ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

နေပြည်တော် ၁၃ နိုဝင်ဘာ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နယက ဦးတီခွန်မြတ်က အောင်မြေ သာစံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက အရေးကြီး အဆိုတစ်ရပ်တင်သွင်းခွင့်ပြုရန် နာယကထံသို့ စာဖြင့်ရေးသားလက်မှတ်ရေးထိုးပြီး ပေးပို့ထားပါကြောင်း၊ အဆိုမှာ နိုင်ငံတော်အချုပ်အချာအာဏာ၏ ခက်မသုံးဖြာတွင် အဓိကကျသည့် ဥပဒေပြုအာဏာတည်ရှိရာဖြစ်သော ပြည်ထောင်စုလွှတ်တော်၏ ကိုယ်စားလှယ်အဖြစ် ပြည်သူက ရွေးချယ်တင်မြှောက်ထားသည့် ချင်းပြည်နယ် မဲဆန္ဒ နယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ရက်တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တက်ရောက်ရန် လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)က အကြမ်းဖက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက်ခြင်းဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်းနှင့် ယခုကဲ့သို့ ဦးဝှေ့တင်းနှင့် တကွဝန်ထမ်းများ၊ အရပ်သားများကို ဖမ်းဆီးထားခြင်းမှ လုံခြုံစိတ်ချအန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည် လွှတ်ပေးပါရန် တောင်းဆိုကြောင်း အရေးကြီးအဆို ဖြစ်ပါကြောင်း။

 

နာယကအနေဖြင့်လည်း အဆိုတင်သွင်းသည့် အကြောင်းအရာသည် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၆ နည်းဥပဒေခွဲ (က)ပါ စည်းကမ်းချက်များနှင့် ညီညွတ်သည်ဟုယူဆပါကြောင်း၊ ထို့ကြောင့် တင်ပြပါအရေးကြီးအဆိုနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၆ နည်းဥပဒေခွဲ () နှင့်အညီ အဆိုတင်သွင်းခြင်း၊ တင်သွင်းဆွေးနွေးခြင်း၊ ထောက်ခံချက်နှင့် လက်ခံဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ်ရယူခြင်းအစီအစဉ်ကို မွန်းလွဲပိုင်း၌ သင့်တော်သည့်အချိန်တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာသည်။

 

ယင်းနောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော အခြေခံပညာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး ပြည်ထောင်စုလွှတ်တော် နာယက က ပညာရေးဝန်ကြီးဌာနနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီတို့၏ သဘောထားမေးမြန်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၈ - ၂၀၁၉ ခု၊  ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ် (၁၅/၂၀၁၉) နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေးက ဘက်လိုက်မှု ရှိသည့် Quality Control (QC) များ၊ တာဝန်မကျေသည့် ဆောက်လုပ်ရေးကုမ္ပဏီများကို Black List စာရင်းသွင်းရုံဖြင့် မလုံလောက်ဘဲ ပတ်သက်သူအားလုံးကို အဂတိလိုက်စားမှု ဥပဒေဖြင့်ပါ အရေးယူနိုင်ရန် စတင်ဆောင်ရွက်သင့်သည်ကို အကြံပြုလိုပါကြောင်း၊ ထို့ပြင် တာဝန်သိ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများကို ဥပက္ခာပြုပြီး QC နှင့် ကန်ထရိုက်ဘက်မှ ရပ်တည်နေဆဲနှင့် နေလိုကြသည့် တာဝန်ရှိသူများကို ပြတ်ပြတ်သားသား အရေးယူနိုင်မှသာ နိုင်ငံတော်က တိုးမြှင့်ချထားပေးသည့် ဘဏ္ဍာငွေများ မဆုံးရှုံးမည်ဖြစ်ပြီး လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ စေတနာ၊ ပူးပေါင်းကော်မတီ၏ အားထုတ်မှု၊ ပညာရေးဝန်ကြီးဌာန၏ ရည်မှန်းချက် စီမံကိန်းများသည် မုချအောင်မြင်မည်ဖြစ်ပါကြောင်းနှင့် အစီရင်ခံစာထုတ်ပြီး သဘောထားမှတ်ချက်ပေးရုံဖြင့် မလုံလောက်တော့ပါကြောင်း ဆွေးနွေးသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးကျော်သောင်းက တင်ဒါစိစစ်ရွေးချယ်ရာတွင် ကုမ္ပဏီများ၏ Profile အပါအဝင် နည်းပညာကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းစစ်ဆေးအကဲဖြတ်ပြီး ကိုက်ညီမှုရှိမှ အမှတ်ပေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ရွေးချယ်ရမည် ဖြစ်ပါကြောင်း၊ သို့သော် လက်တွေ့တွင် ပညာရေးဝန်ကြီးဌာန၊ တည်ဆောက်ရေးလုပ်ငန်းတင်ဒါအောင် ကုမ္ပဏီများသည် အရည်အချင်းကိုက်ညီမှုမရှိဘဲ အားနည်းချက်များ ရှိသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ထို့ပြင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုချက်ပါ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်မှု အခြေအနေများကို ကြည့်ပါက လုပ်ငန်းပေါင်း (၂၈၈၁)ခုသည် လုံးဝစတင်ဆောင်ရွက်နိုင်မှု မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု မရှိသည့်အပေါ်တွင် သင်ခန်းစာယူပြီး နောင်ယင်းသို့ မဖြစ်ရန် မည်သို့ဆောင်ရွက်မည်နှင့် ဖြစ်လာခဲ့ပါကလည်း မည်သို့အရေး ယူဆောင်ရွက်မည်ကို ယခုကတည်းကပင် စဉ်းစားဆုံးဖြတ် ဆောင်ရွက်သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။

