ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ

နေပြည်တော်  ၂၆  နိုဝင်ဘာ 

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင်  ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းအား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာ ဝန်ပေးအပ် ခြင်းကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက်  ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လစ်လပ်လျှက်ရှိသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန  ပြည်ထောင် စုဝန်ကြီးအဖြစ် ဦးမင်းသူအား ခန့်အပ်တာဝန်ပေးအပ်လိုခြင်းကို လွှတ်တော်သို့တင်ပြ ပြီး ပြည်ထောင်စုဝန်ကြီးအဖြစ် အဆိုပြုထားသည့် ပုဂ္ဂိုလ်နှင့်စပ်လျဉ်း၍  ကန့်ကွက်မှု တစ်စုံတစ်ရာမရှိပါက ခန့်အပ်ရန်သဘောတူကြောင်းကြေညာခြင်း သို့မဟုတ်  ကန့်ကွက်လိုသည့် ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်ခြင်း အစီအစဉ်ကို နိုဝင်ဘာ ၂၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကန့်ကွက်လိုသူ ကိုယ်စားလှယ်များ အနေဖြင့် ကန့်ကွက်ကြောင်းအဆိုကို နာယကထံ တင်သွင်းရမည်ဖြစ်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး နေထွဋ်ဦးအား ခန့်အပ်တာဝန်ပေးခြင်းကိုတင်ပြပြီးလွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင်များက လွှတ်တော်နှစ် ရပ်သဘောထားကွဲလွဲသော ``အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်း´´နှင့်``မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥပဒေကြမ်း´´တို့နှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော ကော်မတီ၏ အစီရင်ခံစာများကို ဖတ်ကြားကြပြီး ပြည်ထောင်စုလွှတ်တော် နာယကက ယင်းဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် ကိုယ်စားလှယ် များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းက ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့ထားသော ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့ အစည်းများ၏ ၂၀၁၇-၂၀၁၈  ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့်စပ်လျဉ်း၍ ၂၀၁၇-၂၀၁၈  ဘဏ္ဍာရေးနှစ်အတွက် အခွန်အကောက် ၂၁ မျိုးထံမှ ကောက်ခံရန် လျာထားချက် ငွေကျပ် ၇၅၄၆ ဒသမ ဝ၃၀ ဘီလီယံ၊ ပြည်တွင်း အခွန်များဦးစီးဌာနက တာဝန်ယူကောက်ခံရမည့် အခွန်အကောက် ၅ မျိုးထံမှ ကောက်ခံရန် လျာထားချက် ငွေကျပ် ၅၈၃၁ ဒသမ ၅၉၃ ဘီလီယံဖြစ်သည့်အတွက် ပြည်တွင်း အခွန်များဦးစီးဌာနအနေဖြင့် စုစုပေါင်း အခွန်အကောက်များ၏ ၇၇ ဒသမ ၂၈ ရာခိုင် နှုန်းခန့်ကို တာဝန်ယူ ကောက်ခံပေးရမည် ဖြစ်ပါကြောင်း။

 

 ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈  ဘဏ္ဍာရေးနှစ်အတွင်း ပြုပြင်ပြီးလျာထားချက် ၅၈၃၁ ဒသမ ၅၉၃ ဘီလီယံအပေါ် ကောက်ခံရရှိမှုအနေဖြင့် ပထမ (၆) လပတ် ဧပြီလမှ စက်တင်ဘာလအထိ ကောက်ခံရရှိမှု ၂၃၆၄ ဒသမ ၉၅၇ ဘီလီယံ၊ ဒုတိယ (၆) လပတ် အောက်တိုဘာလမှ  မတ်လအထိ ၃၂၇၅ ဒသမ ၁၄၁ ဘီလီယံဖြစ်ပြီး စုစုပေါင်းကောက်ခံရရှိမှု ၅၆၄၀ ဒသမ ဝ၉၈ ဘီလီယံဖြစ်ရာ တစ်နှစ် လုံးအနေဖြင့် လျာထားချက်အပေါ် ၉၆ ဒသမ ၇၂ ရာခိုင်နှုန်းကောက်ခံ ရရှိခဲ့ပါ ကြောင်း။

