ဂျပန်ဝန်ကြီးချုပ်အသစ် ဘယ်သူဖြစ်လာမလဲ

တက္ကသိုလ်ဟန်စိုးဦး

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ဩဂုတ်လ ၂၈ ရက်နေ့က သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ရာထူး မှနုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။ မစ္စတာရှင်ဇို အာဘေးဟာ ၂၀၀၆ ခုနှစ်ကလည်း ပထမအကြိမ်အဖြစ် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး တစ်နှစ်အကြာ ၂၀၀၇ ခုနှစ်မှာ ကျန်းမာရေးအခြေအနေကြောင့်ပဲ ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ခဲ့ဖူးပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ဝန်ကြီးချုပ်တာဝန်တွေကို ထမ်းဆောင်ခဲ့ရာမှာ အခုနုတ်ထွက်တဲ့ ၂၀၂၀ ပြည့်နှစ် အထိ ရှစ်နှစ်နီးပါး ကြာမြင့်ခဲ့ပါတယ်။

ဝန်ကြီးချုပ် သက်တမ်းတွေ သိပ်တာရှည်မခံတဲ့ ဂျပန်နိုင်ငံမှာ မစ္စတာရှင်ဇိုအာဘေးဟာ သက်တမ်း အရှည်ဆုံးဝန်ကြီးချုပ်တစ်ဦးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ အာဏာရပါတီကြီးဖြစ်တဲ့ အယ်လ်ဒီပီပါတီ (Liberal Democratic Party-LDP) က ဝန်ကြီးချုပ်အသစ် တစ်ဦးကိုရွေးချယ်ပြီးတဲ့အချိန်အထိ မစ္စတာ ရှင်ဇို အာဘေးဟာ ဝန်ကြီးချုပ်ရာထူးကို ဆက်လက်တာဝန်ယူ သွားမှာဖြစ်သော်လည်း ဒီကာလအတွင်းမှာ မူဝါဒ အသစ်တွေကိုတော့ ချမှတ်နိုင်တော့မှာ မဟုတ်ပါဘူး။

ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်အသစ် ဘယ်သူဖြစ်လာ မလဲဆိုတာ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။ ဂျပန်နိုင်ငံရဲ့ အာဏာရပါတီ အယ်လ် ဒီပီကပါတီညီလာခံကျင်းပပြီး ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသူဟာ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်လာမှာပါ။ အယ်လ်ဒီပီပါတီအတွင်းမှာလည်း လူပုဂ္ဂိုလ် အလိုက် အုပ်စုခွဲ (faction) တွေ အများအပြားရှိနေပြီး အဓိကကျတဲ့ faction တွေရဲ့ ထောက်ခံမှုကို ရရှိသူဟာ ပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ဖြစ်လာမှာ ဖြစ်ပါတယ်။ အခုဆိုရင် ဝန်ကြီးချုပ်ဖြစ်လာနိုင်တဲ့ အလားအလာ တွေရှိနေကြတဲ့ ဂျပန်အစိုးရအဖွဲ့အတွင်းနဲ့ လွှတ်တော် အတွင်းက အဆင့်မြင့်တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ် တွေနဲ့ပတ်သက်ပြီး လေ့လာနေကြပြီ ဖြစ်ပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး လေ့လာဖော်ပြလိုက်ပါတယ်။

 

khah

(၁) ယိုရှီဟီဒေး ဆုဂ (Yoshihide Suga)

