ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

နေပြည်တော်  ၁၂  နိုဝင်ဘာ 

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာ၌ မကြာမီကာလကကျင်းပပြီးစီးခဲ့သည့်ကြားဖြတ် ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် ပြည်သူအများစုက ရွေးကောက်တင်မြှောက်ပေးလိုက်သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ငါးဦးတို့ကို ပြည်ထောင်စု လွှတ်တော်က လှိုက်လှဲစွာ ကြိုဆိုပါသည်ဟု ဦးစွာပြောကြားလိုပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော် အစည်းအဝေးများ ရပ်နားထားစဉ် ကာလအတွင်း မိမိတို့၏ မဲဆန္ဒနယ်မြေအသီးသီးကို ရောက်ရှိကြပြီး ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေး အသီးသီး၏ ဆောင်ရွက်မှု လုပ်ငန်းအတွေ့အကြုံများကို ပြန်လည် ရှင်းလင်းဆွေးနွေးခြင်းနှင့်အတူ ပြည်သူများ၏ လက်တွေ့ကျသည့် လူမှုဘဝအခြေအနေများကိုလည်း လေ့လာမြင်တွေ့ ကြားသိခဲ့ကြ ပြီးဖြစ်မည်ဟု ယုံကြည်ပါကြောင်း။

 

ပြည်သူကို ကိုယ်စားပြုခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်သည့် ဥပဒေများ ပေါ်ထွက်လာရေး ဆွေးနွေးအတည်ပြုခြင်းနှင့် အပြန်အလှန်စောင့်ကြည့် ထိန်းကျောင်းခြင်းစသည့် လုပ်ငန်းတာဝန်များသည် ဥပဒေပြု လွှတ်တော်များ၏ အဓိက တာဝန်များဖြစ်ပါကြောင်း၊ ယင်းတာဝန်ကို ဆောင်ရွက် ကြရာတွင် ပြောင်းလဲနေသည့် ခေတ်စနစ်နှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ပိုမိုရှင်သန် ခိုင်မာပြီး ဈေးကွက်စီးပွားရေးစနစ်ကို ပိုမိုတိုးတက်အောင်မြင်စေရန် အလွန်အရေးကြီး ပါကြောင်း၊ သို့မှသာ ငြိမ်းချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာစေရေးဆိုသည့် ရည်မှန်းချက်ကို တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်း နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျရာနေရာမှ ပူးပေါင်းပါဝင်ပြီး ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေ တက်ညီလက်ညီ ဆောင်ရွက်ကြရန်လိုအပ်သည်ဟု ပြောကြားလိုပါကြောင်း။

 

လက်ရှိတွင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ခဲ့သည်မှာ သုံးနှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်တွင်း ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်အဖြစ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ တစ်နိုင်ငံဖြစ်ရန်အတွက် တည်ငြိမ်မှုနှင့် လုံခြုံမှုရှိအောင် ဦးစားပေးလုပ်ကိုင်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး နိုင်ငံသားအားလုံးက အမြတ်တနိုး တန်ဖိုးထားကြရမည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အောင်မြင်ဖြစ်မြောက်စေလိုသည့် ဆန္ဒဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေးဆောင်ရွက်နေသည်ကို တွေ့မြင်ကြ ရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ဥပဒေပြုရေးမဏ္ဍိုင်တွင် တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်နေကြသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း တဒင်္ဂ ငြိမ်းချမ်းရေး မဟုတ်သည့် ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ခိုင်မာရေးတို့ကို အတူတကွ ဖော်ဆောင်ပေးနိုင်ရန်အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 