 

အခွန်ဝန်ဆောင်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာရေးနှင့်  ဝန်ထမ်းများမသမာမှု ကင်းရှင်းရေးအတွက် ထိုက်သင့်သော သက်သာချောင်ချိရေးများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အခွန်ကောက်ခံမှုစနစ်ကို ခေတ်မီ ICT နည်းပညာ များ အသုံးပြုကောက်ခံနိုင်ရန် ITAS (Integrated Tax Administration System) စနစ်ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ ပြည်သူလူထုသို့ အခွန်ပညာပေးမှုများကို တိုး မြှင့်လုပ်ဆောင်လျက်ရှိသည့်အပြင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ (Tax Administration Law) ကိုလည်း လွှတ်တော်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း။

 

အခွန်ကောက်ခံရရှိမှု၊ အခွန်စနစ်များနှင့်ပတ်သက်ပြီး အကြံပြုဆွေးနွေးခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးသုံးသပ်မှုများကို မှတ်တမ်းတင်ထားရှိပြီး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း  ရှင်းလင်းပြောကြားသည်။

 

အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် ဦးဘိုကြီးက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော ကော်မတီ၏ အစီရင်ခံစာ (၁၁/၂၀၁၈)ကို ဖတ်ကြားတင်ပြပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင် သွင်းသည်။ပြည်ထောင်စုလွှတ်တော် နာယကက ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။ 

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီထံမှ ချေးငွေယူရိုသန်း ၇၀ ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ယခု AFD ချေးငွေ ယူရိုသန်း(၇၀)အပေါ် ပေးရမည့်အတိုးသည် ခန့်မှန်း အတိုးနှုန်း ဝ ဒသမ ၇၇ ရာခိုင်နှုန်းဖြင့် တွက်ချက်ပါက ယူရို (၈ ဒသမ ၂) သန်းခန့် ဖြစ်ပါကြောင်း။

 

 ယခုစီမံကိန်းအတွက် ဥရောပသမဂ္ဂ(EU)မှ ပေးအပ်သည့် ထောက်ပံ့ငွေသည် ယူရို (၉ ဒသမ ၅)သန်း ဖြစ်သည့်အတွက် ကျသင့်သည့် အတိုးထက်ပိုမိုသော ထောက် ပံ့ငွေရရှိသည်ကို တွေ့ရှိရပါကြောင်း၊ ပြင်သစ်နိုင်ငံ အပါအဝင် EU အဖွဲ့အစည်းက မြန်မာနိုင်ငံသို့ ငွေကြေးအကူအညီများ စဉ်ဆက်မပြတ် ပံ့ပိုးပေးနေခြင်းကို တွေ့မြင်နိုင် မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဦးဆောင်အကောင် အထည်ဖော်ဆောင်ရွက်မည့် သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းပါးတလျှောက်ဖွံ့ဖြိုးရေး နှင့် မြို့ပြယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးမဟာဗျူဟာ စီမံကိန်းဆောင်ရွက်နိုင်ရန် ပြင်သစ်နိုင်ငံ AFD ထံမှ ချေးငွေယူရို (၇၀)သန်း ချေးယူနိုင်ရေး ကိစ္စကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းသည်။

 

ပြည်ထောင်စုလွှတ်တော် နာယကက ယင်းချေးငွေကိစ္စနှင့်စပ်လျဉ်း၍လွှတ်တော် အပိုင်းတွင် ထပ်မံစိစစ်လေ့လာရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်းနှင့် ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ လွှတ်တော်ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးပြီး အဆိုပါ ပြည်ပချေးငွေနှင့်ပတ်သက်သည့် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဆက်လက်ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ဖတ်ကြားတင်သွင်းနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်သမ္မတထံမှ ပေးပို့ ထားသော မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စနှင့် စပ်လျဉ်း၍ မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နိုင်ငံများအကြား နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးပါရန် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေနှင့်အညီ တင်သွင်းအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

