နေပြည်တော် ဇန်နဝါရီ ၉
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RYZHENKOV တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး၊ ဘယ်လာရုစ်စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဘယ်လာရုစ်တက္ကသိုလ်၏ ဒုတိယ ပါမောက္ခချုပ်နှင့် ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု (၂၅)နှစ်ပြည့် မြောက်ခဲ့သည့် အခါသမယ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်များတွင် အောင်မြင်မှုများ ရရှိခဲ့သည့်အခြေအနေ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ပညာရေးနှင့် ကာကွယ်ရေး ကဏ္ဍများအပါအဝင် နှစ်နိုင်ငံပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနှင့် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ အလုပ်သဘောနေ့လယ်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ညနေပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လေကြောင်းခရီးဖြင့် နေပြည်တော်မှ ရန်ကုန်မြို့သို့ ထွက်ခွာသွားရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)