ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ

နေပြည်တော် ၃ ဒီဇင်ဘာ 

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့တွင် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်  အောင်စန်းချစ် အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

kk7

 

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးခင်မောင်နိုင်က ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးနေသော နိုင်ငံဖြစ်သောကြောင့် အများစု၏ဆန္ဒကို လိုက်ပါဆောင်ရွက်ပြီး အနည်းစု၏ဆန္ဒကို လေးစားရမည်ဖြစ်ပါကြောင်း၊ အခြေခံယူဆ ချက်ချင်းမတူညီသည့် ဥပဒေမူကြမ်း (၂) မျိုးကို ပေါင်းစပ်ဆောင်ရွက်မည်ကို လက်မခံနိုင်ပါကြောင်း၊ ထို့ကြောင့် ဗိုလ်မှူးချုပ်အောင်စန်းချစ် အပါအဝင် တပ်မတော်သား ၁၄၄ ဦးတင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းအတိုင်း ဆက်လက်ဆောင်ရွက်သွားရန်နှင့် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ကန့်ကွက်ပါကြောင်း ဆွေးနွေးသည်။

ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်က ဗိုလ်မှူးချုပ် အောင်စန်းချစ် တင်သွင်းသည့် ဥပဒေမူကြမ်းကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး နည်းလမ်းအတိုင်း ဆောင်ရွက်သင့်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ကြမည်ဆိုပါက ယခင်က တင်သွင်းထားသည့် ပြင်ဆင်ချက်ဥပဒေများနှင့် နောက်တင်သွင်းလာမည့် ဥပဒေမူကြမ်းများကိုပါ လွှတ်တော်တွင် အမြန်ဆုံး ဆွေးနွေးဆုံးဖြတ်နိုင်ကြမည် ဖြစ်ပါကြောင်း၊ ထိုသို့ပြင်ဆင် ဆွေးနွေးဆုံးဖြတ်နိုင်ကြမည်ဆိုပါက ပြည်သူများအတွက် ကောင်းကျိုးများကို အမြန်ဆုံးတွေ့ကြရမည်ဖြစ်ပြီး ပြည်သူများကလည်း အမြန်ဆုံး လိုချင်နေကြပါကြောင်း၊ ထို့ကြောင့် ဗိုလ်မှူးချုပ်အောင်စန်းချစ် အပါအဝင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦး တင်သွင်းထားသည့် ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါသည့် ပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ပြဋ္ဌာန်းချက်များပါ နည်းလမ်းများအတိုင်း ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာဦးကြွယ်ကြွယ်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မပေါင်း ၄၅၇ ခု၏ ပုဒ်မတစ်ခုချင်းစီကို  တစ်ယောက်ချင်းစီက ပြင်ဆင်ချက်ဥပဒေမူကြမ်း တစ်ခုချင်းတင်သွင်းနေပါက ဥပဒေမူ ကြမ်းပေါင်း ၄၅၇ ခု ရရှိလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုထံသို့  ပြည်သူလူထုပိုင်သော အချုပ်အခြာအာဏာ ၁၀၀ ရာခိုင်နှုန်း အမြန်ဆုံးရောက်ရှိစေရန်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်ပြလာမည့် အစီရင်ခံစာနှင့်အတူ  ယခုဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများကို တစ်ပြိုင်တည်းစိစစ်လေ့လာပြီး ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆောင်ရွက်ပါရန် တိုက်တွန်းပါကြောင်း ဆွေးနွေးသည်။

ယင်းအစီရင်ခံစာအပေါ် တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းဦး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းလွင်ဦး၊ ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကောင်းကျော်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးနှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး တင်ထွန်းအောင်တို့က ဆက်လက်ဆွေးနွေးကြသည်။