မစ္စတာ ယိုရှီဟီဒေး ဆုဂဟာ လက်ရှိဂျပန်အစိုးရ အဖွဲ့မှာ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် (Chief Cabinet Secretary) ရာထူးကို ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ မစ္စတာရှင်ဇိုအာဘေးကို ၂၀၁၂ ခုနှစ်မှာ ဒုတိယအကြိမ် ဝန်ကြီးချုပ်အဖြစ် ပြန်လည်အရွေးချယ်ခံဖို့ တိုက်တွန်းခဲ့ သူတစ်ဦးဖြစ်သလို မစ္စတာရှင်ဇိုအာဘေးရဲ့ အားကိုးရတဲ့ လူယုံတစ်ဦးလည်းဖြစ်ပါတယ်။ မစ္စတာရှင်ဇိုအာဘေး ဝန်ကြီးချုပ် ပြန်ဖြစ်လာတဲ့အခါမှာလည်း အစိုးရအဖွဲ့မှာ အရေးပါတဲ့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်ရာထူးကို မစ္စတာ ယိုရှီဟီဒေးဆုဂအား ခန့်အပ်ခဲ့ပါတယ်။ ဒီရာထူးဟာ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ပြည်သူ လူထုနဲ့ ထိတွေ့မှုအများဆုံးရှိသူဖြစ်သလို ဝန်ကြီးဌာနတွေ အကြားမှာရော ပါတီဝင်တွေအကြားမှာပါ မူဝါဒရေးရာ ညှိနှိုင်းဆောင်ရွက်ပေးရတဲ့အတွက် အရေးပါတဲ့အနေ အထားမှာ ရှိပါတယ်။
မစ္စတာ ယိုရှီဟီဒေးဆုဂသာ ဝန်ကြီးချုပ်ဖြစ်လာ ခဲ့ရင်ဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး ချမှတ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းဖို့ အလား အလာတွေ အများကြီးရှိနိုင်တယ်လို့ အယ်လ်ဒီပီပါတီ အမတ်အများစုက လက်ခံယုံကြည်ထားကြပါတယ်။ ဒါကြောင့် အယ်လ်ဒီပီပါတီတွင်းက ဩဇာတိက္ကမကြီးမား တဲ့ လွှတ်တော်အမတ်ကြီးတွေရဲ့ ထောက်ခံမှုကို ရရှိနိုင်သူ တစ်ဦး ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ၂၀၁၉ ခုနှစ် မေလ ၁ ရက်နေ့မှာ ဧကရာဇ်သစ် နာရူဟီတို နန်းတက်တော့ ဂျပန်ပြက္ခဒိန်နှစ်ကို ဟေးဆေးခေတ်” (Heisei era) ကနေ ရေဝခေတ်” (Reiwa era) အဖြစ် ပြောင်းလဲ သတ်မှတ်မှုကို စတင်မိတ်ဆက် ပြောကြားခဲ့သူဖြစ်တဲ့အတွက် လူသိများခဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။

 

kjakhc


(၂)ရှီဂဲရု အီရှီဘ (Shigeru Ishiba)

မစ္စတာ ရှီဂဲရု အီရှီဘဟာ ယခင်ကာကွယ်ရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ မစ္စတာ ရှင်ဇို အာဘေးကို ထူးထူးခြားခြား ဝေဖန်မှုပြုလေ့ရှိတဲ့ အယ်လ် ဒီပီပါတီ လွှတ်တော်အမတ်တစ်ဦး ဖြစ်ပါတယ်။ လူထု စစ်တမ်းကောက်ယူမှုတွေအရ ဂျပန်ပြည်သူတွေအကြားမှာ ဝန်ကြီးချုပ်အဖြစ် အလားအလာကောင်းသူလို့ နာမည် ထွက်ရှိသော်လည်း အယ်လ်ဒီပီပါတီ လွှတ်တော်အမတ်တွေ အကြားမှာတော့ သိပ်ရေပန်းမစားသူတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် အယ်လ်ဒီပီပါတီ ခေါင်းဆောင်ရွေးချယ်ပွဲ ပထမအကျော့မှာ မစ္စတာရှင်ဇိုအာဘေးကို အနိုင်ရရှိခဲ့ ပေမယ့် လွှတ်တော်အမတ်တွေကသာ ရွေးချယ်ရတဲ့ ဒုတိယအကျော့မှာ မစ္စတာရှင်ဇိုအာဘေးကို ရှုံးနိမ့်ခဲ့ပါ တယ်။ ဂျပန်ပြည်သူအများစုကတော့ မစ္စတာ ရှီဂဲရု အီရှီဘဟာ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ဖို့ အသင့် လျော်ဆုံးသူတစ်ဦးဖြစ်တယ်လို့ ဆန္ဒပြုထားကြပါတယ်။

