ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ

နေပြည်တော်  ၁၀   ဖေဖော်ဝါရီ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က လစ် လပ်လျက်ရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ် ချုပ်ကြီးစိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုကြောင်း နိုင်ငံတော်သမ္မတ၏ အဆိုပြုချက်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းပုဂ္ဂိုလ်နှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂၊ ပုဒ်မခွဲ(က)ပါ သတ်မှတ်အရည်အချင်းများနှင့် မပြည့်စုံကြောင်း ခိုင်လုံသည့်သက်သေအထောက်အထားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ဖေဖော်ဝါရီ ၇ ရက် ညနေ(၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်း ပေးပို့နိုင်ကြောင်းကိုလည်း တစ်ပါတည်းကြေညာခဲ့ပါကြောင်း၊ တင်ပြပါ နောက်ဆုံး သတ်မှတ်ချိန်အထိ ကန့်ကွက်လိုကြောင်း တင်ပြချက်တစ်စုံတစ်ရာ မရှိသည့်အတွက် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် အား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြရာတွင် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီအနေဖြင့် လေ့လာစိစစ်မှု ဆောင်ရွက်ရမည့် ဥပဒေမူကြမ်းများအနေဖြင့် ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းထွန်း အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးက တင်သွင်းထားသည့် ဥပဒေမူကြမ်း၊ မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်း အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးက တင်သွင်းထားသည့် ဥပဒေမူကြမ်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက တင်သွင်းထားသည့် ဥပဒေမူကြမ်း၊ တပ်မတော် သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ် အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက တင်သွင်းထားသည့် ဥပဒေမူကြမ်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးစိုင်းသန်းနိုင် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ် ၁၄၅ ဦးကတင်သွင်းထားသည့် ဥပဒေမူကြမ်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဥက္ကဋ္ဌ နောင်ချိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးထွန်းအောင် (ခေါ်) ဦးထွန်းထွန်းဟိန် အပါအဝင် ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦးက တင်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း(၂)ခု စုစုပေါင်း ဥပဒေမူကြမ်း (၇)ခုအပေါ်တွင် စိစစ်လေ့လာခဲ့ပါကြောင်း။

 

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါ  ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ)တို့တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲများကို လေ့လာစိစစ်သည့်အခါတွင် ဦးသိန်းထွန်း တင်သွင်းထားသည့် ပြင်ဆင်လိုသည့်အချက်များအနေဖြင့် ပုဒ်မခွဲ(ခ)တွင် (၆)ချက် အကျုံးဝင်ပါကြောင်း၊ ဒေါက်တာမောင်သင်း တင်သွင်းထားသည့် ပြင်ဆင်ချက်များအနေဖြင့် ပုဒ်မခွဲ(က)တွင် (၂)ချက်အကျုံးဝင်ပြီး ပုဒ်မခွဲ(ခ)တွင် (၄)ချက် အကျုံးဝင်ပါကြောင်း၊ ဗိုလ်မှူးချုပ်မောင်မောင် တင်သွင်းထားသည့် အချက် (၂) မှာ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်ပါကြောင်း၊ ဗိုလ်မှူးချုပ်အောင်စန်းချစ် တင်သွင်းထားသည့် အချက်(၉)ချက်သည် ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်ပါကြောင်း၊ ဦးစိုင်းသန်းနိုင် တင်သွင်းထားသည့် အချက်(၅)ချက်သည် ပုဒ်မခွဲ(က)တွင် အကျုံးဝင်ပါကြောင်း၊ ဦးထွန်းအောင် (ခေါ်) ဦးထွန်းထွန်းဟိန် တင်သွင်းထားသည့် ဥပဒေမူကြမ်း (၂)ခုတွင် ပုဒ်မခွဲ(က)တွင် (၅၁)ချက်နှင့် ပုဒ်မခွဲ(ခ)တွင် (၆၃)ချက် အကျုံးဝင်ပါကြောင်း၊ စုစုပေါင်းအနေဖြင့် ပုဒ်မခွဲ(က)တွင် အချက်ပေါင်း(၅၈)ချက်နှင့် ပုဒ်မခွဲ(ခ) တွင် အချက်ပေါင်း(၈၄)ချက် ရှိပါကြောင်း။