 

ယင်းအစီရင်ခံစာအမှတ်စဉ် (၁၅/၂၀၁၉)နှင့် စပ်လျဉ်း၍ ရမ်းဗြဲမဲဆန္ဒနယ်မှ ဦးကျော်ရွှေ၊ သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်၊ မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစော၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးမြင့်နိုင်နှင့် မြင်းခြံမဲဆန္ဒနယ်မှ ဦးစိန်မြင့်တို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သက်ကြီးရွယ်အို အဖွဲ့အစည်းဆိုင်ရာ အာဆီယံဗဟိုဌာန ထူထောင်ရေးစာချုပ်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးဆန်းမြင့်က သက်ကြီးရွယ်အို အဖွဲ့အစည်းဆိုင်ရာ အာဆီယံဗဟိုဌာနသည် အာဆီယံဒေသအတွင်း၌ အဖွဲ့ဝင်နိုင်ငံများအကြား၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အခြားမိတ်ဖက်များအကြားတွင် ပူးပေါင်းဆောင်ရွက်နိုင်စေရေး ကူညီထောက်ပံ့သွားရန်၊ တက်ကြွသော အိုးမင်းမှုဆိုင်ရာ မူဝါဒများ ပေါ်ပေါက်လာစေရန်၊ အသိပညာများနှင့် တီထွင်ဆန်း သစ်မှုများမွေးထုတ်သွားရန် ရည်ရွယ်ပါကြောင်း၊ သို့မှသာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏  သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍဆိုင်ရာ အသိပညာဖလှယ်ခြင်း၊ သင်တန်းပို့ချခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

 

သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်က တိုးပွားလာသည့် သက်ကြီးရွယ်အိုများအား လိုအပ်သည့် ထောက်ပံ့မှုများ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် ပြည်တွင်းလူမှုအဖွဲ့အစည်းများသာမက အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊ ထိုနည်းတူ တစ်နိုင်ငံလုံးတွင် သက်ကြီးရွယ်အို ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်းများ လွှမ်းခြုံနိုင်ရန် အထူးလိုအပ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်ဖြစ်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများအတွက် ကျန်းမာတက်ကြွ၍ အကျိုးပြုနိုင်သော သက်ကြီးရွယ်အိုများ ဖြစ်ပေါ်လာရန် အာဆီယံနိုင်ငံများနှင့်အတူ သက်ကြီးရွယ်အို အဖွဲ့အစည်းဆိုင်ရာ အာဆီယံ ဗဟိုဌာနထူထောင်ရေး စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရေးကို အလေးအနက်ကြို ဆိုပါကြောင်း ဆွေးနွေးသည်။

 

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်()မှ ဦးကျော်သောင်း၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၊ မကွေးမဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်၊ ရေကြည်မဲ ဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်း၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းနှင့် အလုံမဲဆန္ဒနယ်မှ ဦးရဲလွင်တို့က ဆက်လက်ဆွေးနွေးကြသည်။

 

အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များအားလုံးကို ဝန်ကြီးဌာနအနေဖြင့် လေးစားစွာဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အဆိုပါ စာချုပ်ကိုလက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုနှင့်ဆိုင်သည့် ပေါ်လစီများရေးဆွဲသည့်အခါ များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အာဆီယံနိုင်ငံများတွင် ဆောင်ရွက်နေသည့် သက်ကြီးရွယ်အိုနှင့်ဆိုင်သည့် ကိစ္စရပ်များအားလုံးကို မိမိတို့မြန်မာနိုင်ငံသို့ မျှဝေပေးခြင်းအားဖြင့် များစွာအကျိုးရှိမည် ဖြစ်သည့်အတွက် မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် သက်ကြီးရွယ်အိုအဖွဲ့အစည်းဆိုင်ရာ အာဆီယံဗဟိုဌာန ထူထောင်ရေးစာချုပ်ကို လက်မှတ်ရေးထိုးသင့်သည်ဟု တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက လူ့အခွင့်အရေးနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ လူသားတိုင်းခံစားပိုင်ခွင့်ရှိသည့် အခွင့်အရေးများကို လူတိုင်းသိရှိနားလည်နိုင်ရန် လိုအပ်သကဲ့သို့ ဥပဒေနှင့် တာဝန်အရ ဖမ်းဆီးချုပ်နှောင်မှုများ ဆောင်ရွက်ရသူများအနေဖြင့် လူ့အခွင့်အရေးကြေငြာစာတမ်းများကို သိရှိလိုက်နာနိုင်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင်အကျဉ်းစခန်းများ၊ အချုပ်ခန်းများ၊ အလုပ်ရုံ၊ အလုပ်စခန်းများ၊ ဒုက္ခသည်စခန်းများကို ကွင်းဆင်းစစ်ဆေးရာတွင် လူ့အခွင့်အရေးဆိုင်ရာ လိုက်နာမှု အခြေအနေများကို စဉ်ဆက်မပြတ် လေ့လာဆန်းစစ်ပြီး လိုက်နာမှု အားနည်းသည့် နေရာများ ရှိ၊ မရှိနှင့် အားနည်းသည့် နေရာများအပေါ် တိုးမြှင့်ဆောင်ရွက်မည့် အစီအစဉ်များ ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ လိုက်နာမှုအားနည်းသူများ၊ အဖွဲ့အစည်းများအပေါ် ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာများသို့ တင်ပြဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဝင်းကိုက အစီရင်ခံစာ၏ စာမျက်မှာ (၁၅) စာပိုဒ်ခွဲ(၁၀)တွင် HIV ကဲ့သို့သော ရောဂါကြီးဖြစ် နေသူများကိုဟု ဖော်ပြထားသည်ကို တွေ့ရပါကြောင်း၊ HIV သည် ရောဂါမဟုတ်ဘဲ ရောဂါပိုးဝင် ကူးစက်ခံရခြင်းသာဖြစ်ကြောင်းကို တင်ပြလိုပါကြောင်း၊ ထို့ပြင် အနာကြီး ရောဂါအသွင်ဖြစ်နေသည့် အကျဉ်းသားအကြောင်း ဖော်ပြထားရာတွင် အခြားသူများအား ကူးစက်နိုင်သော ရောဂါဖြစ်၍ သီးသန့်ခွဲခြားထားပြီး ကုသပေးရန်လိုအပ်ပါကြောင်းကို အကြံပြုလိုပါကြောင်း။

 

အစီရင်ခံစာ၏ စာပိုဒ်(၆၆) စာပိုဒ်ခွဲ()တွင် နိုင်ငံတော်သမ္မတမှ အမိန့်စာဖြင့် ထုတ်ပြန်၍ ညွှန်ကြားရေးမှူးချုပ်ရာထူးအား ခန့်အပ်ရမည်ဖြစ်သော်လည်း ကော်မရှင်မှ မိမိဘာသာခန့်အပ်သည့် သဘောမကွဲမပြားဖြစ်နေသောကြောင့် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားရေးမှူးချုပ် တိုးမြှင့်ခန့်အပ်သည့် အမိန့်စာအမှတ်ကို ဖော်ပြပေးရန် လိုအပ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ကော်မရှင်ဥပဒေပါ ရည်ရွယ်ချက်များအတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း() နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း အကြံပြု ဆွေးနွေးသည်။

 

ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဒေါက်တာသန်းဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်() မှ ဦးမြင့်နိုင်၊ ညောင်ဦးမဲဆန္ဒနယ်မှ ဦးစော၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ နော်လှလှစိုး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးနေကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးကျော်သောင်း၊ မြင်းခြံမဲဆန္ဒနယ်မှ ဦးစိန်မြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် () မှ ဦးကိုကိုနိုင်၊ ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ တပ်မတော်သား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ညီညီလွင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်()မှ ဦးတင်အောင်ထွန်းနှင့် ဒေါပုံမဲဆန္ဒနယ်မှ ဦးဌေးဝင်းအောင် (ခေါ်) ဦးပြုံးချိုတို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဆက်လက်၍ အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက အရေးကြီးအဆို တင်သွင်းရာတွင် ယနေ့မိမိတို့ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တည်ဆောက်ကာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဆီသို့ ဦးတည်လျှောက်လှမ်းနေသည့် အချိန်ဖြစ်သကဲ့သို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေး၏ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း() နိုင်ငံရေးကဏ္ဍ မူဝါဒသဘောတူချက် အပိုဒ်()တွင်လည်း နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ်  ဖွဲ့စည်းရမည်ဟု သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး မိမိတို့ ပြည်ထောင်စုလွှတ်တော်ကြီးကလည်း အတည်ပြုမှတ်တမ်းတင်ခဲ့ကြပြီး ဖြစ်ပါကြောင်း။