 

acs


(၃) ဖူမီယို ကီရှီဒါ (Fumio Kishida)

မစ္စတာ ဖူမီယို ကီရှီဒါဟာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အစိုးရအဖွဲ့မှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သိုသိုသိပ်သိပ်နေထိုင်တတ်တဲ့ ဟီရိုရှီးမား လွှတ်တော်အမတ် မစ္စတာ ဖူမီယို ကီရှီဒါဟာ မစ္စတာ ရှင်ဇိုအာဘေးနေရာကို ဆက်ခံမယ့်အလားအလာရှိသူလို့ နာမည်ပြေးနေသော်လည်း လူထုစစ်တမ်းကောက်ယူမှုမှာ တော့ လူကြိုက်နည်းပါးတာကို တွေ့ရပါတယ်။ မစ္စတာ ဖူမီယို ကီရှီဒါဟာ ဂျပန်နိုင်ငံရဲ့ လက်ရှိစစ်ကိုဆန့်ကျင်ရှုတ်ချ ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (Pacifist Constitution) ကို ပြင်ဆင်လိုစိတ် သိပ်ပြင်းပြမှုမရှိသူဖြစ်ပါတယ်။

 

jknda


(၄) တာရို ကိုနို (Taro Kono)

မစ္စတာ တာရို ကိုနိုဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့ အတွင်း ရာထူးအပြောင်းအလဲမှာ ကာကွယ်ရေးဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခြင်းခံရပြီး ယနေ့တိုင် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ ယခင်ကလည်း အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးဝန်ကြီးအပြင် အခြားသော ဝန်ကြီးဌာနတာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်ပါ တယ်။ သူ့ရဲ့ဖခင်ဖြစ်သူ မစ္စတာယိုဟေကိုနိုဟာလည်း တစ်ချိန်က ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာမယ့်သူတစ်ဦး အဖြစ် နိုင်ငံရေးလောကမှာ ထင်ရှားခဲ့သလို မစ္စတာ တာရိုကိုနိုဟာလည်း နိုင်ငံရေးအတွေ့အကြုံများပြားသူ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ဂျော့တောင်း တက္ကသိုလ်မှာ ပညာသင်ကြားခဲ့သူဖြစ်တဲ့အတွက် အင်္ဂလိပ်စာကောင်း မွန်သလို ပုဂ္ဂိုလ်ရေးအရ နှစ်လိုဖွယ်ရှိသူအဖြစ် သတ်မှတ် ခံထားရသူလည်း ဖြစ်ပါတယ်။

 

သုံးသပ်ချက်


ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး ရာထူးကနုတ်ထွက်သွားပြီးနောက် နိုင်ငံရဲ့အာဏာရ ပါတီဖြစ်တဲ့ အယ်လ်ဒီပီပါတီရဲ့ အကြီးအကဲ ရွေးချယ်မှုကို လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အယ်လ်ဒီပီ ပါတီရဲ့ အကြီးအကဲ ဖြစ်လာမယ့် သူဟာ နိုင်ငံရဲ့ဝန်ကြီးချုပ်တာဝန်ကို မစ္စတာ ရှင်ဇို အာဘေးရဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းဖြစ်တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ထမ်းဆောင်သွားရမှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးကနုတ်ထွက် မယ်လို့ ကြေညာခဲ့ပြီးနောက် အယ်လ်ဒီပီပါတီ အကြီး အကဲရာထူးကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်သူတွေ စာရင်း အများအပြား ထွက်လာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ဖြစ်နိုင်ခြေ အရှိဆုံးသူ သုံး၊ လေးဦးရဲ့ အမည်စာရင်းပဲ ကျန်ရှိလာပါတယ်။ အခုဆိုရင် မစ္စတာ ယိုရှီဟီဒေး ဆုဂ၊ မစ္စတာ ရှီဂဲရု အီရှီဘ၊ မစ္စတာ ဖူမီယို ကီရှီဒါနဲ့ မစ္စတာ တာရို ကိုနိုတို့ဟာ အလားအလာ ရှိသူတွေအဖြစ် ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။