 

ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ပြဋ္ဌာန်းချက်များအနက် ပုဒ်မခွဲ (၂)ခုဖြစ်သည့် ပုဒ်မ ၅၉၊ ပုဒ်မခွဲ(ဂ)နှင့် ပုဒ်မ ၂၀၁၊ ပုဒ်မခွဲ(ဋ)တို့တွင် သဘောထား ကွဲလွဲသည့် ပြင်ဆင်ချက်များ ရှိနေသည်ကို ကော်မတီအနေဖြင့် လေ့လာစိစစ်တွေ့ရှိရပါကြောင်း၊ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သည့် ပြဋ္ဌာန်းချက်များအနက် ပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁)တွင် တင်သွင်းထားသည့် ဥပဒေကြမ်း(၂)ရပ်တွင် ပါရှိသည့် ပြင်ဆင်ချက်များသည် ထပ်တူညီနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း။

 

 ဥပဒေရေးထုံးပိုင်းဆိုင်ရာ လေ့လာစိစစ်ချက်အနေဖြင့် ပြင်ဆင်သည့်ဥပဒေ မူကြမ်းတစ်ခုချင်းစီတွင်ပါရှိသည့် ပြင်ဆင်ချက်များကို ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဆောင်သည့် တာဝန်ရှိပုဂ္ဂိုလ်များက ဥပဒေရေးထုံးနှင့် ညီညွတ်မှုရှိစေရန် စိစစ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ မူကြမ်းများ ဖြစ်သည့်အတွက် ရေးထုံးပိုင်းဆိုင်ရာ ပြင်ဆင်ချက်များကိုသာ ဆောင်ရွက်ခွင့်ရှိပါကြောင်း၊ ဥပဒေအကြောင်းအရာပိုင်း ဆိုင်ရာ ပြင်ဆင်ချက်များကို တစ်လုံးတစ်ပါဒမျှ ပြင်ဆင်တည်းဖြတ်ထားခြင်း မရှိပါကြောင်း၊ အားလုံးသည် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များက တင်သွင်းလာသည့်အတိုင်း လွှတ်တော်သို့တင်ပြထားခြင်း ဖြစ်ပါကြောင်း။

 

လွှတ်တော်၏ အဆုံးအဖြတ်ရယူဆောင်ရွက်ခြင်း ဆိုင်ရာလေ့လာစိစစ်ချက် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)၊ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)တွင် ပုဒ်မခွဲ (က)တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှ အပဖြစ်သည့် ကျန်ရှိသည့်ပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းဖော်ပြထားပါကြောင်း။

 

ယခုအစီရင်ခံစာကို ပြုစုတင်ပြသည့်အချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ် ၆၅၅ ဦးရှိပါကြောင်း၊ ယနေ့အချိန်တွင် အောင်လံမြို့နယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် တိမ်းပါးသွားသည့်အတွက် ၆၅၄ ဦးသာရှိပါကြောင်း၊ ထို့ကြောင့် ၇၅ ရာခိုင်နှုန်းကျော် ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးထက် ပိုမိုသည့် ထောက်ခံဆန္ဒမဲအရေအတွက် ရရှိမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့်အညီ ပြင်ဆင်သည့် ဥပဒေမူကြမ်းများကို အတည်ပြုဆောင်ရွက်နိုင်မည်ကို တင်ပြအပ်ပါကြောင်း။

 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြင်ဆင်သည့် ဥပဒေမူကြမ်းများအပေါ်တွင် ဆွေးနွေးပြီးပါက နောက်ဆက်တွဲအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၁၂) ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)နှင့် (ခ)တို့နှင့်အညီ ပြုစုစုစည်းထားသည့် (ဇ - ၁) နှင့် (ဈ - ၁) ဟူ၍ ဥပဒေမူကြမ်း(၂)ရပ်ရှိပါကြောင်း၊ အဆိုပါ (ဇ - ၁) နှင့် (ဈ - ၁) ဥပဒေမူကြမ်းများ၏ ပြင်ဆင်ချက်ဇယားအနေဖြင့် နောက်ဆက်တွဲ (ဇ - ၂) နှင့် (ဈ - ၂) တို့ကို ဖြန့်ဝေတင်ပြထားပါကြောင်း၊ ယင်းဇယား များအပေါ်တွင် သီးခြားစီလွှတ်တော်၏ အဆုံးအဖြတ်ရယူဆောင်ရွက်သင့်သည်ကို တင်ပြလိုပါကြောင်း။

