ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၀)ကြိမ်မြောက် အစည်းအဝေး တက်ရောက်

နေပြည်တော် ဩဂုတ် ၂၉

 

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတွင် ဩဂုတ် ၂၆ ရက်မှ ၂၇ ရက် အထိ ကျင်းပခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့၏ (၁၀)ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

 

တက်ရောက်

အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး၏ ဦးစားပေးလုပ်ငန်းစဉ်များဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Dian Triansyah Djani နှင့် အာဆီယံ အသိုက်အဝန်းမျှော်မှန်းချက် စာတမ်း အမြဲတမ်းဦးဆောင်အဖွဲ့ဝင် ရေးဆွဲရေးဆိုင်ရာ မလေးရှားနိုင်ငံ၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် အငြိမ်းစားသံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမော လက်စ်တေနိုင်ငံတို့မှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဒုတိယဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုး လိုက်ပါတက်ရောက်ခဲ့သည်။

 

အစည်းအဝေးတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၉)ကြိမ်မြောက် အစည်းအဝေး အစီရင်ခံစာနှင့် ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြသည်။ ထို့နောက် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်စာတမ်း မူကြမ်းတွင် သက်ဆိုင်ရာမဏ္ဍိုင်များဖြစ်ကြသည့် စီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (HLTF-EI)၊ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင် (Committee for the ASEAN Socio- Cultural Community-SOCA) နှင့်အာဆီယံပေါင်းစည်း ဆက်သွယ်မှုဆိုင်ရာ ညှိနှိုင်းရေးကော်မတီ (ASEAN Connectivity Coordinating Committee-ACCC) များမှ ပေးပို့လာသည့် သဘောထားအကြံပြုချက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီးများအပေါ် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် စာတမ်းအား အပြီးသတ်ရေးဆွဲခဲ့ကြပြီး အဆိုပါ မျှော်မှန်းချက်စာတမ်းအား “အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ အမည်ဖြင့် သတ်မှတ်အဆိုပြုရန် သဘောတူညီခဲ့ကြသည်။

 

ဒုတိယဝန်ကြီးက ၂၀၂၅ ခုနှစ်အလွန် အာဆီယံ မျှော်မှန်းချက်တွင် အာဆီယံအသိုက်အဝန်းသည် သော်လည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား အာဆီယံနှင့် အခြားသောကမ္ဘာ့နိုင်ငံများအကြား သော်လည်းကောင်း ဖွံ့ဖြိုးမှုကွာဟချက် လျော့ကျ ရေးသည် အလွန်အရေးပါပါကြောင်း၊ သို့ဖြစ်ရာ အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးတွင် ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး အစီအစဉ် များသည် ဦးစားပေးအဖြစ် ဆက်လက်ထားရှိသင့် ကြောင်း၊ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံ များအကြား ဆွေးနွေးညှိနှိုင်း ပေါင်းစပ်မှုများသည် သင့်တော်မျှတပြီး ခိုင်မာ၍ အပြန်အလှန် အကျိုးကျေးဇူး ရှိစေမည့် စီးပွားဆက်သွယ်ရေးဖြစ်စေရန် အာဆီယံ အချက်အချာကျမှု (ASEAN Centrality) ကို အခြေပြု ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း အလေးထား ဆွေးနွေးခဲ့သည်။

 

အဆိုပါ တက်ကြွ၍ ကြံ့ခိုင်မှုရှိသော ပြည်သူဗဟိုပြု အာဆီယံဆောင်ပုဒ်ဖြင့် ၂၀၄၅ အာဆီယံ မျှော်မှန်းချက်စာတမ်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင်ပြုလုပ်မည့် (၃၄)ကြိမ်မြောက် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးတွင် အတည်ပြုချက်ရယူကာ (၄၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တင်ပြ၍ မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်