နေပြည်တော် သြဂုတ် ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ယူ ဆောင်ရွက်လျက်  ရှိသည့် ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ပဲခူး-စစ်တောင်း တူးမြောင်းရှိ ရေလွှဲ ပေါက်များ မှ ရေထုတ်နုတ်မှု နှင့် ပဲခူး-စစ်တောင်း တူးမြောင်း၏ အဓိက ရေလွှဲပေါက်ဖြစ်သော တာမိုင်(၆/၂)ရှိ ပုဂံ ညောင်ပင် ရေလွှဲပေါက် ရေလွှဲထုတ်နုတ်မှုတို့ကို သြဂုတ် (၅)ရက် မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

အလားတူ ပဲခူး-စစ်တောင်းတူးမြောင်း တာမိုင် (၁/၄) တွင် တည်ဆောက်ထားသော  အကျယ် ၅ဒသမ၅ ပေ ရေထွက်ပေါက် ၃၄ ပေါက်ရှိ ကျိုက်ပဒိုင်ရေလွှဲပေါက်ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ နွေစပါးကို နှစ်သီးစိုက်ပျိုး ဖြစ်ထွန်း နိုင်သည့် ကျိုက်ပဒိုင်ကွင်းဒေသ၌ ပထမနွေစပါး စောစောစိုက်နိုင်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ရှိသူများက ရေတံခါးများကို ထိန်းညှိ၍ ရေထုတ်နုတ်ခြင်းအား အချိန်ကိုက် ဆောင်ရွက်နိုင်ရေး၊ ပထမ နွေစပါး မရိတ်သိမ်းမီ ကြိုတင်ပျိုးထောင်၍ ဒုတိယနွေစပါးပျိုး သက်ရရှိရေး ချိန်ဆစိုက်ပျိုးကြရန် တောင်သူများကိုအကြံပြု ဆွေးနွေးမှာကြားသည်။

ကျိုက်ပဒိုင် ရေလွှဲပေါက် လွှဲထုတ်ရေများသည် အောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ပဲခူးမြစ် အရှေ့ဘက်ကမ်းပေါ်တွင် တည်ဆောက်ထားသော အကျယ် ၆ ပေ ရေတံခါး ၃၇ ပေါက် ရှိသော ပိုင်ကျုံရေထိန်းတံခါးမှတဆင့် ပဲခူးမြစ်အတွင်းသို့ တိုက်ရိုက် ရေထုတ်လွှတ်လျက်ရှိသည်။

ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် သီးနှံများ ထိခိုက် ပျက်စီးမှု သက်သာစေရေးနှင့် ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှု လျှော့ကျခြင်း မဖြစ်ပေါ်စေရေး ကွင်းဆင်းဆောင်ရွက်စဉ် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ပဲခူးမြစ်ရေ ကြီးမြင့်မှုကြောင့် ရေကြီး နစ်မြုပ်လျက်ရှိသော စိုက်ပျိုးမြေများ အမြန်ပြန်လည် ပေါ်လာစေရေး ၊ ပဲခူး-စစ်တောင်း တူးမြောင်းအဆုံးရှိ တာဝရေတံခါး (Tawa Lock Gate) မှ တူးမြောင်းရေများ လျော့ချခြင်းကို ဂရုပြုစီမံဆောင်ရွက်ရန်နှင့် လိုအပ်သော ကူညီပံ့ပိုးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်