ယနေ့စတင် ကျင်းပပြုလုပ်သည့် ဒသမပုံမှန်အစည်းအဝေးကာလအတွင်း လွှတ်တော်အသီးသီးတွင် ကျန်ရှိနေသည့် ဆောင်ရွက်ဆဲ ဥပဒေကြမ်းများကို ဦးစားပေးအလိုက် အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ အလားတူ လွှတ်တော်အသီးသီး၏ အခြားသော လွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန် များကိုလည်း တစ်ချိန်တည်းတွင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မကြာသေးမီ ရက်ပိုင်းကပင် ဒသမပုံမှန်အစည်းအဝေး အပါအဝင် ၂၀၁၉ ခုနှစ်အတွင်း လွှတ်တော် အသီးသီး၏ ပုံမှန်အစည်းအဝေးများ ကျင်းပပြုလုပ်မည့် လျာထားချက် ကာလကို နေ့ရက်များနှင့်တကွ အမိန့်ကြော်ငြာစာ ထုတ်ပြန်ဆောင်ရွက်ထားရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများနှင့် လွှတ်တော်ရုံး အသီးသီးတို့အနေဖြင့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခုကဲ့သို့ လွှတ်တော်ပုံမှန်အစည်းအဝေးများ တစ်နှစ်စာ လျာထားကာလ ထုတ်ပြန်ပေးနိုင်သည့် အတွက် လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရန် မျှော်လင့်ပါကြောင်း၊ သို့သော်လည်း လွှတ်တော်အသီးသီး၏ လုပ်ငန်း လိုအပ်ချက်အပေါ် မူတည်ပြီး လျာထားကာလ၊ နေ့ရက်များ ပြောင်းလဲမှုရှိနိုင်သည်ကိုလည်း ကြိုတင်အသိပေး ပြောကြားလိုပါကြောင်း၊ ထို့ပြင် ပုံမှန်မဟုတ်သည့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်ပါက အရေးပေါ်၊ အထူးအစည်းအဝေးများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။

 

၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်အလိုက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲခွင့် အဆိုပြုချက်များကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား တင်ပြဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ပါ ကြောင်း၊ ယနေ့အထိ မြို့နယ်ပေါင်း ၃၁ မြို့နယ်မှ တင်ပြထားပြီး ၈ မြို့နယ် ခွင့်ပြုထား ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့် မြို့နယ်များအနေဖြင့် အချိန်မီ တင်ပြဆောင်ရွက်ရန် အသိပေးမှာကြားလိုပါကြောင်း။

 

နိုင်ငံသားပြည်သူများကို ကိုယ်စားပြုသည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်း ထားသည့် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုး စီးပွားကို အဓိကထားပြီး ဥပဒေပြုရေးအပါအဝင် အခြားသော လွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက် ကြရဦးမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ မှန်ကန်သည့် စိတ်ကောင်းစေတနာထားရှိမှု၊ ဇွဲလုံ့လ ကိုယ်စီရှိမှုနှင့် အမြော် အမြင်ရှိစွာဖြင့် သုံးသပ်ဆောင်ရွက်ပေးနိုင်မှု စသည့် အခြေခံ အရည်အချင်းများကို အသုံးပြုပြီး ပြည်ထောင်စုကြီး အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်နိုင်ကြစေကြောင်း။

 

မိမိတို့နိုင်ငံနှင့် နိုင်ငံသားများသာမက နိုင်ငံတကာက အလေးထားသည့် ဥပဒေပြု လွှတ်တော်အသီးသီးအဖြစ် ရပ်တည်နိုင်စေရေးအတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးက မှန်ကန်သည့် လုပ်နည်းလုပ်ဟန်များဖြင့် မိမိတို့၏ ကိုယ်စီ တာဝန်ကျေပွန်မှုများကို ထုတ်ဖော်ပြသနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သွားရောက်ခဲ့သည့် ပြည်ပခရီးစဉ်မှတ်တမ်းများနှင့် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ပခရီးစဉ်များကို တင်ပြခြင်း၊ လွှတ်တော်က မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ယင်းနောက် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက  နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တိုးချဲ့ဖွဲ့ စည်းခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာက ပေးအပ်သည့် ကူညီထောက်ပံ့မှု များကို နိုင်ငံတော်၏ မူဝါဒစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိရောက်စွာကြီးကြပ် ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ၏ အရေးပါသည့်အခန်းကဏ္ဍကို ထိရောက်စွာ မြှင့်တင်ရာ၌ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသော တာဝန်ယူမှုရှိသည့်  ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့တွင် “ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန” ကို ဖြည့်စွက်ဖွဲ့စည်းရန် လိုအပ်လျက် ရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် လိုအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

 

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယက က ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ဦးမျိုးဝင်းကို ခန့်အပ်တာဝန် ပေးလိုသည့် သဝဏ်လွှာကို လွှတ်တော်သို့တင်ပြပြီး ယင်းကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် ကန့်ကွက် သူမရှိပါက အတည်ပြုခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

