ပုသိမ် မတ် ၁၂
၂၀၂၆ ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်အမျိုးသား (အလွတ်တန်း)ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့ ကိုးသိန်းဖူဆယ် အားကစားကွင်း၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် X-SOLOအသင်းနှင့် Tiger Power အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ အကောင်းဆုံးအားကစားသမားဆုရရှိသည့် ကစားသမားအား ဆုတံဆိပ်နှင့် ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် Tiger Power အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို စီးပွားရေးရာဝန်ကြီး ကလည်းကောင်း၊ ပထမဆုရရှိသည့် X-SOLO အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေသားဆုနှင့် ဆုဖလားတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း ဆုများချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးသို့ တက်ရောက်ကာ “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်ဆုံးဖြတ်ပေးရမည့်ကိစ္စများ၊ ဗဟိုမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီသို့ ဆက်လက်တင်ပြဆောင်ရွက်ရမည့် ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကိစ္စများနှင့် ပတ်သက်၍ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံခန့်ခွဲရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကော်မတီဝင်များကလည်း သုံးသပ်တင်ပြရန်နှင့် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိရန် လျှောက်ထားခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


