ဂျာမနီမြေပေါ်မှ အမေရိကန်တပ်ဖွဲ့အင်အား လျှော့ချမယ်ဆိုတဲ့ ထရမ့်၏အစီအစဉ်

 

ခြူးစန္ဒီနွေး

 

နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျာမနီအတွက် စိတ်မချမ်းမြေ့စရာသတင်းစကား ကြားသိလာရပါတယ်။ အဲဒီသတင်းကတော့ ဂျာမနီမြေပေါ်မှာထားရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အင်အားကို လျှော့ချတော့မယ်ဆိုတဲ့သတင်း ပါပဲ။

လေးပုံတစ်ပုံလျှော့ချ

၂၅ ရာခိုင်နှုန်းအထိ လျှော့ချမယ်လို့ အမေရိကန် သမ္မတထရမ့်အစိုးရအဖွဲ့ သတင်းပို့လာပါတယ်။ သမ္မတ ထရမ့်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး မက်အက် စပါတို့ဟာ ဂျာမနီမြေပေါ်မှာတာဝန်ထမ်းဆောင်နေတဲ့အမေရိကန်တပ်ဖွဲ့ဝင်အင်အားကို ၂၅၀၀၀ အထိကန့်သတ် သွားဖို့ ဆုံးဖြတ်ချက်မှာထောက်ခံချက်ပေးခဲ့ကြပါတယ်။ အဲဒီပမာဏဟာ တပ်ဖွဲ့ဝင်အင်အား ၉၅၀၀ လျှော့ချတာ ဖြစ်ပြီး လက်ရှိအနေအထားရဲ့ လေးပုံပုံတစ်ပုံအင်အား လျှော့ချလိုက်တာပဲဖြစ်ပါတယ်။အဲဒီဆုံးဖြတ်ချက်ဟာ ဂျာမနီအရာရှိတွေနဲ့ ဥရောပမှာတာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေအတွက်တော့ နောက်ကျော ဘက်ကနေ ထုနှက်ခံလိုက်ရသလိုပါပဲ။

ဝန်ထုပ်ဝန်ပိုးကို ပိုထမ်းသင့်

သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်သည်သာ ပထမဦးစားပေးဆိုတဲ့ အမြင်အောက်မှာ နိုင်ငံရပ်ခြား မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အင်အားကို လျှော့ချလိုက် တာပါပဲ။ ထရမ့်ထပ်ခါထပ်ခါပြောလေ့ရှိတဲ့စကားကတော့ မဟာမိတ်တွေဟာ နိုင်ငံကာကွယ်ရေးကဏ္ဍအတွက် ကိုယ်တိုင်ဝန်ထုပ်ဝန်ပိုးကို ပိုထမ်းသင့်တယ်ဆိုတာပါပဲ။ အချို့သောအရာရှိဟောင်းတွေကတော့ သမ္မတ ထရမ့် ဟာ ဒီဆုံးဖြတ်ချက်ကို ပြန်ပြီးစဉ်းစားဖို့မျှော်လင့်ကြ တုန်းပါပဲ။ ဂျာမနီမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အင်အားကို လျှော့ချလိုက်မယ်ဆိုရင် အတ္တလန္တိတ် မဟာမိတ်တွေကို အင်အားလျော့ကျစေမှာဖြစ်ပြီး ဥရောပတိုက်မှာ အမေရိကန်ရဲ့ စစ်အင်အားကို လျော့နည်းစေလိုတဲ့ ရုရှား နိုင်ငံအတွက် လက်ဆောင်တစ်ခုလည်း ဖြစ်သွားနိုင် ပါတယ်။

