ဂွမြို့နယ် Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ

ဂွ ဇူလိုင် ၂

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက် ၁၀ နာရီက Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ (Talk Show)တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးရာ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး ဝင်းအောင်က ဆင်းရဲနွမ်းပါးမှုသည် ကျောင်းနေအရွယ်ကလေးငယ်အား စာသင်ခန်းကို စွန့်ခွာစေကာ လုပ်ငန်းခွင်များဆီသို့ ရောက်ရှိသွားစေကြောင်း၊ ကမ္ဘာပေါ်တွင် အသက် ၅ နှစ်မှ ၁၇ နှစ်အကြား ကလေးအလုပ်သမား ၁၅၂ သန်းခန့်ရှိသည့်အနက်မှ ၇ ဒသမ ၄ ရာခိုင်နှုန်းသည် အာရှ-ပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍများထဲတွင် အများဆုံးရှိနေကြရာ ၂၀၁၅ ခုနှစ် စစ်တမ်းတစ်ရပ်အရ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ၁ ဒသမ ၁ သန်းကျော်ရှိနေပြီး ၎င်းတို့ထဲမှ ခြောက်သိန်းကျော်မှာ အန္တရာယ်ရှိသော အလုပ်များတွင် လုပ်ကိုင်နေကြရကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အစီရင်ခံစာတွင် သူငယ်တန်းမှ ကျောင်းဝင်လာသူများအနက် ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြပြီး အသက် ၁၂ နှစ်မှစ၍ ကျောင်းတက်နှုန်း စတင်ကျဆင်းလာကာ အသက် ၁၄ နှစ်နောက်ပိုင်း အလယ်တန်းပြီးမြောက်ချိန်တွင် သိသိသာသာ ကျဆင်းလာကြောင်း၊ ငွေကြေးမတတ်နိုင်ခြင်း၊ အိမ်အလုပ်တွင် ကူညီရခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် ဝင်ကူညီရခြင်းတို့သည် ကလေးများကျောင်းထွက်ရခြင်း၏ အဓိကအကြောင်းရင်းများတွင် ပါဝင်နေပြီး ကျောင်းထွက်သွားသူ ကလေးအများစုမှာ မိသားစု၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ၊ အခြားဝင်ငွေရလုပ်ငန်းခွင်များဆီသို့ ရောက်ရှိသွားကြခြင်းပင်ဖြစ်ကြောင်း။

 

အသက် ၅ နှစ်မှ ၁၇ နှစ်အတွင်းရှိ ကလေးများ လုပ်ငန်းခွင်များသို့ ဝင်ရောက်အလုပ်လုပ်ခြင်းဖြစ်စေ၊ အခကြေးငွေမရဘဲ အန္တရာယ်ရှိသည့် အိမ်မှုကိစ္စလုပ်ကိုင်ရခြင်းဖြစ်စေ ကလေးအလုပ်သမားဟုပင် သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ ဘေးအန္တရာယ်ရှိစေသော၊ ကျန်းမာရေးကို ထိခိုက်စေသော၊ ပညာသင်ကြားနိုင်သည့် အခွင့်အရေးကို အနှောင့်အယှက်ဖြစ်စေသော၊ စာရိတ္တနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသော နည်းလမ်းများဖြင့် လူငယ်များကို အလုပ်ခိုင်းစေခြင်းမပြုရန် ဥပဒေပြဋ္ဌာန်းချက်ရှိသကဲ့သို့ အသက် ၁၈ နှစ်မပြည့်သေးသည့် မည်သည့်အလုပ်သမားကိုမျှ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လုပ်ငန်းခွင်များတွင် အလုပ်မလုပ်စေရန်လည်း ဥပဒေပြဋ္ဌာန်းချက်ရှိကြောင်း၊ ကိုဗစ် - ၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကာလ ရှည်ကြာခဲ့ခြင်း၊ နိုင်ငံအတွင်း မတည်မငြိမ်မှုများ ဖြစ်ပေါ်လာခြင်းတို့၏ အကျိုးဆက်များက နိုင်ငံ၏စီးပွားရေးကို ထိခိုက်စေသည်ဖြစ်ရာ ကလေးအလုပ်သမားဦးရေ ပိုမိုများပြားလာအောင် တွန်းအားပေးနေသကဲ့သို့ပင် ဖြစ်နေရာ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားဦးရေ၏ ၇၀ ဒသမ ၉ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြပြီး ၁၂ ရာခိုင်နှုန်းသည် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် လည်းကောင်း၊ ၁၁ ရာခိုင်နှုန်းသည် လက်လီလက်ကား ရောင်းဝယ်ရေးနှင့် ယာဉ်၊ စက်ပြင်ဆင်ရေးလုပ်ငန်းများတွင် လည်းကောင်း ဝင်ရောက်လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံတော်တွင် အခြေခံပညာအလယ်တန်းအထိ အခမဲ့ပညာရေး အကောင်အထည်ဖော်ပေးထားပြီး အလယ်တန်းပညာရေး အောင်မြင်ပြီးမြောက်ပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူ အသက်မွေးဝမ်းကျောင်းပညာရေးသို့ ဆက်လက်သင်ကြားနိုင်ရန် ပညာရေးလမ်းကြောင်းများ ရှိနေပြီဖြစ်သည့်အပြင် နိုင်ငံတစ်ဝန်း၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်သင်ကြားသည့် အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၈၅ ကျောင်းအထိ ရှိလာပြီဖြစ်ကြောင်း။

 

က‌လေးများသည် နိုင်ငံ၏အနာဂတ်အင်အားများဖြစ်ရာ အရွယ်မတိုင်မီ လုပ်ငန်းခွင်၌ ခိုင်းစေခြင်းသည် ကလေး၏ ပညာသင်ကြားမှုအခွင့်အရေးကို ဆုံးရှုံးစေခြင်း၊ က‌လေး၏အနာဂတ်ကို ချိုးနှိမ်ဖျက်ဆီးခြင်းဖြစ်သလို နိုင်ငံအတွက်လည်း လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးစေခြင်းဖြစ်သည့်အလျောက် က‌လေးအလုပ်သမားပပျောက်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

 

ရွှေရည်ဝင်းကျော်