 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ပြဋ္ဌာန်း ချက်များအနက်မှ ပုဒ်မ ၅၉၊ ပုဒ်မခွဲ(ဂ)နှင့် ပုဒ်မ ၂၀၁၊ ပုဒ်မခွဲ(ဋ)တို့တွင် သဘောကွဲလွဲသည့် ပြင်ဆင်ချက်များ ရှိနေပါကြောင်း၊ ထို့ကြောင့် ပြင်ဆင်ချက် တစ်ခုချင်းစီ အလိုက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲ ရရှိမှု ရှိ/မရှိကို တစ်ခုချင်းစီသီးခြား ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ကို သီးခြားစီဆောင်ရွက်ပြီးသည့်အခါတွင် ပြင်ဆင်ချက် (၂)ခုစလုံးသည် ထောက်ခံဆန္ဒမဲရာခိုင်နှုန်း ပြည့်မီပြီး ၇၅ရာခိုင်နှုန်းကျော်ပါက ထောက်ခံဆန္ဒမဲရာခိုင်နှုန်းများသည့် ပြင်ဆင်ချက်ကို အတည်ပြုဆောင်ရွက်သင့် ပါကြောင်း။

 

လွှတ်တော်အတွင်းဆန္ဒပြုခြင်းဆိုင်ရာ လေ့လာစိစစ်ချက်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ကိစ္စရပ်များကို လွှတ်တော်အတွင်း အဆုံးအဖြတ်ရယူ ရာတွင် ဆန္ဒမဲလက်မှတ် အသုံးပြု၍ လျှို့ဝှက်စွာ ဆန္ဒမဲပေးသည့် နည်းလမ်းဖြင့် ဆောင်ရွက်သင့်ပါကြောင်း၊ မိမိတို့ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ပါဝင်သည့် ကော်မတီဝင် ၁၅ဦး၊ အမျိုး သားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ပါဝင်သည့် ကော်မတီဝင် ၁၅ဦး စုစုပေါင်း ၃၀ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် လေ့လာစိစစ်ရေးပူးပေါင်းကော် မတီဝင် များအနက်မှ ကော်မတီဝင် (၄)ဦးက သီးခြားသဘောထားမှတ်ချက် ပြုထားပါကြောင်း၊ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီဝင် ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူး ချုပ်တင့်လွင်၊ ဒေါ်နန်းနီနီအေး၊ ဦးစတီဖန်တို့က အစီရင်ခံစာအပိုဒ်(၁၄)နှင့် အပိုဒ်(၁၈) တွင် ပါရှိသည့်ဖော်ပြချက်များနှင့် စပ်လျဉ်း၍ အစုအဖွဲ့အလိုက်တင်သွင်းလာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ခုချင်းစီအလိုက် ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၁၂)နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ အခန်း(၁၈) တို့နှင့်အညီ သီးခြားစီဆွေးနွေး ဆုံးဖြတ်ဆောင်ရွက်ရန် သဘောထားမှတ်ချက်ပြုထားပါကြောင်း၊ ကျန်ရှိသည့် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီဝင်အားလုံး၏ သဘောထားမှတ်ချက်မှာ  ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့်  ပြင်ဆင်သည့်ဥပဒေမူကြမ်းများအပေါ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၇၊ ၁၃၈ တို့နှင့်အညီ ဆွေးနွေးပြီးသည့် အခါတွင် နောက်ဆက်တွဲ (ဇ - ၁)နှင့် (ဈ - ၁) တို့ပါ ဥပဒေမူကြမ်းများ၏ ပြင်ဆင်ချက်ဇယား(၂)ခုဖြစ်သည့် နောက်ဆက်တွဲ (ဇ - ၂) နှင့် (ဈ - ၂)တို့အပေါ်တွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၉နှင့်အညီ အဆုံးအဖြတ်ရယူဆောင် ရွက်သင့်သည်ကို အစီရင်ခံတင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က နောက်ဆက်တွဲ (ဇ - ၁)နှင့် (ဈ - ၁)ပါ ပြင်ဆင်သည့်ဥပဒေကြမ်း များတွင် ပါဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်အတွင်းဆွေးနွေးခြင်းနှင့်  အဆုံးအဖြတ်ရယူခြင်းတို့ကို ပြည်ထောင်စုလွှတ် တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အစီရင်ခံစာ၏ နောက် ဆက်တွဲ (ဇ - ၁)နှင့် (ဈ - ၁)တို့ပါ ပြင်ဆင်သည့် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၇၊ ၁၃၈ တို့နှင့်အညီ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း  ကြေညာသည်။