ထရမ့်ရဲ့မကျေနပ်မှု

အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ မြောက် အတ္တလန္တိတ်စာချုပ်အဖွဲ့ဝင်နိုင်ငံတွေကို ကာကွယ်ရေး အတွက် အသုံးပြုရတဲ့ကာကွယ်ရေးအသုံးစရိတ်ကို ထရမ့် မကျေမနပ် ဖြစ်နေခဲ့တာလည်းကြာပါပြီ။ ဂျာမနီနိုင်ငံဟာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖြစ်တာကြောင့် ကာကွယ်ရေး အသုံးစရိတ်မှာ အချိုးကျ ပိုမိုထည့်ဝင်သင့်တယ်၊ ဒါပေမယ့်လည်း ဂျာမနီနိုင်ငံဟာ သူ့ရဲ့ကိုယ်ပိုင်ကာကွယ် ရေးအသုံးစရိတ်အတွက် သုံးစွဲတာနည်းပါးလွန်းတယ် ဆိုပြီး သမ္မတထရမ့်ညည်းညူနေတာလည်းကြာခဲ့ပါပြီ။ အရာရှိတွေနဲ့ သုတေသီဟောင်းတွေကတော့ ထရမ့်ရဲ့ လုပ်ရပ်ဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ဖျက်ဆီး နေတာပဲလို့ ငြင်းခုံနေကြပါတယ်။ ဂျာမနီမှာ အမေရိကန် တပ်တွေထားရှိတာဟာ ဂျာမနီနိုင်ငံကို ကာကွယ်ဖို့ထား ရှိတာ မဟုတ်ဘူး။ အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် သာ ဖြစ်တယ်လို့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သူ ဖရက်ဒရစ်ဘီဟော့ဂျက်စ်က ပြောပါတယ်။ သူဟာ ဥရောပဆိုင်ရာ အမေရိကန်တပ်မှူးဟောင်း လည်းဖြစ်ပါတယ်။

ဥရောပမှာ ဖြုန်းတီးနေတာလား

အခုဆုံးဖြတ်ချက်ဟာ ဘယ်မဟာဗျူဟာနဲ့မှ ဘောင်မဝင်ဘူးလို့ သူကဆက်ပြောပါတယ်။ ဂျာမနီဟာ မဟာမိတ်နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံပြီးရင် အမေရိကန် စစ်အခြေစိုက် စခန်းမှာ တပ်ဖွဲ့ဝင်အများဆုံးရှိတဲ့ နိုင်ငံ လည်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အမွေအဖြစ် ဂျာမနီ မှာအမေရိကန်တပ်ဖွဲ့ဝင်တွေ အများဆုံးထားရှိပြီး စစ်အေးကာလမှာ ဥရောပကို ဆိုဗီယက်ယူနီယံရဲ့ ခြိမ်းခြောက်မှုအောက်က ကာကွယ်ပေးရာမှ အဓိက ကျတဲ့ နေရာကနေ ပါဝင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကာကွယ်ရေးအသုံးစရိတ်ကို မဟာမိတ်နိုင်ငံတွေနဲ့ မျှဝေ ကျခံဖို့ တောင်းဆိုမှုတွေအပြင်ထရမ့်ဟာ အမေရိကန် တပ်ဖွဲ့ဝင်တွေရဲ့အင်အားကို ဥရောပမှာဖြုန်းတီးနေတာ ပဲလို့ ရှုမြင်ပါတယ်။

အမေရိကန်ပုံရိပ်ကို လျော့ကျစေ

ဥရောပမှာ အမေရိကန်တပ်တွေ အလှည့်ကျထားရှိမှုနဲ့လေ့ကျင့်ပေးမှုတို့ကို လွှတ်တော်ကလည်း ထောက်ခံ ပါတယ်။ ပိုလန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ကို တိုးမြှင့်ခဲ့ပါတယ်။ ဂျာမနီမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ ဝင်အင်အားကို လျှော့ချမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ သမ္မတ ထရမ့်ရဲ့ရာထူးသက်တမ်းအတွင်း အကြီးမားဆုံးလှုပ်ရှားမှုတစ်ရပ်လည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားအရေးဖြစ်ပြီးတဲ့နောက်ပိုင်း ဥရောပမှာ အမေရိကန်တပ်ဖွဲ့ဝင်အင်အားကို ပြန်လည်တည်ဆောက် စပြုလုပ်ပါတယ်။ ထရမ့်ရဲ့လက်ထက်မှာ ဂျာမနီမြေပေါ်က အမေရိကန်တပ်ဖွဲ့ဝင်အင်အား လျှော့ချလိုက်ခြင်းဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုအပိုင်းမှာ အမေ ရိကန်ရဲ့ပုံရိပ်ကို လျော့ကျစေပါတယ်။

