ လွှတ်တော်က သဘောတူအတည် ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို နိုဝင်ဘာ ၂၈ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်