ယနေ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော အခြေခံပညာရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်များကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၈ နှင့်အညီ အဆိုတင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက ဖတ်ကြားတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်နှစ်ရပ်သဘော ကွဲလွဲသော အချက်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အငယ်ဆုံးအသက်ပြဋ္ဌာန်း ချက်အမှတ် - ၁၃၈ (၁၉၇၃) ကို မြန်မာနိုင်ငံက လက်ခံကျင့်သုံးနိုင်ရန် အတည်ပြုပါဝင် နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာဝင်းမြင့်ချစ်က အဆိုပါ အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်အမှတ် - ၁၃၈ သည် ပြည်ထောင်စုလွှတ်တော်အနေဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် အတည်ပြုပြဋ္ဌာန်းလိုက်သည့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ဥပဒေ အခန်း(၁၄)ပါ ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခြင်းနှင့် စပ်လျဉ်းသည့် ပုဒ်မများနှင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံ၏ တည်ဆဲအလုပ်သမားနှင့် ဆိုင်သည့် ဥပဒေများနှင့်သော်လည်းကောင်း ဆီလျော်ညီညွတ်မှုရှိခြင်း၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်နေသည့် အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ၂၀၁၉ - ၂၀၂၃ ကိုလည်း အထောက်အကူပြုနိုင်ခြင်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)၏ နှစ် ၁၀၀ ပြည့်တွင် မြန်မာနိုင်ငံအနေဖြင့် အခြားကမ္ဘာ့နိုင်ငံ၊ အာဆီယံနိုင်ငံများနည်းတူ (ILO) နှင့် ပူးပေါင်းဆောင်ရွက်မှု သမိုင်းမှတ်တိုင် ဖြစ်ခြင်းတို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် လက်ခံကျင့်သုံးနိုင်ရန်နှင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ရန် အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးနေကျော်က ကလေးသူငယ်များအတွက် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၊ စာတမ်းများ လက်မှတ်ရေးထိုးခြင်း၊ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ခြင်းများကို ကြိုဆိုပါကြောင်း၊ သို့သော် လက်တွေ့တွင် ဆိုးရွားလှသော ကလေးအလုပ်သမားများ များပြားစွာရှိနေသေးသည့်အတွက် ကလေးသူငယ်များကို စာရွက်များအပေါ်တွင်သာကူညီ စောင့်ရှောက်ခြင်းမျိုး မဖြစ်စေလိုဘဲ တကယ့်လက်တွေ့တွင် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်ပေးခြင်းနှင့်အတူ အဆိုပါ ပြဋ္ဌာန်းချက်အမှတ် -၁၃၈ ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းများ ရရှိလာမည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ လက်ခံကျင့်သုံးနိုင်ရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

ဝက်လက် မဲဆန္ဒနယ်မှ ဦးမြင့်သိန်းက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ ILO ၏ ခန့်မှန်းချက်အရ ကလေ လုပ်သား စုစုပေါင်း ၁၅၂ သန်းရှိပြီး ကမ္ဘာအနှံ့တွင် ၁၀ ဦးလျှင် ၁ ဦးနှုန်း ကလေးအလုပ် သမားများအဖြစ် ရှိနေကြပါကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဆင်းရဲမွဲတေခြင်း၊ အသိအမြင်အားနည်းခြင်း၊ ယဉ်ကျေးမှု သို့မဟုတ် မိသားစု ထုံးတမ်း အစဉ်အလာများရှိခြင်း၊ ကလေးလုပ်သားများ၏ လုပ်အားခ ဈေးသက်သာခြင်း၊ အရည်အသွေးရှိသောပညာကို လက်လှမ်းမမီခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ လက်နက်ကိုင် ပဋိပက္ခများရှိခြင်း၊ တရားဥပဒေနှင့် အရေးယူမှု အားနည်းခြင်း သို့မဟုတ်  မရှိခြင်းနှင့် အလုပ်သမားအဖွဲ့အစည်းများ မရှိခြင်းတို့  ဖြစ်ပါကြောင်း၊ ထို့ကြောင့် ILOပြဋ္ဌာန်းချက်များကို အတည်ပြုလက်မှတ်ရေးထိုးခြင်းသည် နိုင်ငံတစ်ခုအနေဖြင့် သေချာသော ပန်းတိုင်များ ချမှတ်လိုက်ခြင်း ဖြစ်သည့်အတွက် အငယ်ဆုံးအသက်ပြဋ္ဌာန်းချက် အမှတ် -၁၃၈  အတည်ပြုပါဝင်နိုင်ရေးကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာ တင်တင်ဝင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးကျင့်ခန့်ပေါင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ဒေါ်လှဌေး (ခေါ်) ဒေါ်အုံးကြည်၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှ ဦးမောင်မောင်အုန်း၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၊ ပြည်မဲဆန္ဒနယ်မှ ဒေါက်တာ ခင်စိုးစိုးကြည်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်းနှင့် ကော့သောင်းမဲဆန္ဒနယ်မှ ဦးခင်ဇော်တို့က ဆက်လက်ဆွေးနွေးကြသည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်တွင် ပါဝင်သည့် အကြံပြုချက်များကိုလည်း မှတ်သားထားရှိ၍ လိုအပ်သည်များကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တခြားသော အာဆီယံနိုင်ငံများနည်းတူ လက်ခံကျင့်သုံးနိုင်ရေး လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကလည်း ထောက်ခံကြသည့်အတွက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ပြဋ္ဌာန်းသတ်မှတ်ထားသည့် အငယ်ဆုံး အသက်ပြဋ္ဌာန်းချက် အမှတ် -၁၃၈ (၁၉၇၃)ကို မြန်မာနိုင်ငံက လက်ခံကျင့်သုံးနိုင်ရေးအတွက် အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ဒီဇင်ဘာ ၅ ရက်တွင်ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်