ဂုဏ်သိက္ခာနှင့် တည်ငြိမ်အေးချမ်းမှုကိုသတိမူ

၄   ဧပြီ

 

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုမှစ၍ ကမ္ဘာတစ်ဝန်းမှ သန်းပေါင်းများစွာ သောပြည်သူများသည် အင်တာနက်ကို ခေတ်ရေစီးကြောင်းအဖြစ် မဖြစ်မနေအသုံးပြုလာကြသည်။ မှတ်တမ်းများအရ ငါးစက္ကန့်တိုင်းတွင် Facebook Pos အသုံးပြုသူဘလော့အသစ် ၂၈ ခု၊ ခြောက်နာရီစာ ဗီဒီယိုနှင့် ပုံပေါင်း ၃၀ဝ ကျော်တင်လျက်ရှိသည်ဟု သိရသည်။ ရလဒ်အနေဖြင့် သိနိုင်မှုမြန်ဆန်ခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်ခြင်း၊ ရည်ရွယ်ချက်စိတ်ကူးတူရာ အုပ်စုများ စုစည်းနိုင်ခြင်း၊ အချင်းချင်းချိတ်ဆက် လုပ်ဆောင်နိုင်ခြင်း စသည့် ကောင်းသောလက္ခဏာများ ရှိသည်။

 

လွန်ခဲ့သောနှစ်များက ကမ္ဘာပေါ်တွင် Facebook အသုံးပြုနေ သူပေါင်း ၁ ဒသမ ၁၁ သန်းခန့်ရှိပြီး Facebook ပေါ်တွင် အချိန်ပြည့် ရှိနေသူပေါင်းက ၁ ဒသမ ၅ သန်းခန့် ရှိသည်။ ထိုစာရင်းတွင် အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်များ အများဆုံးဖြစ်သည်။ ၎င်းတို့တွင် အချိန်ပြည့်ပြောစရာများ၊ တင်စရာများ ရှိနေသည်။ ဆိုရှယ်မီဒီယာထဲတွင် ကောင်းသောစကားများ၊ ဗဟုသုတအချက်အလက် မျှဝေပေးနေသူများ ရှိသကဲ့သို့ ကောလာဟလများ (သို့မဟုတ်) အမုန်းစကားများ ပြောကြသူများလည်းရှိသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဧပြီလ ၂ ရက်နေ့က ကျောင်းကုန်းမြို့နယ် မြို့နယ်အားကစားခန်းမတွင် ဒေသခံပြည်သူများအား “လွတ်လွတ်လပ်လပ် မိမိတို့၏အတွေးအခေါ် အယူအဆများကို ဖော်ပြပိုင်ခွင့်ပေးထားပါကြောင်း၊ လွတ်လွတ်လပ်လပ် (သို့သော်လည်း) ကန့်သတ်ချက်များရှိပါကြောင်း၊ လူတိုင်းကို ပြောချင်သလိုပြော၍ မရပါကြောင်း၊ ယင်းသို့ ကန့်သတ်ထားခြင်းသည် မိမိ၏လွတ်လပ်ပိုင်ခွင့်ကို ကန့်သတ်ခြင်း မဟုတ်ပါကြောင်း၊ လူ့အသိုင်းအဝိုင်း၏ တည်ငြိမ်မှု၊ အေးချမ်းမှုကို ထိပါးမည်စိုး၍ ကန့်သတ်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ ပြည်သားများအနေဖြင့် ယင်းကို သဘောပေါက်ရန်လိုပါကြောင်း” ပြောကြားခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က Social Media Pages ၏ သတိပြုဆင်ခြင်စရာများကို အသိပေးခဲ့သည်။ အင်အားကောင်းလာသော Social Media များအပေါ်မှ အသံများတွင် တစ်ဦးနှင့်တစ်ဦး မလိုလားသည့်စိတ်၊ မုန်းတီးသည့်စိတ်၊ ဒေါသစိတ်၊ ဝေဖန်ချင်သည့်စိတ်များဖြင့် ရေးသားနေပြီး ယင်းတို့သည် နိုင်ငံနှင့်ပြည်သူအတွက် အကျိုးပြုသည့်အကြောင်းအရာများ မဟုတ်သဖြင့် သတိပြုဆင်ခြင်ရမည်ဖြစ်သည်။

 

ခေတ်သစ်ယဉ်ကျေးမှုအတွင်း ထိုးဖောက်ပျံ့နှံ့ ဝင်ရောက်လာခဲ့သည့် ဆိုရှယ်မီဒီယာ၏ အရေးပါမှုနှင့် ဆင်ခြင်ဖွယ်ရာတို့ကို သတိပြုမိချိန်တွင် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေပြီလားဟုပင် နိုင်ငံများက သံသယဖြစ်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ဆိုရှယ်မီဒီယာ အရွေ့မှာမြန်ပြီး အမျိုးသားလုံခြုံရေးက နောက်ကျကျန်ခဲ့သောကြောင့် ဖြစ်သည်။ ဆိုရှယ်မီဒီယာအသုံးချသူများတွင် လိမ်လည်လှည့်ဖြားလိုသူများ၊ အဖျက်အမှောင့်လုပ်လိုသူများ၊ ရာဇဝတ်မှု ကျူးလွန်လိုသူများ၊ တစ်ဖက်လှည့်တိုက်ခိုက်လိုသူများ၊ အစွန်းရောက်ဝါဒီများ၊ ဖျက်လိုဖျက်ဆီးလုပ်လိုသူများ၊ အဆိုးမြင်သူများ၊ ဘာသာရေး၊ လူမျိုးရေးအစွန်း ရောက်များလည်းရှိနိုင်သဖြင့် ထိုသူများ၏ ဝါဒဖြန့်မှုများတွင် ရိုးသားပြီး အပြစ်ကင်းစင်သည့်ပြည်သူများ နားယောင်၍ မျက်စိလည်မသွားစေရန်သတိပြုရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ဆိုရှယ်မီဒီယာ၏ လူမှုဘဝစွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြုရမည်ဖြစ်သည်။ အသုံးပြုသူသည် အွန်လိုင်းပေါ်တွင် နေရာတစ်နေရာ လွတ်လပ်စွာ ပိုင်ဆိုင်ခွင့်ရှိသည်။ မိမိအကြောင်းကို လွတ်လပ်စွာ ပြောခွင့်ရှိသကဲ့သို့ အခြားသူများအကြောင်းကို သိခွင့်ရှိသည်။ သို့သော် လူပုဂ္ဂိုလ်တစ်ယောက် ကိုယ်ပိုင်အခွင့်အရေးနှင့် ဂုဏ်သိက္ခာထိခိုက်မှု၊ လူ့အသိုင်းအဝိုင်း၏ တည်ငြိမ်မှု၊ အေးချမ်းမှုကို မထိပါးစေရေး သတိပြုရမည်ဖြစ်ပြီး ယင်းအတွက် အကာအကွယ် ပေးရမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