 

ထို့နောက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က မိမိတို့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ရပိုင်ခွင့်အရ ၂၀ ရာခိုင်နှုန်း ကိုယ်စီကိုယ်စီ လက်မှတ်ရေးထိုး တင်ပြထားသည့် ဥပဒေမူကြမ်းများဖြစ်ပါကြောင်း၊ သို့သော် ယခုအခါ ယင်းဥပဒေမူကြမ်းများသည် ရောထွေးသွားပြီး ဇယားထဲတွင်ပေါင်း၍ ဖော်ပြထားပါကြောင်း၊ မိမိတို့ လိုလားချက်အနေဖြင့် သီးခြားဇယား၊ သီးခြားဥပဒေမူကြမ်းများအဖြစ် လွှတ်တော်သို့ တင်သွင်းရန် တင်ပြထားခြင်း ဖြစ်ပါကြောင်း၊ ယင်းအတိုင်းသာဆက် လက်ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

 

ယင်းပြောကြားချက်အပေါ်  ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော် ကိုယ်စားလှယ်ကိုယ်တိုင် စိစစ်ရေးပူးပေါင်းကော်မတီတွင် ပါဝင်ပါကြောင်း၊ တင်ပြလာသည့် ဥပဒေမူကြမ်းတိုင်းကို စိစစ်ရေးပူးပေါင်းကော်မတီမှ တစ်ခုချင်းစီ တင်ခဲ့ခြင်းများ ရှိပါကြောင်း၊ ယင်းအချိန်တွင် ဆုံးဖြတ်ထားသည်မှာလည်း ဥပဒေမူကြမ်းအားလုံးကို ပူးပေါင်း၍ ဥပဒေမူကြမ်းတစ်ခုအဖြစ် ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည့် အပိုင်းများလည်းရှိပါကြောင်း၊ ထို့ကြောင့် စိစစ်ရေးပူးပေါင်းကော်မတီတွင် ညှိနှိုင်းဆုံးဖြတ်ထားသည့် ကိစ္စကို လွှတ်တော်သို့ တင်ပြလာသည့် အချိန်တွင် လွှတ်တော်အနေဖြင့်လည်း အလေးထားပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကို ဒုတိယအကြိမ်ပြင် ဆင်သည့် ဥပဒေမူကြမ်းဆိုသည့် ခေါင်းစဉ် တစ်ခုတည်းအောက်တွင် ပုဒ်မအလိုက် ဆွေးနွေးသွားရမည် ဖြစ်သည့်အတွက် သီးခြားစီဆွေးနွေးရန်မှာ မဖြစ်နိုင်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း က ၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေး တည်ငြိမ်မှုအခြေအနေ အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ ပြန်လည်ရှင်း လင်းဆွေးနွေးရာတွင်        အတိုးနှုန်းနှင့်ပတ်သက်၍ ဘဏ်များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်ဘောင်အတွင်း အပ်ငွေ၊ ချေးငွေများအပေါ် အတိုးနှုန်းကို လွတ်လပ်စွာ ယှဉ်ပြိုင်လုပ်ပိုင်ခွင့် ပြုထားပါကြောင်း၊ ထို့ပြင် ဈေးကွက်တွင် ဘဏ်အချင်းချင်း ငွေချေးငှားခြင်းများအတွက် အတိုးနှုန်းများကို နှစ်ဘက်သဘောတူညီသည့် အတိုးနှုန်းဖြင့် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုထားပါကြောင်း၊ အပ်ငွေလေလံဆောင်ရွက်ရာတွင်လည်း အစိုးရငွေတိုက်လက်မှတ်နှင့် အစိုးရငွေတိုက်စာချုပ်များအား လေလံစနစ်ဖြင့် ရောင်းချရာတွင် အတိုးနှုန်းကို ဈေးကွက်မှ သတ်မှတ်သည့်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