ပြည်ထောင်စုလွှတ်တော် နာယကက နားလည်မှုစာချွန်လွှာတွင် ပါဝင်လက်မှတ် ရေးထိုးရေးကိစ္စနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသွားရန် လျာထားသဖြင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ် များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။ 

 

 ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော အပြည်ပြည်ဆိုင်ရာ ရော်ဘာသု တေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဘုတ်အဖွဲ့သို့ ဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးထည့်ဝင် ရန်ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်တွင် အရည်အသွေးကောင်း ရော်ဘာများ တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေးအပေါ် အကျိုးသက်ရောက်မှုရှိပြီး ပို့ကုန်ဈေးကွက်နှင့် ဈေး ကောင်းရရှိရေး ဖန်တီးနိုင်မည်ဖြစ်သည့်အတွက်  မြန်မာ့ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု ကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အသင်းဝင်ခွင့်ပြုနိုင်ပါ ရန်လိုအပ်ပါကြောင်း။

 

IRRDB အသင်းဝင်ဖြစ်ပါက  နိုင်ငံတော်အနေနှင့် နှစ်စဉ်ကြေး အမေရိကန် ဒေါ်လာ (၅၈၀ဝ) နှစ်စဉ် ထည့်ဝင်ရမည်ဖြစ်ပါကြောင်း၊ နှစ်စဉ်ကြေးပေးသွင်းရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၏ ဘတ်ဂျက်တွင် ထည့်သွင်း လျာထားပြီးဖြစ်ပါကြောင်း။

 

အသင်းဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးထည့်ဝင်ရန်ကိစ္စတို့နှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့်တင်ပြဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူခွင့်ပြုချက်နှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ အတည်ပြုချက်ရယူရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံအနေနှင့် အပြည်ပြည်ဆိုင်ရာ ရော်ဘာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဘုတ်အဖွဲ့သို့  ဝင်ရောက်ခွင့်ပြုနိုင်ရေးနှင့် နှစ်စဉ်ကြေးထည့်ဝင်ခွင့်ပြုနိုင်ရေးကိစ္စရပ်အပေါ် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပေးနိုင်ပါရန် ရှင်းလင်းဆွေးနွေးသည်။

 

ပြည်ထောင်စုလွှတ်တော် နာယကက အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ဆက်လက် ဆောင်ရွက်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသွားရန် လျာထားသဖြင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပင်လယ်ကြောင်း အကောက်ခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၈)ခုနှစ်နှင့်စပ်လျဉ်း၍ ထားဝယ်မဲဆန္ဒနယ်မှ ဦးအောင်စိန်နှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးအောင်ဇင်မင်း တို့က ဆွေးနွေးကြသည်။ပြည်ထောင်စုလွှတ်တော် နာယကက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ကျင်းပမည့် အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုရန် လျာထားသဖြင့်  ဥပဒေကြမ်းပူပေါင်းကော်မတီအနေဖြင့် လိုအပ်ပါက သက်ဆိုင်ရာ လွှတ်တော်ကော်မတီများ၊ ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၊ ဆွေးနွေးသွားကြသည့် ကိုယ်စားလှယ်များနှင့် အချိန်မီ ပြန်လည်ဆွေးနွေးကြရန်  အသိပေးမှာကြားသည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကရင် ပြည်နယ်အစိုးရအဖွဲ့တို့က မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက်စီးပွားရေးစြင်္ကန်လမ်း တစ်လျှောက်ရှိ မြို့များဖွံ့ဖြိုးမှု စီမံကိန်းဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံ Neighbouring Countries Economic Development  Cooperation Agency-NEDA ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃ သန်း ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးကြသည်။