ယင်းနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်များပါဝင်သော အစီရင်ခံစာကိုဖတ်ကြားပြီး ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်း ဆွေးနွေးလိုသည့် ကိုယ်စားလှယ် များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက နိုင်ငံတော် သမ္မတထံမှပေးပို့သော ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စီမံအုပ်ချုပ်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများနှင့် တက္ကသိုလ်များဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးနှင့် နှစ်စဉ်ကြေးထည့်ဝင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ ပညာအရည် အချင်းပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ပေါ်ထွက်လာစေရေးအတွက် လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် ဗဟိုဝန်ထမ်းတက္က သိုလ်များအား IASIA သို့အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ပြုမည်ဆိုပါက နိုင်ငံတကာ အသိပညာ၊ ဗဟုသုတနှင့် အတွေ့အကြုံ ကောင်းများကို ဖလှယ်လေ့လာနိုင်ခြင်း၊ ပညာရေး နှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကို မြှင့်တင်ဆောင်ရွက်နိုင်ခြင်းနှင့် အတွေ့အကြုံများ ဖလှယ်နိုင်ခြင်း၊  နိုင်ငံတကာ သုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စာတမ်း များပြုစုခြင်း၊ သုတေသနပြုလုပ်ခြင်း၊  ညှိနှိုင်းဆွေးနွေးခြင်း ဆောင်ရွက်နိုင်မည့် အခွင့် အလမ်းကောင်းများရရှိနိုင်ခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိ ပညာဌာနများ၊ သုတေ သနနှင့် ဖွံ့ဖြိုးမှုဌာန၊ သင်တန်းရေးရာဌာနများ၏ အုပ်ချုပ်မှု၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲ မှုဆိုင်ရာ အရည်အသွေး တိုးတက်မြင့်မားလာစေခြင်း၊ နိုင်ငံတကာအဆင့်အတန်းဝင် အသိအမှတ်ပြု တက္ကသိုလ်များဖြစ်လာနိုင်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများ လေ့ကျင့်သင်ကြား ခြင်းအတွက် နိုင်ငံတကာအဆင့်မီ အဆင့်မြင့်နည်းပညာ အတွေ့အကြုံကောင်းများ ရယူဖလှယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း လွှတ်တော်သို့ ရှင်းလင်း တင်ပြသည်။

 

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယကက ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပင်လယ်ကြောင်း အကောက်ခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၈) ခုနှစ်တွင်  အမည်ခေါ်တွင်ခြင်း(၁)ခု၊ စကားရပ်အစားထိုးခြင်း (၁၁) ခု၊ မူလပုဒ်မ အစားထိုးခြင်း(၃)ခု၊ ပုဒ်မခွဲအသစ်ဖြည့်စွက်ခြင်း(၉)ခုနှင့် ပုဒ်မအသစ်ဖြည့် စွက်ခြင်း (၆)ခုတို့ ပါဝင်ပါကြောင်း။

 

ပင်လယ်ကြောင်း အကောက်ခွန်အက်ဥပဒေသည် မူလထုတ်ပြန်စဉ်က အင်္ဂလိပ် ဘာသာဖြင့်သာ ထုတ်ပြန်ထားခြင်းဖြစ်ပြီး ပြင်ဆင်ခဲ့သည့် (၅)ကြိမ်စလုံးတွင်လည်း အင်္ဂလိပ်ဘာသာဖြင့်သာ ပြင်ဆင်ပြဋ္ဌာန်း ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယခု ပင်လယ်ကြောင်း အကောက်ခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(၂၀၁၈)ခုနှစ်ကိုလည်း အင်္ဂလိပ်ဘာသာဖြင့်ပင် အစားထိုးပြင်ဆင်ထားခြင်းဖြစ်ပါကြောင်း၊  ပင်လယ်ကြောင်း အကောက်ခွန်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈)ခုနှစ်(မူကြမ်း) အပေါ် ပြည်ထောင်စုလွှတ်တော်က  ဆွေးနွေးသုံးသပ်၍  အတည်ပြုပေးနိုင်ပါရန် တင်ပြပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယကက ဥပဒေကြမ်းပူး ပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပါဝင်သော အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန်လျာထားကြောင်းနှင့် လွှတ်တော် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန က လူစီးတွဲဝယ်ယူရေး စီမံကိန်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထံမှ အတိုးမဲ့ချေး ငွေ ယွမ် သန်း ၈၀ ရယူ ရန်ကိစ္စနှင့်စပ်လျဉ်း၍ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံသည် စာချုပ်ပါ ရည်ရွယ်ချက်များအား အခြားအဖွဲ့ဝင် နိုင်ငံများတန်းတူ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ၏ Digital Innovation နှင့် Seamless Logistics တို့အတွက် အထောက်အပံ့များ ရရှိစေမည်ဖြစ်ပြီး အာဆီယံဒေသတွင်း ပေါင်းစပ်ဆက်သွယ်မှုကိုလည်း ပိုမိုကောင်းမွန် လာစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိးတိုးတက်မှုများကို များစွာအထောက်အကူပြုနိုင်မည်ဖြစ် ပြီး မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ကူးပြောင်းမှုဖြစ်စဉ် အောင်မြင်စေရေးအတွက် အားပေး ကူညီပေးနိုင်မည်ဖြစ်ပါသဖြင့် ဤစာချုပ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် လွှတ်တော်က အတည်ပြုပေးစေလိုပါ ကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယကက ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်  ဆွေးနွေးဆုံးဖြတ်ရန် လျာထားကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ ထံမှပေးပို့ထားသော ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု ၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ကျပ် ၃၁၆ ဒသမ ၉၂၅ သန်း ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများက ရှင်းလင်းကြသည်။