 

ယနေ့အချိန်ကာလများတွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်အလို့ငှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ကလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်နေစဉ်ကာလအတွင်း ၂၀၁၉ ခုနှစ် နိုဝင်ဘာ ရက်တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တက်ရောက်ရန် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းသည် (ပလက်၀ - ဇိုရမ်ပူ စီမံကိန်း)တွင် တာဝန်ထမ်းဆောင်နေသော အိန္ဒိယနိုင်ငံသား ()ဦး၊ စကားပြန် ()ဦး၊ စက်လှေမောင်း ()ဦးတို့နှင့်အတူ ချင်းပြည်နယ် ပလက်ဝမှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ အများသူငှာ ပုံမှန်သွားလာနေလျက်ရှိသော ကုလားတန်မြစ်ကြောင်းခရီးစဉ်အတိုင်း သွားလာနေစဉ် (AA)လက်နက်ကိုင်အဖွဲ့က ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါကြောင်း။

 

ဖမ်းဆီးခံထားရသူများအနက်မှ ကျန်သူများအားလုံးကို ပြန်လည်လွှတ်ပေးလိုက်သော်လည်း ဦးဝှေ့တင်းအား ဆက်လက်ဖမ်းဆီးထားသည်မှာ  (၁၁)ရက် မြောက်ရှိသွားပြီ ဖြစ်ပါကြောင်း၊ အများသူငှာပုံမှန် သွားလာနေသော ခရီးလမ်းများအတွင်း  ဦးဝှေ့တင်းကဲ့သို့  ဥပဒေမဲ့ အကြမ်းဖက် ဖမ်းဆီးခြင်းခံရသည့် အရပ်သားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ အမြောက်အမြားလည်း ရှိခဲ့ပါကြောင်း၊ ထိုသို့ဖမ်းဆီးခြင်းခံရသူများအား လုံခြုံရေးအရ စစ်ဆေးနေပါသည် ဟူသော အကြောင်းပြချက်မှာလည်း တရားမျှတမှု ကင်းမဲ့သည့်အပြင် ယုတ္တိတန်ခြင်းလည်း မရှိဟု မြင်မိပါကြောင်း၊ ယခုကဲ့သို့ (AA) အဖွဲ့၏ ဥပဒေမဲ့ဆောင်ရွက်ချက်များသည် နိုင်ငံတော်၏ လက်တွေ့ဆောင်ရွက်ချက်များနှင့် အနာဂါတ်ဦးတည်မျှော်မှန်းချက်များ အပါအဝင် နိုင်ငံသူနိုင်ငံသားများနှင့် မည်သည့်အဖွဲ့ အစည်းအတွက်မဆို ကောင်းကျိုးတစ် စုံတစ်ရာမျှ ဖြစ်ပေါ်စေနိုင်မည် မဟုတ်ပါကြောင်း။

 

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၆ (က) အရ နိုင်ငံသူ နိုင်ငံသားများနှင့် အရေးတကြီး သက်ဆိုင်သော ကိစ္စရပ်လည်းဖြစ်ခြင်း၊ ယနေ့အချိန်တွင် လတ်တလောပေါ်ပေါက်နေသော ကိစ္စရပ်ဖြစ်ခြင်းတို့ကြောင့် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ရမည့် ကိစ္စရပ်ဖြစ်ပါသဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာတွင် အဓိကကျသည့် ဥပဒေပြုရေးအာဏာ တည်ရှိရာဖြစ်သော  ပြည်ထောင်စုလွှတ်တော်၏ ကိုယ်စားလှယ်အဖြစ် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ရက်တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တက်ရောက်ရန် လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်ထားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက်ခြင်းဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်းနှင့် ယခုကဲ့သို့ ဦးဝှေ့တင်းနှင့်အတူ ဝန်ထမ်းများ၊ အရပ်သားများကို ဖမ်းဆီးထားခြင်းမှ လုံခြုံစိတ်ချ အန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် တောင်းဆိုကြောင်း အရေးကြီးအဆိုအား ပြည်ထောင်စုလွှတ်တော်ကြီးသို့ တင်သွင်းအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးမောင်မောင်လတ်က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့်တကွ ဝန်ထမ်းများ၊ အရပ်သားများအား ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်းနှင့် ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် ထပ်မံတောင်းဆိုရင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး၏ အရေးကြီးအဆိုကို ထောက်ခံပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အရေးကြီးအဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ ဆန္ဒရယူရာ သဘောမတူသူမရှိသည့်အတွက် အရေးကြီးအဆိုကို ဆွေးနွေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို နိုဝင်ဘာ ၁၅ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်