ဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်း သီလဝါဆိပ်ကမ်းဥပစာလမ်း (၄) လမ်းသွား လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

ရန်ကုန်၊ ဧပြီ ၂၈

သီလဝါဆိပ်ကမ်း ဥပစာလမ်း (၄) လမ်းသွားလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် သီလဝါဆိပ်ကမ်းဧရိယာ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တက်ရောက်ဖွင့် လှစ်ပေးသည်။

လမ်းသစ်ဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအမှူးများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်းများနှင့် သီလဝါဆိပ်ခံတံတားများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ နိုင်ငံတကာ ကုန်သွယ်မှုအတွက် ဝင်/ ထွက်ပေါက်ဖြစ်သည့် သီလဝါဆိပ်ကမ်း ဧရိယာအတွင်း ပင်လယ်ရေကြောင်းဖြင့် တင်သွင်း၊ တင်ပို့ကြမည့်ကုန်စည်များ၊ ကုန်သေတ္တာများကို လွယ်ကူ လျင်မြန်ချောမွေ့စွာ သယ်ယူပို့ဆောင်ပေးနိုင်ရေးတို့အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ကြီးကြပ်မှု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်လျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်း တို့၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှု၊ သီလဝါဆိပ်ကမ်းတံတား လုပ်ငန်းရှင်များ၏ အချိုးကျငွေကြေး ထည့်ဝင်မှုနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်တာဝန်ခံ စီမံခန့်ခွဲမှုတို့ဖြင့် သီလဝါ ဆိပ်ကမ်း ဥပစာလမ်း၊ (၄) လမ်းသွား လမ်းသစ်ကြီးကို သတ်မှတ်ကာလအချိန်တိုအတွင်း အောင်မြင်စွာတိုးချဲ့ ဖောက်လုပ်ဖွင့်လှစ်နိုင်ခဲ့ကြောင်း။

မြန်မာနိုင်ငံသည် နိုင်ငံတကာ ကုန်သွယ်မှုတန်ဘိုး၏ ၇၅ ရာခိုင်နှုန်းကိုပင်လယ်ရေကြောင်းဖြင့် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် အဓိကထားကုန်သွယ်လျက်ရှိကြောင်း၊ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကစ၍ နိုင်ငံတကာကုန်သွယ်မှုပမာဏ တိုးတက်များပြားလာသည်နှင့်အမျှ သီလဝါဆိပ်ကမ်း ဧရိယာတွင် ပို့ကုန်တင်ပို့ခြင်းနှင့် သွင်းကုန်ထုတ်ယူခြင်းလုပ်ငန်းများ ပိုမိုမြန်ဆန်သွက်လက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဆိပ်ကမ်းဧရိယာများသို့ ဆက်သွယ်ထားသည့် ရထားလမ်း၊ ကားလမ်းများကိုအဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်လာကြောင်း၊ ထို့အပြင် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ ပိုင်ဆိုင်မှုပမာဏများပြားလာပြီး သီလဝါဧရိယာရှိ စက်သုံးဆီ ဆိပ်ကမ်းတံတားများကို ပုဂ္ဂလိကသို့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်ပြုထားသည့်အတွက် စက်သုံးဆီတင်ကားကြီးများဖြင့် ခေါက်ရေ ပိုမိုသုံးစွဲလာမှုကြောင့် ယခင် ၂ လမ်းသွားလမ်းမှာ မကြာခဏ ပိတ်ဆို့မှုများ ဖြစ်လာသည့်အတွက် ယခုကဲ့သို့ သီလဝါဆိပ်ကမ်း၊ ဥပစာလမ်းကိုလမ်းလယ်ကျွန်းအပါ (၄) လမ်းသွား လမ်းသစ်အဖြစ် အဆင့်မြှင့်တင် တိုးချဲ့ဖောက်လုပ်ပေးရခြင်းဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ မြို့တော်ဝန်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က လမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ သီလဝါဥပစာလမ်း၊ (၄) လမ်းသွားလမ်းသစ်အား မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး Wilmar ဆိပ်ကမ်းတံတားသို့ ရောက်ရှိရာ လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြားသည်။

ယနေ့ဖွင့်လှစ်သည့် (၄) လမ်းသွားလမ်းသစ်သည် (၅) မိုင် (၂) ဖာလုံရှည်လျားပြီး မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းလုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေစုစုပေါင်းငွေကျပ်၂၈ ဒသမ ၃၅၀ ဘီလီယံခန့် ကုန်ကျခဲ့ပြီး (၄) လမ်းသွား မြေသားတာပေါင်ချဲ့ခြင်း လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းဖြည့်စွက်ရန်ပုံငွေဖြင့် ကြိုတင် ဖောက်လုပ်ပေးခဲ့သည့်အတွက် ကွန်ကရစ်လမ်းအဖြစ် အချိန်တိုအတွင်း အဆင့်မြှင့်တင် တိုးချဲ့ဖောက်လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် သီလဝါဆိပ်ကမ်း ဧရိယာအတွင်း ယခင်ကကဲ့သို့ ကုန်တင်ယာဉ်၊ စက်သုံးဆီတင်ယာဉ်များဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိနိုင်တော့ဘဲ ကုန်စည်စီးဆင်းမှုများလည်း ယခင်ထက် အချိန်ကုန်သက်သာပြီး ဘေးအန္တရာယ်ကင်းစွာဖြင့် လွယ်ကူမြန်ဆန်ချောမွေ့စွာ သယ်ယူပို့ဆောင်ပေးလျက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်