ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

နေပြည်တော် ၄ ဖေဖော်ဝါရီ 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါ်ကျိန်ငိုက်မန်က နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြရာတွင် နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း၏ အပိုဒ် ၁၅ ပါ ကောင်စီဖွဲ့စည်းခြင်းနှင့် သက်ဆိုင်သော ဖော်ပြချက်များမှလွဲ၍ အပိုဒ် ၁၂ အပိုဒ်ခွဲ(က) နှင့် အပိုဒ် ၁၉ အပိုဒ်ခွဲ(က) တို့အပါအဝင် ဥပဒေကြမ်း တစ်ရပ်လုံးတွင်ပါရှိသော လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေး ကောင်စီဆိုသည့် စကားရပ်နှင့် ဥပဒေကြမ်း၏ အပိုဒ် ၁၁၀ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ် (၁) အပါအဝင် ဥပဒေကြမ်းတစ်ရပ်လုံးတွင်ပါရှိသော အာမခံရအကျိုးခံစားခွင့် ရမြီရှင်ဆိုသည့် စကားရပ်တို့ကို နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ပြင်ဆင်၍ လည်းကောင်း၊ ဥပဒေကြမ်း၏ အပိုဒ် ၂ အပိုဒ်ခွဲ (ဠ)၊ အပိုဒ်ခွဲ (အ)၊ အပိုဒ်၉၇ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ် (၁)နှင့် အပိုဒ်ခွဲငယ် (၂)တို့ အပါအဝင်ဥပဒေကြမ်းတစ်ရပ်လုံးတွင် ပါရှိသော အပိုင်း(၆) လုပ်ငန်းဆိုသည့် စကားရပ်နှင့် ဥပဒေကြမ်း၏ အပိုဒ် ၂ အပိုဒ်ခွဲ(အ)၊ အပိုဒ် ၉၇ ၏ ဘေးခေါင်းစဉ်၊ အပိုဒ် ၉၈ အပိုဒ်ခွဲ (က) တို့အပါအဝင် ဥပဒေကြမ်း တစ်ရပ်လုံးတွင် ပါရှိသော အပိုင်း(၆) လုပ်ငန်းစဉ်ဆိုသည့် စကားရပ်တို့ကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အတိုင်းလည်းကောင်း အတည်ပြုပြဋ္ဌာန်းသင့်သည်ကို လေ့လာတွေ့ရှိရပါကြောင်း။

 

6511

 

သို့ပါ၍ နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၉ နှင့်အညီ လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၈ နှင့်အညီ အဆိုတင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အပိုဒ်၊ အပိုဒ်ခွဲအလိုက် ပြည့်စုံစွာဖော်ပြပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၈ နှင့် အညီအဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အပိုဒ်၊ အပိုဒ်ခွဲအလိုက် ပြည့်စုံစွာဖော်ပြပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့် အစားထိုးလဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ (EDCF) ထံမှ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်း ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။

ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က စီမံကိန်း၏ အမည်သည် သဘာဝဓာတ်ငွေ့ပို့လွှတ်ဖြန့်ဖြူးခြင်း စွမ်းရည်ဖွံ့ဖြိုးမှုစီမံကိန်းဖြစ်ပါကြောင်း၊ စီမံကိန်း၏ တည်နေရာသည် မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းတွင် ဖြစ်ပါကြောင်း၊ စီမံကိန်း၏ စုစုပေါင်းကုန်ကျစရိတ်အားဖြင့် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၂၉ ဒသမ ၅ သန်းခန့်ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းကုန်ကျစရိတ်များအနက်မှ EDCF ထံမှ ချေးယူမည့် ချေးငွေသည် အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်းခန့်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အဆိုပါစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄၆၈ သန်းနှင့် ညီမျှသော မြန်မာကျပ်ငွေ ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