ဒီလေးဦးထဲမှာလည်း လက်ရှိအစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်အဖြစ် ထမ်းဆောင်နေတဲ့ မစ္စတာ ယိုရှီဟီဒေး ဆုဂဟာ အလားအလာပိုကောင်းတယ်လို့ ခန့်မှန်းထားကြပါတယ်။ အထူးသဖြင့် မစ္စတာ ယိုရှီဟီဒေး ဆုဂဟာ Abenomics လို့ လူသိများတဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးချမှတ်ခဲ့တဲ့ စီးပွားရေးလမ်းစဉ်နဲ့ မူဝါဒတွေကို ဆက်လက်အကောင်အထည်ဖော်သွားဖို့ ကတိပြုထားတဲ့အချက်ကလည်း ပါတီတွင်းထောက်ခံ မှုရဖို့ အလားအလာကောင်းစေခဲ့ပါတယ်။ နောက်ထပ် အရေးကြီးတဲ့အချက်က ကျန်ကိုယ်စားလှယ်လောင်း တွေကို ပါတီအကြီးအကဲဖြစ်မလာစေလိုတဲ့ ပါတီဝင် အချို့ရဲ့ ဦးတည်ချက်ကလည်း မစ္စတာ ယိုရှီဟီဒေး ဆုဂအတွက် အားသာချက် ဖြစ်လာစေနိုင်ပါတယ်။


အထက်မှာဖော်ပြခဲ့သလို အစိုးရအဖွဲ့ အတွင်း ရေးမှူးချုပ်ဟာ အစိုးရအဖွဲ့ရဲ့ မူဝါဒချမှတ်ရာမှာရော ဝန်ကြီးဌာနတွေအကြား၊ ပါတီဝင်တွေ အကြားမှာပါ မူဝါဒရေးရာ ညှိနှိုင်းဆောင်ရွက်ပေးရတဲ့အတွက် အရေးပါ တဲ့ အနေအထားမှာ ရှိသူဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်ရာထူးကို ဝန်ကြီးချုပ် အဖြစ် အလားအလာရှိသူတွေကို ဝန်ကြီးချုပ်တွေက နေရာပေးခန့်အပ်လေ့လည်း ရှိပါတယ်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကိုယ်တိုင် ယခင် ဝန်ကြီးချုပ် ဂျူနီချီရို ကိုအိဇုမိ (Junichiro Koizumi) လက်ထက်မှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ အစိုးရအဖွဲ့ အတွင်းရေးမှူး ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ အယ်လ်ဒီပီပါတီ အကြီးအကဲနဲ့ ဝန်ကြီးချုပ်ဖြစ်လာခြင်း ဖြစ်ပါတယ်။


စက်တင်ဘာလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အယ်လ်ဒီပီပါတီ အထွေထွေကောင်စီ အစည်းအဝေးမှာ ပါတီအကြီးအကဲ (တစ်နည်းအားဖြင့်) ဝန်ကြီးချုပ်ကို လက်ရှိလွှတ်တော်အမတ်တစ်ဦးကို တစ်မဲ (ပေါင်း- ၃၉၄ မဲ)၊ ပြည်နယ်အလိုက် ပါတီမဲ ၁၄၁ မဲ စုစုပေါင်း ၅၃၅ မဲနဲ့ ရွေးချယ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ကိုယ်စားလှယ်လောင်းတစ်ဦးဟာ အနိုင်ရရှိဖို့ ၂၆၈ မဲ လိုအပ်မှာဖြစ်ပါတယ်။ ရလဒ်ကိုတော့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ သိရှိရမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါ တယ်။

 

ရည်ညွှန်း - Japan Times newspapers

- Koizumi Diplomacy (Japan’s Kantei

Approach to Foreign and Defense Affairs) by Tomohito Shinoda 2007 University of Washington Press