 ထို့ပြင် ငွေရေးကြေးရေးဈေးကွက် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အတိုးနှုန်းမူဝါဒသည် မောင်းနှင်အားတစ်ခုဖြစ်သော်လည်း မိမိတို့နိုင်ငံကိုကြည့်ပါက ဖွံ့ဖြိုးသည့် ငွေကြေးဈေး ကွက်မဖြစ်ပေါ်သေးပါကြောင်း၊ ငွေကြေးများ၏ လည်ပတ်လှုပ်ရှားသည့် ပမာဏသည် စီးပွားရေးကို အားပေးမြှင့်တင်ပေးနိုင်သော်လည်း ရင်းနှီးမြှုပ်နှံမှုကို တဟုန်တိုး တွန်းအားပေးနိုင်မည့် ပမာဏများ မရှိသေးသည်ကိုလည်း တွေ့ရှိရပါမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အတိုးနှုန်းအပြောင်းအလဲသည် စီးပွားရေးကို အထောက်အကူမပြုဘဲ အရည်အချင်း မပြည့်ဝသည့် ချေးငွေများတိုးပွားစေခြင်း၊  ငွေကြေးဖောင်းပွမှုကို ထောက်ပံ့စေခြင်း၊ စီးပွားရေးတည်ငြိမ်မှုကို ပျက်စီးစေခြင်းစသည့် အကြောင်းတရားများကိုလည်း စဉ်းစား ချင့်ချိန်ရမည် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်များနှင့် ငွေချေးသူများအကြား လုပ်ငန်းသဘာဝ၊ လုပ်ငန်းလည်ပတ်မှုအတွက်  လိုအပ်သည့် ချေးငွေများ ပိုမိုအဆင် ပြေစေရန်အတွက် ဘဏ်သို့ ချေးငွေများ ပြန်လည်ပေးဆပ်ရာတွင် သတ်မှတ်နှစ်အတွင်း အရင်းပြန်လည်ပေးဆပ်ရန် ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ ထို့ပြင်  ငွေလည်ပတ်မှုမရှိသည့် လုပ်ငန်းများကို  ပထမ နှစ်တွင် အရင်းပြန်လည်ပေးဆပ်ရန် မလိုဘဲ ဆိုင်းငံ့ကာလ တစ်နှစ်ထားရှိပြီး ကျန်နှစ် များတွင်အရင်းနှင့်အတိုး အရစ်ကျ ပြန်လည်ပေးဆပ်နိုင်ကြောင်းကိုလည်း  ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း။

 

 ဗဟိုဘဏ် အနေဖြင့် အတိုးနှုန်းလျှော့ချခြင်းကို စဉ်းစားရာတွင်လည်း  ချေးငွေကုန်ကျစရိတ်လျှော့ချခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ လည်ပတ်မှုပိုမိုအားကောင်း လာစေနိုင်ရန်နှင့် ပြည်တွင်းဝယ်လိုအား ပိုမိုအားကောင်းစေရန်တို့ကို စဉ်းစားပြီး အခြားတစ်ဖက်တွင်လည်း လတ်တလောအတန်အသင့် မြင့်မားသည့် ငွေကြေးဖောင်းပွမှု အခြေအနေကို ထည့်သွင်းစဉ်းစားလျက်ရှိပါကြောင်းနှင့် သင့်လျော်သည့် အချိန်တွင် အတိုးနှုန်းပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တင်ပြသည့် အစီရင်ခံစာအပေါ်တွင် တိုးတက်ကောင်းမွန်စေရန် ထောက်ပြဆွေးနွေးပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်၍လည်း ပိုမိုပြည့်စုံကောင်းမွန်စေရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက်အစီရင်ခံစာနှင့် ငွေရေးကြေးရေး တည်ငြိမ်မှုအခြေအနေ အစီရင်ခံစာ အပါအဝင် လွှတ်တော်ကိုယ် စားလှယ်များ၏ ဆွေးနွေးချက်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပြန်လည်ရှင်း လင်းတင်ပြချက်ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တစ်ပိုဒ်ချင်း စီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က  မြန်မာနိုင်ငံလူမွဲခံယူခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၉ နှင့်အညီ နိုင်ငံတော်သမ္မတထံသို့ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေးကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ ထားသော လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍  ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၉ နှင့်အညီ နိုင်ငံတော်သမ္မတထံသို့ ပြန်လည်ပေးပို့သွားမည် ဖြစ်ကြောင်း အသိပေး ကြေညာသည်။