EDCF ထံမှ ချေးငွေနှင့်ပတ်သက်သည့် အတိုးနှုန်းသည် တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ဆိုင်းငံ့ကာလမှာ ၁၅ နှစ်ဖြစ်ပြီး ချေးငွေပြန်ဆပ်ရမည့် ကာလသည် ဆိုင်းငံ့ကာလကျော်လွန်ပြီးနောက် နောက်ထပ် ၂၅ နှစ် အညီအမျှခွဲ၍ ပြန်ဆပ်ရ မည်ဖြစ်ပါကြောင်း၊ စီမံကိန်းကာလသည် ချေးငွေစာချုပ်ကို ချုပ်ဆိုပြီးသည့် နေ့မှစ၍ ၄၈ လအတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းကို တာဝန်ခံဆောင်ရွက်မည့် ဌာနသည် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနလက်အောက်တွင်ရှိသည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းဖြစ်ပါကြောင်း၊ စီမံကိန်းကိုဆောင်ရွက်နိုင်ခြင်း အားဖြင့် အနာဂတ်တွင် မြန်မာနိုင်ငံ၏အထက်ပိုင်းနှင့် အောက်ပိုင်းတွင်ရှိသည့် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းများကို ချိတ်ဆက်ပေးလာနိုင်မည့် ပင်မကျောရိုးပိုက်လိုင်းကွန်ရက်ကြီး ဖြစ်ပေါ်လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ရွှေတောင်ဓာတ်အားပေးစက်ရုံ၊ မြန်အောင်ဓာတ်အားပေး စက်ရုံနှင့် ကျော်စွာဓာတ်မြေသြဇာစက်ရုံများအတွက် လိုအပ်သည့်ဓာတ်ငွေ့များကို ထောက်ပံ့ပေးနိုင်မည့် အပြင်အခြားသောလုပ်ငန်းများသို့လည်း လောင်စာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း၊  ယခုချေးငွေစီမံကိန်းသည် ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ၊ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၈ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒများနှင့်လည်း ကိုက်ညီမှုရှိပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၈ - ၂၀၃၀၏ မဟာ ဗျူဟာ ၅ ဒသမ ၄၊ ၅ ဒသမ ၅တို့ပါ action plan များနှင့်လည်း ကိုက်ညီမှုရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် EDCF ထံမှ ချေးငွေအမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်းရယူနိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ချေးငွေနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ ၆ လတာကာလ (၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်မှ အောက်တိုဘာလ ၉ ရက်အထိ) လုပ်ငန်းဆောင်ရွက်ခဲ့မှုအစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် ဖွံဖြိုးတိုးတက်မှုတို့အတွက် မူဝါဒချမှတ် အကောင်အထည်ဖော်ရန် အဓိကမောင်းနှင်အားများဖြစ်ကြသည့် ပညာရေးဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီနှင့် အမျိုးသားပညာရေး မူဝါဒကော်မရှင်တို့သည် ပူးပေါင်းဆောင်ရွက်မှု အားနည်းသည်ကို တွေ့မြင်ရပါကြောင်း။

ထို့ကြောင့် ပညာရေးပြုပြင်ပြောင်းလဲမှု မပြိုလဲစေရန်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မရပ်တန့်စေရန်နှင့် စနစ်သစ်ပညာရေးကို နိုင်ငံသူ၊ နိုင်ငံသားများ ယုံကြည်မှု မပပျောက်စေရန်တို့အတွက် အဓိကကျသည် မောင်းနှင်အားလေးခုသည် မူဝါဒချမှတ်ခြင်း၊ သုတေသနဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော်ခြင်း၊ စီမံဆောင်ရွက်ခြင်းနှင့် ရလဒ် ဆန်းစစ်လေ့လာခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ဆွေးနွေးသည်။

တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မိုးက အစီရင်ခံစာကို ယခုထက်ပိုမိုရှင်းလင်းစွာ လေ့လာနိုင်ရန် စီစဉ်သင့်ပါကြောင်း၊ ထို့ပြင် အမျိုးသား ပညာရေးမူဝါဒကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အရ ပညာရေးစနစ်နှင့် ပညာရေးဆိုင်ရာမူဝါဒများ၊ ပညာရေးဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်ရေးအပေါ် အကဲဖြတ်သုံးသပ်ခြင်းနှင့် အကြုံပြုခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သုံးသပ်ချက်နှင့် အကြုံပြုချက်များအပြင် အကဲဖြတ်ချက်များပါ ထည့်သွင်းဖော်ပြသင့်ပါကြောင်းနှင့် ပုဂ္ဂလိကျောင်းများ ဖွင့်လှစ်ခြင်း၊ ဖွင့်လှစ်ခွင့်ရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်းဆိုင်ရာမူဝါဒများ အမြန်ချမှတ်နိုင်ရန် ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာသန်းဝင်းက ပညာရေးတွင် အနာဂတ်မျိုးဆက်ကျောင်းသားများကို အသိပညာ၊ ကျွမ်းကျင်မှုနှင့် စိတ်နေသဘောထား ကဏ္ဍ(၃)ရပ်လုံးတွင် ဖွံ့ဖြိုးစေရန် ကြိုးပမ်းဆောင်ရွက်သကဲ့သို့ အရည်အသွေးရှိ ဆရာများကို လေ့ကျင့်မွေးထုတ်ရာတွင်လည်း ယင်းကဏ္ဍ(၃)ခုကို အလေးထားသင့်ပါကြောင်း၊ ဆရာကျင့်ဝတ်များကိုလည်း ဆရာဖြစ်သင်ရိုးတွင် အကျယ်တဝင့် ထည့်သွင်းသင်ကြားသင့်သည်ကို အကြံပြုလိုပါကြောင်း၊ ထို့ပြင် ဆရာများ အရည်အသွေး ပြည့်မီစွာဖြင့် သင်ကြားရေးလုပ်ငန်းခွင်တွင် တက်တက်ကြွကြွ လုပ်ကိုင်ချင်စိတ် ရှိစေရန်အတွက် ဆရာများ၏ နေထိုင်ရေးနှင့် သက်သာချောင်ချိရေးကိစ္စရပ်များကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဂရုထားဆောင်ရွက်ပေးသင့်ပါကြောင်း ဆွေးနွေးသည်။

တန့်ဆည်မဲဆန္ဒနယ်မှ ဦးမြင့်ထွန်းက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ယခင်ကကဲ့သို့ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်သင့်သည်ဟု ကော်မရှင်က အကြံပြုထားပါကြောင်း၊ မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ တစ်ပြိုင်နက်တည်း မဖွင့်သင့်သေးသည်ကို အကြံပြုလိုပါကြောင်း၊ အကြောင်းရင်းမှာ ယခုမှစတင်၍ ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်သည့်အတွက် ကျောင်းများ များပြားလွန်းနေပါက အရည်အသွေးမမီသည့် ကျောင်းများ ဖြစ်လာမည်ကို စိုးရိမ်ရပါကြောင်း၊ ထို့ကြောင့် ယခင်ပိတ်သိမ်းလိုက်သည့် ကျောင်း(၁၀) ကျောင်းအနက်မှ အဖြစ်သင့်ဆုံး (၂)ကျောင်းလောက်သာ ရွေးချယ်၍  အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီးမှသာ ဖွင့်လှစ်သင့်သည်ဟု အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။

အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးကျော်နိုင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထင်လင်းဦး၊ ငပုတောမဲဆန္ဒနယ်မှ ဦးသန်းအောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှဦးဝင်းမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး၊ မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၇)မှ ဦးကျော်တုတ်၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၊ မြင်းခြံမဲဆန္ဒနယ်မှ ဦးစိန်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာမောင်မောင်၊ ဒဂုံမဲဆန္ဒနယ်မှဒေါက်တာ သက်သက်ခိုင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုနှင့်  တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်းတို့က ဆက်လက်ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်