ထရမ့်၏ ဝေဖန်မှု

အမေရိကန်တပ်ဖွဲ့ဝင်အင်အားကို ၂၅ ရာခိုင်နှုန်းလျှော့ချလိုက်ခြင်းဟာ ကြီးမားတဲ့သက်ရောက်မှုကိုဖြစ် စေပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ စစ်ရေး လေ့ကျင့်မှုနဲ့ သင်တန်းပေးဖို့အတွက် နိုင်ငံအတွင်း အလှည့်ကျတာဝန်ထမ်းဆောင်နေရပါတယ်လို့ ဥရောပ မူဝါဒရေးဆိုင်ရာ သုတေသီတစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဟော့ဂျက်စ်က ပြောပါတယ်။ အခုဂျာမနီမှာအမေရိကန် တပ်ဖွဲ့ဝင်အင်အား ၂၅၀၀၀ ထက်ပိုပြီးမထားတော့ဘူး ဆိုရင် ဂျာမနီနိုင်ငံအတွင်း အမြဲတမ်းတာဝန်ကျတဲ့ တပ်ဖွဲ့ဝင်အင်အားဟာ လျော့ကျသွားလိမ့်မယ်လို့ သူက ပြောပါတယ်။ ဂျာမနီဟာ ကာကွယ်ရေးအပိုင်းမှာ အမေရိကန်ပေါ်မှာပဲ ရေသာခိုလိုက်နေတယ်လို့ ထရမ့် ဘက်က အချက်ပြနေခဲ့တာလည်းကြာပါပြီ။ ချမ်းသာ ကြွယ်ဝတဲ့ ဂျာမနီနိုင်ငံဟာ ကာကွယ်ရေးအတွက် ကိုယ်တိုင်အင်အားစိုက်ထုတ်ရမယ့်အစား လူမှုကူညီရေး အစီအစဉ်တွေမှာ ပိုက်ဆံအမြောက်အမြားအကုန်အကျ ခံသုံးစွဲနေတယ်လို့ ထရမ့်က ဝေဖန်ပြောဆိုခဲ့ပါတယ်။

သတိပေးခဲ့

ဂျာမနီနိုင်ငံဟာ ၂၀၁၉ ခုနှစ်မှာ ဂျီဒီပီရဲ့ ၁ ဒသမ၃၆ ရာခိုင်နှုန်းကို စစ်ရေးအတွက်အသုံးပြုခဲ့ပါတယ်။ အရင်ကထက်ပိုမိုကျခံပြီးသုံးစွဲခဲ့ပေမယ့် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ဝင်နိုင်ငံများရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဂျီဒီပီ ရဲ့ ၂ ရာခိုင်နှုန်းထိရောက်အောင်သုံးစွဲပေးဖို့ လိုနေပါသေး တယ်။ ဂျာမနီနိုင်ငံဟာစီးပွားရေးအင်အားတောင့်တင်းခိုင်မာပြီး ချမ်းသာကြွယ်ဝတဲ့နိုင်ငံဖြစ်တာကြောင့် ဥရောပက အခြားနိုင်ငံတွေထက် စစ်ရေးအင်အားမှာ ပိုမိုပြီးသုံးစွဲပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်း ကလည်း ဂျာမနီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရစ်ချက်ဂရီနယ်က ဂျာမနီဟာ ဘတ်ဂျက်မှာပိုလျှံမှု တွေရှိနေပေမယ့် နေတိုးအဖွဲ့ကြီးရဲ့လမ်းညွှန်ချက်ဖြစ် တဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ပြည့်မီအောင်သုံးစွဲခြင်း မရှိသလို ကာကွယ်ရေးအပိုင်းမှာ အမေရိကန်တပ်ဖွဲ့ကို မှီခိုအားထားနေတယ်လို့ သတိပေးခဲ့ပါတယ်။

