ဒုတိယဝန်ကြီး ဦးဌေးလှိုင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲတက်ရောက်

ဇမ္ဗူသီရိ ဇန်နဝါရီ ၆

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ ကိုးနဝင်း ဆုတောင်းပြည့်ဘုရား အောင်ချမ်းသာဓမ္မာရုံအတွင်း ကျင်းပသည်။

 

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများက ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး ဆောင်ရွက်ပြီးစီးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားကို ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးထိန်ဝင်း၊ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းတို့က ရပ်ကွက်နေပြည်သူ များနှင့် ကျောင်းသား/ကျောင်းသူများကို ပေးအပ်ရာ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိသူများ၏ကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ဇမ္ဗူသီရိမြို့နယ်အနေဖြင့် ယနေ့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း (၃၂) စု၊ နိုင်ငံသား စိစစ်ရေးကတ်ပြား (၁၅၃) ကတ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပန်းခင်းစီမံချက်ကာလအတွင်း ပြည်သူ (၅၇၃၁) ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရန် လျာထားခဲ့ပြီး ယနေ့အထိ  အိမ်ထောင်စုပေါင်း (၁၄၂၈) စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၇၃၅) ဦးအထိ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ (၆၇)ရာခိုင်နှုန်း ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်းနှင့် ရာခိုင်နှုန်းပြည့် ပြီးစီးသည်အထိ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်