 

 လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက  မြဝတီမြို့သည် နိုင်ငံ၏ကုန်သွယ်ရေးကဏ္ဍတွင် အဓိကကျသည့်နေရာ တစ်ခုဖြစ်ပြီး နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာအခွန်အကောက် များစွာရှာဖွေပေးနေသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ထို့ပြင် မြဝတီမြို့သည် နယ်စပ်မြို့ ဖြစ်သည်နှင့်အညီ ကူးသန်းရောင်းဝယ်မှုများအပြင် နိုင်ငံခြားသား ဝင်ထွက်သွားလာမှု များပြားသည့်နေရာတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင်း နယ်စပ်မြို့များ အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာရန် လိုအပ်သည့်အတွက် မဟာမဲခေါင် ဒေသအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အနေဖြင့် အခြားအဖွဲ့ဝင်နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်ရန် အမှန်တကယ်လိုအပ် သည့်အပြင် NEDA ချေးငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများသည် အမှန်တကယ်လို အပ်သည့်လုပ်ငန်းများဖြစ်သည့်အတွက် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် ချေးငွေကို ရယူသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

 

မြဝတီမဲဆန္ဒနယ်မှ ဦးစိန်ဗိုလ်က  မြဝတီမြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လက သောင်းရင်းမြစ်ရေမကြီးသော်လည်း မြို့မှာရေလွမ်းခဲ့ပါကြောင်း၊ ထိုသို့ဖြစ်ရခြင်းသည် ရေထုတ်မြောင်းများ မရှိခြင်းကြောင့်ဖြစ်ပါကြောင်း၊ မြဝတီမြို့၏ ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရန်ချေးယူမည့် NEDA ချေးငွေသည်  ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၂၀ ၊ ချေးငွေ သက်တမ်းစုစုပေါင်း ၃၀ နှစ်ဖြစ်ပြီး အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် စီမံခန့်ခွဲမှုစရိတ် ချေးငွေပမာဏ၏ ဝ ဒသမ ၁၅ ရာခိုင်နှုန်းဖြစ်သည့်အတွက် သက်သာသော နှစ်ရှည်ချေးငွေဖြစ်သောကြောင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ဆွေးနွေးသည်။

 

ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်က မဟာမဲခေါင်ဒေသခွဲ အရှေ့ အနောက်စီးပွားရေးစြင်္ကန်လမ်းတလျှောက်ရှိ မြို့များဖွံ့ဖြိုးမှုစီမံကိန်း GMS East West Economic Corridor Town Development Project ကို လေ့လာသည့်အခါ မြို့များ ဖွံ့ဖြိုးမှုစီမံကိန်းမြို့ထဲမှ မြဝတီမြို့၏ မြို့ပြအခြေခံအဆောက်အအုံအဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃ သန်း အသုံးပြုသွားမည်ဟု သိရှိရပါကြောင်း၊ ကရင်ပြည်နယ်ရှိ မြဝတီမြို့ကို ရေကောင်းရေသန့် လုံလောက်စွာပေးဝေရေး စနစ်နှင့် အမှိုက်စွန့်ပစ်သိမ်းဆည်းမှုစနစ် ကောင်းမွန်စွာ စီမံဆောင်ရွက်ပေးနိုင်မည် ဖြစ် သည့်အတွက် အဆိုပါ စီမံကိန်းများအပေါ် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း ဆွေးနွေးသည်။ 
ထို့အတူ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးလှမြင့် (ခေါ်) ဦးလှမြင့်သန်းနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းတို့ကလည်း  ဆွေးနွေးကြသည်။

 

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်ကိုယ် စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဝင်က ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ၂၀၁၈ နိုဝင်ဘာ ၂၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွွှတ်တော် အစည်းအဝေး တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။  

 

သတင်း- မော်စီ၊ မွှေးကြူဇင်
ဓာတ်ပုံ- ကျော်ရဲဆွေ