 

ထို့နောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဓာတ်မြေသြဇာစက်ရုံများ လုပ်ငန်း တိုးတက်မှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေတို့ကို လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ရှင်းလင်းတင်ပြ ချက်များအပေါ် ထပ်မံသိရှိဆွေးနွေးလိုခြင်းရှိပါက သက်ဆိုင်ရာလွှတ်တော်အလိုက် မေးခွန်းမေးမြန်း ဆောင်ရွက်နိုင်ပါကြောင်း၊ အထက်ပါကိစ္စနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ရှင်းလင်းတင်ပြချက်ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ၆ လ တာ ကာလလုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးကြသည်။

 

အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဝင်များသည် မိမိတို့၏စရိတ်ဖြင့်သာ ဆောင်ရွက်နေရသည့်အပြင် စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ ယနေ့အထိ ချီးမြှင့်စရိတ် ငွေတောင်းခံလွှာများဖြင့် တောင်းခံထားရှိပြီး ထိုတောင်းခံ လွှာများတွင် ချီးမြှင့်စရိတ် ငွေကို လက်ခံရရှိပြီးဖြစ်ကြောင်းကို လက်မှတ်ရေးထိုးပေးပြီးသော်လည်း အမှန်တကယ် ရယူခံစားခွင့် လုံးဝမရှိသေးသည့်အတွက်  အလျင်အမြန် စီစဉ်ဆောင်ရွက်ပေးသင့်ပါကြောင်း၊ ထို့ပြင် တရားစွဲဆိုခြင်းခံရသည့် ဆင်းရဲနွမ်းပါးသူများအတွက် ဥပဒေနှင့်အညီ တရားရုံးရှေ့တွင် အမှုလိုက်ပါဆောင်ရွက်ပေး သည့် ရှေ့နေ၊ ရှေ့ရပ်များအတွက် ချီးမြှင့်ငွေများကိုလည်း အချိန်နှင့်တစ်ပြေးညီ ရရှိအောင် ဆောင်ရွက်ပေးသင့် ပါကြောင်း အကြံပြုဆွေးနွေးသည်။

 

ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က အစီရင်ခံစာ၏ စာမျက်နှာ ၁၀ နှင့် ၁၁ တွင် ပါဝင်သည့် အဖွဲ့၏ဆောင်ရွက်မှုအပိုင်းများတွင် တွေ့ဆုံပွဲများ၊ ရှင်းလင်းပွဲများ၊ ဆွေးနွေးပွဲများနှင့် ဟောပြောပွဲများကို အလျဉ်းသင့်သလို ပူးပေါင်းဆောင်ရွက်သည်ကို ဖော်ပြထားပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုတိုင်းသည် ကောင်းသည်ဆိုသော်လည်း ရည်မှန်းချက်ပါအတိုင်း အခြေခံသဘောတရားများကို နားလည်မှုရှိရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်တိုင်းတွင် သတ်မှတ်ပေးထားသည့်အတိုင်း ဆောင်ရွက်ချက်များနှင့် ထိုဆောင်ရွက်ချက်များ၏ အတိုင်းအတာများကို  ဆန်းစစ်ပြီး လိုအပ်ပါက တိကျသည့် လုပ်ငန်းစဉ်များ ချမှတ်သင့်ပါကြောင်း၊ ထို့ပြင် ရုံးမရှိသည့် မြို့နယ်များအတွက် ညှိနှိုင်းထားသည့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ၌ အမြန်ဆုံးဖွင့် လှစ်နိုင်ရန် ကြိုးစားသင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။

 

ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဌေးဦး၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဝင်းမင်းထွန်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်နှင့် ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦးတို့က ဆက်လက်ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၁၃ ရက် တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - စိုးဝင်းထွန်း