နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅
၂/ ၈၀ ချည်အသုံးပြုသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပလျက်ရှိသည့် ဥပ္ပါတသန္တိစေတီအနီးရှိ တပေါင်းကွင်း၊ ယာယီကွပ်ကဲရေးရုံး၌ ကျင်းပပြုလုပ်ရာ စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးမှူးများ၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရက်ကန်းလုပ်ငန်းရှင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ၌ ၂/ ၈၀ ချည်များ ထုတ်လုပ်နေသကဲ့သို့ အမှတ် (၇) အထည်စက်ရုံ (မြစ်သား) တွင်လည်း ထုတ်လုပ်လျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ထုတ်လုပ်လျက်ရှိသည့် ၂/ ၈၀ ချည်များကို သုံးစွဲသူရက်ကန်းလုပ်ငန်းရှင်များ၏ အကြံပြုချက်များနှင့်အညီ အရည်အသွေးကောင်းမွန်အောင် ထုတ်လုပ်ခဲ့ကြောင်း၊ ထုတ်လုပ်သူများအနေဖြင့် ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးများ တိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ရာတွင် သုံးစွဲသူများလိုအပ်သည့် အရည်အသွေးများအတိုင်း ထုတ်လုပ်နိုင်မှသာ အောင်မြင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း ဖြစ်ကြောင်း၊ ပြည်တွင်းဝတ်ဆင်ရေးကဏ္ဍ ဖူလုံစေရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ)၊ ဒုတိယစက်ရုံမှူးက ၂/ ၈၀ ချည်များအသုံးပြု၍အထည်များ ရက်လုပ်နေမှု၊ ချည်များထုတ်လုပ်နိုင်ရေးအတွက် ကုန်ကြမ်းသုံးစွဲမှု အခြေအနေတို့ကို လည်းကောင်း၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူက ၂/ ၈၀ ချည်များထုတ်လုပ်နိုင်ရေးအတွက် စက်များတပ်ဆင်ခဲ့မှု၊ ချည်များ၏ အရည်အသွေး ကောင်းမွန်စေရေးအတွက် ကုန်ကြမ်းများစိစစ်သုံးစွဲမှု၊ ချည်များထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ရက်ကန်းလုပ်ငန်းရှင်များက ပြည်တွင်းထုတ်ချည်များကို အသုံးပြု၍ ပိတ်များရက်လုပ်နေမှု၊ ပြည်တွင်းမှ ထုတ်လုပ်သည့် ၂/ ၈၀ ချည်များအား စပ်သပ်အသုံးပြုမည့်အခြေအနေတို့နှင့် ၂/ ၈၀ ချည်များစဉ်ဆက်မပြတ် ဝယ်ယူရရှိရေးဆောင်ရွက်ရမည့်အခြေအနေများကို ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက လုပ်ငန်းရှင်များ၏ တင်ပြချက်များကို အသေးစိတ်ပြန်လည် ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် လုပ်ငန်းရှင်များနှင့်အတူ ခင်းကျင်းပြသထားသည့် ၂/ ၈၀ ချည်များ၊ ၂/ ၈၀ ချည်အသုံးပြုရက်လုပ်ထားသည့် ပုဆိုးနှင့် ပိတ်များအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
