ပုသိမ် မတ် ၉
ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပြီး မတ် ၃ ရက်မှ ဧပြီ ၃ ရက်အထိ အားကစားနည်း အမျိုး ၂၀ ကို သင်ကြားပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ကိုးသိန်းအားကစားခန်းမနှင့် ဧရာဝတီတိုင်းဒေသကြီး အဆင့်မြင့်ရေကူးကန်(ပုသိမ်)တို့၌ အားကစားနည်းအလိုက် လေ့ကျင့်သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ ကိုးသိန်းအားကစားခန်းမ၌ ပိုက်ကျော်ခြင်း အားကစားနည်းနှင့် ဘော်လီဘောအားကစားနည်း လေ့ကျင့်သင်ကြားနေမှုများကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အဆင့်မြင့်ရေကူးကန်(ပုသိမ်)၌ ရေကူးအားကစားနည်း လေ့ကျင့်သင်ကြားနေမှုကိုလည်းကောင်း လှည့်လည် ကြည့်ရှုအားပေးပြီး အားကစားနည်းအလိုက် စနစ်တကျတတ်သိ နားလည်လေ့ကျင့်လိုက်စားနိုင်ရေးအတွက် ယခုကဲ့သို့ နွေရာသီအားကစားသင်တန်းများကို ထပ်မံဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးမှသည် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်များဖြစ်သည်အထိ ကြိုးစားလေ့ကျင့် သင်ယူသွားကြစေလိုကြောင်း မှာကြား ကာ အားဖြည့်အချိုရည်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားပြိုင်ပွဲရုံ(၂)၌ ကြက်တောင်၊ ကရာတေး၊ မြန်မာ့သိုင်းအားကစားနည်းများ လေ့ကျင့်သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားကာ အားဖြည့်အချိုရည်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