တိုးမြှင့်သုံးစွဲ

အမေရိကန်က အခွန်ထမ်းပြည်သူတွေရဲ့ပိုက်ဆံနဲ့ ဂျာမနီမှာတာဝန်ထမ်းဆောင်နေတဲ့အမေရိကန်တပ်ဖွဲ့ ဝင်တွေအတွက် အသုံးပြုနေရချိန်မှာ ဂျာမနီနိုင်ငံကတော့ ပိုလျှံနေတဲ့ ဘတ်ဂျက်ကို ပြည်တွင်းအစီအစဉ်တွေမှာ သုံးစွဲနေတယ်လို့ အမေရိကန်သံအမတ်ကြီး ဂရီနယ် ကဆက်ပြောပါတယ်။ မစ္စတာဂရီနယ်ဟာ ယခုလအတွင်း မှာ ဂျာမနီဆိုင်ရာအမေရိကန်သံအမတ်ကြီးနေရာကနေဖယ်ပေးခဲ့ပါတယ်။ သမ္မတထရမ့်ဟာ ဥရောပမဟာမိတ် နိုင်ငံတွေကို ကာကွယ်ရေးအသုံးစရိတ်မှာ အမေရိကန် ကို မှီခိုမနေဘဲ ပိုထုတ်ကြဖို့ ဖိအားပေးနေတယ်လို့ မစ္စတာ ဂရီနယ်က ပြောပါတယ်။ သမ္မတထရမ့်ရဲ့ တိုက်တွန်းမှုနဲ့အတူ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ သူတို့ ရဲ့ ကာကွယ်ရေးအသုံးစရိတ်မှာ အမေရိကန်ဒေါ်လာသန်း ၁၄ဝ အထိတိုးမြှင့်သုံးစွဲခဲ့ကြပါတယ်။ ဒါဆိုရင် အမေရိကန် ပြည်သူတွေလည်း ဝန်ထုပ်ဝန်ပိုးအများကြီး ထမ်းစရာ မလိုတော့ဘူးလို့ သူကဆက်ပြောပါတယ်။

ပုဂ္ဂိုလ်ရေးရာ မကျေနပ်မှုလား

သုတေသီအများစု သုံးသပ်ကြတာကတော့ အမေရိကန်ရဲ့ အရွေ့ဟာ ပုဂ္ဂိုလ်ရေးရာ မကျေနပ်မှု အရိပ် အငွေ့တွေ လွှမ်းနေတယ်လို့ ပြောကြပါတယ်။ သမ္မတ ထရမ့်ဟာ ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်နဲ့ ဆက်ဆံရေးမှာ ခပ်တန်းတန်းပါပဲ။ ရာသီဥတုပြုပြင် ပြောင်းလဲရေးနဲ့ ဂျာမနီနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ရုရှားနိုင်ငံနဲ့ ဆက်စပ်တဲ့ ကိစ္စတွေမှာ အင်ဂျလာမာကယ် အပေါ် သူအမြင်မကြည်ပါဘူး။ အင်ဂျလာမာကယ်ဟာ လည်း အမေရိကန်မှာပြုလုပ်မယ့် ဂျီ - ၇ ထိပ်သီးအစည်း အဝေးကို တက်ရောက်မှာ မဟုတ်ဘူးလို့ကြေညာထားပြီး သားပါ။ ဒီလိုမျိုးအချက်တွေရှိပေမယ့် ဂျာမနီမြေပေါ်က အမေရိကန်တပ်တွေကို အင်အားလျှော့ချရာမှာ ပုဂ္ဂိုလ် ရေးရာ မကျေနပ်မှုတွေပါတယ်လို့တော့ တစ်ထစ်ချ ပြော ဆိုလို့မရပါဘူး။ ကိုးကား - နယူးယောက်တိုင်းမ်

မြန်မာ့အလင်း