 

  ယင်းကိစ္စနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက အရေးပေါ်ရန်ပုံငွေမှ သုံးစွဲခြင်းသည် ၂၀၁၈ ခုနှစ် (၆) လ ဘတ်ဂျက်ကာလ အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်တွင် ပါဝင်ခြင်းမရှိခဲ့သောကြောင့် စီမံကိန်းကို လျာထားချက်နှင့်အညီ အကောင်အထည် ဖော်နိုင်ရန် စီမံကိန်းရန်ပုံငွေကို သုံးစွဲနိုင်ရေးအတွက် အရအသုံးစာရင်းဝင်ရန်အတွက်သာ တောင်းခံသုံးစွဲခဲ့ခြင်းဖြစ်ပါကြောင်းနှင့် ငွေကြေးသုံးစွဲမှုများကို မှတ်တမ်းများ စနစ်တကျ ထားရှိပါကြောင်း  ရှင်းလင်းပြောကြားသည်။

 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက နိုင်ငံတော်သမ္မတ ထံမှပေးပို့ထားသော ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေ ပါ အရေးပေါ်ရန်ပုံငွေမှ ကျပ် ၃၁၆ ဒသမ ၉၂၅ သန်း ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ပြည်သူအများ လမ်းပန်းဆက်သွယ်ရေးသွားလာမှု ကောင်းမွန်မြန်ဆန်းရေး အတွက်  ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန္တလေး -လာရှိုး- ဗန်းမော်-မြစ်ကြီးနားလမ်း ပေါ်ရှိ တံတားအမှတ်(၁/၃၆၆)အား ရန်ပုံငွေကျပ် ၁၃ သန်းဖြင့် အရှည် (၇၀)ပေ ဘေလီ တံတားထိုးခြင်းနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ ဆွာချောင်းတံတား (အသွား လမ်း)တွင်  ရန်ပုံငွေ ကျပ်(၂၀၂) သန်းဖြင့် အရှည် (၄၂၀) ပေ နှစ်လွှာတစ်ထပ် ဘေလီတံတားထိုးခြင်း လုပ်ငန်းများအတွက် ပြည်ထောင်စု အရေးပေါ်ရန်ပုံငွေမှ စုစုပေါင်းရန်ပုံငွေကျပ် ၂၁၅ သန်း တင်ပြတောင်းခံ၍  တည်ဆောက်ခဲ့ခြင်းအား ပြည်ထောင်စုအစိုးရအဖွဲ့မှ ခွင့်ပြုထားခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပေးနိုင်ပါရန် ရှင်းလင်းပြောကြားသည်။

 

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတ ထံမှပေးပို့ထားသော ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေပါအရေးပေါ်ရန်ပုံငွေမှ ဝန်ကြီးဌာနနှစ်ခု ခွဲဝေသုံးစွဲခဲ့မှုများကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံ တော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်း များဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ယူရိုသန်း ၇၀ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းပါးတစ်လျှောက် ဖွံ့ဖြိုးရေးနှင့် မြို့ပြယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး မဟာဗျူဟာ စီမံကိန်း Transport, Waterways and Heritage  Urban Project အတွက် ပြင်သစ် နိုင်ငံ  AFD ထံမှ ချေးငွေ ယူရို သန်း ၇၀  ရယူနိုင်ရေးကိစ္စကို  ပြည်ထောင်စုလွှတ် တော်က  ဆွေးနွေးသုံးသပ်၍ အတည်ပြုချက် ရယူပေးနိုင်ပါရန်  တင်ပြပါကြောင်း ရှင်းလင်း ပြောကြားသည်။

 

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယက က ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနက လူစီးတွဲဝယ်ယူရေး စီမံကိန်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထံမှ အတိုးမဲ့ ချေးငွေ ယွမ် သန်း ၈၀ ရယူ ရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းကြသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန က လူစီးတွဲဝယ်ယူရေး စီမံကိန်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထံမှ အတိုးမဲ့ချေး ငွေ ယွမ် သန်း ၈၀ ရယူ ရန်ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ့မီးရထား၏ လက်ရှိသက်တမ်းလွန် လူစီးတွဲသစ်များ ဝယ်ယူအစားထိုးခြင်းဖြင့် ၂၀၂၇ ခုနှစ်တွင် လိုအပ်လာမည့် လူစီးတွဲ အရေအတွက်အား  ဖြည့်တင်းပေးနိုင်မည်ဖြစ်ပြီး၊ ယုံကြည်မှုစွမ်းရည်နှင့် ခရီးသည်ပို့ ဆောင်ရေးအတွက်၊ ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရန် ရည်ရွယ်ထားပါကြောင်း၊ တရုတ်ပြည်သူသမ္မတနိုင်ငံမှ အတိုးမဲ့ချေးငွေ ယွမ်သန်း ၈၀ ဖြင့် လေအိတ်ဘိုဂီပါ အထက်တန်းလူစီးတွဲ ၁၄ တွဲနှင့် လေအိတ်ဘိုဂီပါ ရိုးရိုးတန်းလူစီးတွဲ ၁၄ တွဲ  စုစုပေါင်း လူစီးတွဲသစ် ၂၈ တွဲ ဝယ်ယူလိုပါကြောင်း၊ အဆိုပါတွဲများကို  ရန်ကုန်- မန္တလေး လမ်းပိုင်းတွင် တွဲဆိုင်း ၂ ဆိုင်းဖွဲ့ဆင်ပြီး အစုန်၊ အဆန်ရထား ပြေးဆွဲခြင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

 

ရန်ကုန်- မန္တလေးလမ်းပိုင်းတွင် နေ့စဉ်ရထားတစ်စင်း၌ ပျှမ်းမျှခရီးသည်ဦးရေ ၁၀ဝ၀ ကျော်စီးနင်း လိုက်ပါလျက်ရှိပြီး ဝင်ငွေအားဖြင့် တစ်ဆိုင်းပျှမ်းမျှ ကျပ်သိန်း ၄၀ ကျော်ရရှိပါကြောင်း၊ လူစီးတွဲ ၂၈ တွဲ ထပ်မံဖြည့်တင်း ပြေးဆွဲနိုင်ခြင်းအားဖြင့် ခရီးသွား ပြည်သူအရေအတွက်  ပိုမိုတိုးတက်လာစေရန်၊ ခရီးသွားပြည်သူများ၏ ဘေးအန္တရာယ် ကင်းရှင်းမှု၊ စိတ်ချမ်းမြေ့မှုတို့ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်နှင့် မြန်မာ့မီးရထား၏ ဝင်ငွေနှင့် စွမ်းဆောင်ရည်တိုးတက်လာပြီး မြန်မာ့မီးရထား၏ပုံရိပ် ပိုမိုကောင်းမွန်လာရန် မျှော်မှန်းပါကြောင်း။

 

သို့ဖြစ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံထံမှ လူစီးတွဲသစ် ၂၈ တွဲ ဝယ်ယူရေးစီမံကိန်းအတွက် အတိုးမဲ့ချေးငွေ ယွမ်သန်း ၈၀ ရယူရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြအပ် ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယက က ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ရှမ်းပြည်နယ် တောင်ကြီးခရိုင် ကလောမြို့နယ် ဟဲဟိုးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ ၃ ရွာကို စုစည်း၍ ရပ်ကွက် ၅ ရပ်ကွက် ပါဝင်သော ဟဲဟိုးမြို့အဖြစ် တိုးချဲ့ဖွဲ့စည်းခြင်း၊ ကျေးရွာ ၅ ရွာကို စုစည်း၍ ဝါးရုံပင်ကျေးရွာအုပ်စုအဖြစ် အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ကျေးရွာ ၃ ရွာကို စုစည်း၍ စကားအင်းကျေးရွာအုပ်စုအဖြစ် တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းပြီး ကျေးရွာ ၃ ရွာ ပယ်ဖျက်ခြင်းတို့ကို လွှတ်တော်သို့ တင်ပြပြီး မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

(သတင်းစဉ်)