ဂုဏ်ယူစရာစေတနာ ကောင်းကျိုးဝေဖြာ

စေတနာသည် လုပ်ဆောင်မှုဖြစ်၏။ စေတနာသည် အကြောင်းရင်းခံ၏။ စေတနာသည် ကံမည်၏။ ကောင်းသောစေတနာသည် အကျိုးပေးသန်၏။ စေတနာသည် အကောင်းချည်းမဟုတ်၊ မကောင်းစေတနာ၊ ကောင်းစေတနာ ရှိ၏။ မကောင်းသောစေတနာသည် မကောင်းသောအကျိုးပေး၏။ ကောင်းသောစေတနာသည် ကောင်းသောအကျိုးပေး၏။ ယနေ့မြန်မာနိုင်ငံတွင် ကောင်းသောစေတနာများ ပွားများကြ၍ ကောင်းကျိုးမင်္ဂလာများ တိုးပွားလာ၏။

 

ကိုဗစ်-၁၉ ရောဂါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ရောဂါမဖြစ်ပွားခင်ကတည်းက တိုင်းရင်းသားပြည်သူများ ကပ်ရောဂါဘေးမှ လျော့ပါးသက်သာကင်းဝေးစေရန် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူအားလုံး ရောဂါကာကွယ်ရေး ကို နိုးနိုးကြားကြားစေတနာထား၍ ဆောင်ရွက်ခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ် မတ်လ၂၃ ရက်နေ့ ရောဂါစတင်ဖြစ်ပွား သောအချိန်မှစ၍ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ အားလုံးတက်တက်ကြွကြွပါဝင်လှုပ်ရှား စေတနာရှေ့ထား ဆောင်ရွက်ခဲ့ကြသည်။

 

ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းတို့ကိုကျော်ဖြတ်ကာ အခြေအနေကောင်းတစ်ခုသို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။ ယနေ့အချိန်အခါ၌ ရောဂါကူးစက်ဖြစ်ပွားနှုန်းမှာ အကျဘက်သို့ ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံသည် ချမ်းသာကြွယ်ဝသည့်နိုင်ငံမဟုတ်သော်လည်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို စုပေါင်းစေတနာအင်အားများဖြင့်ဆောင်ရွက်ရင်း ကာကွယ်ဆေးရရှိရေးကိုလည်း တစ်ဖက်ကဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အစိုးရ၏မတည်ရန်ပုံငွေ၊ အလှူရှင်များ၏ စေတနာတရားထက်သန်မှုကြောင့် ကာကွယ်ဆေးရရှိရေးမှာ စိတ်အေးရသည့်အခြေအနေ ဖြစ်လာခဲ့သည်။

 

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ကာကွယ်ဆေးများ စတင်ရောက်ရှိလာသည်။ မူလဝယ်ယူထားသော ကာကွယ်ဆေးအပြင် မြန်မာနိုင်ငံက ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအစီအမံများအား အထောက်အကူပြုစေရန် ရည်ရွယ်၍ အိန္ဒိယအစိုးရက မြန်မာအစိုးရသို့ ကာကွယ်ဆေး ၁ ဒသမ ၅ သန်းကို ပထမအသုတ်အဖြစ်လှူဒါန်းခဲ့ပြီး ထပ်မံ၍လည်း လှူဒါန်းဦးမည်ဟု သိရသည်။ မြန်မာနိုင်ငံအတွက် ကာကွယ်ဆေးများရရှိခဲ့ပြီး လာမည့်ရက်များတွင် ကျန်းမာရေးရှေ့တန်းမျက်နှာစာမှ ဝန်ထမ်းများ၊ ပြည်သူများအား စတင်ထိုးနှံပေးတော့မည်ဖြစ်၍ အတိုင်းမသိဝမ်းမြောက်မိသည်။

 

ကမ္ဘာပေါ်ရှိ နိုင်ငံကြီးအချို့က ကာကွယ်ဆေးများ တရားဝင်ထုတ်လုပ်ဖြန့်ချီပြီးနောက် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်မှစ၍ ကာကွယ်ဆေးစတင်စမ်းသပ်ထိုးနှံခြင်းကို ပြုလုပ်ခဲ့ကြရာ ဦးစွာကမ္ဘာပေါ်ရှိ ချမ်းသာကြွယ်ဝသည့် နိုင်ငံ ၄၀ ခန့် စတင်ထိုးနှံခဲ့ကြသည်။ ယခုအခါ ကမ္ဘာပေါ်ရှိ နိုင်ငံ ၅၀ ကျော်တွင် ကာကွယ်ဆေးအမျိုးမျိုး စတင်ထိုးနိုင်ကြပြီ ဖြစ်သည်။ အာဆီယံနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းစဉ်များကို ဦးစွာစတင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိပြီဖြစ်၍ မကြာမီရက်ပိုင်းတွင် စတင်ထိုးနှံတော့မည်ဖြစ်ရာ အာဆီယံနိုင်ငံများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းစဉ် တတိယမြောက် စတင်နိုင်မည့်နိုင်ငံအဖြစ် ဂုဏ်ယူရတော့မည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ကမ္ဘာနှင့်ယှဉ်လျှင် ဖွံ့ဖြိုးမှုနိမ့်ကျသောနိုင်ငံဖြစ်ပြီး အာဆီယံနိုင်ငံများတွင် မဖွံ့ဖြိုးသေးသည့်နိုင်ငံ အဖြစ် ရပ်တည်ဆဲဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တရားဝင်ပေါ်ထွက်လာသည်နှင့် ချမ်းသာကြွယ်ဝသော နိုင်ငံအများစုနှင့် အလယ်အလတ်အဆင့်နိုင်ငံ အနည်းစုတို့ ကာကွယ်ဆေးစတင်ထိုးနှံနိုင် သည့်အခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံကြီးများနှင့်တန်းတူ ကာကွယ်ဆေးဦးစားပေးထိုးနိုင်ခြင်းသည် မြန်မာနိုင်ငံနှင့် တိုင်းရင်းသားပြည်သူများ၏ ကောင်းမွန်သောစေတနာ ရောင်ပြန်ဟပ်မှုဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် မဖွံ့ဖြိုးသေးသည့် ဖွံ့ဖြိုးစနိုင်ငံဖြစ်သည်။ အစစအရာရာနောက်တန်းတွင် နေနေရချိန်၌ ကောင်းသောစေတနာတုံ့ပြန်မှုကြောင့် ကောင်းသောဂုဏ်ယူစရာဖြစ်လာသည်။ ဖွံ့ဖြိုးသောနိုင်ငံများနှင့် တန်းတူယှဉ်တွဲ၍နောက်တွင်မကျန်ခဲ့ဘဲ ကူးစက်မြန်ရောဂါကာကွယ်ဆေးကို ဆောလျင်စွာထိုးနှံနိုင်တော့မည် ဖြစ်သည်။ တိုင်းရင်းသားပြည်သူများအနေဖြင့် ကောင်းသောဂုဏ်ယူဖွယ်ရာများ ရှေ့အဖို့တွင် တိုးပွားများပြားရေး အတွက် ကောင်းသောစေတနာအလုပ်များ ကြိုးပမ်းအားထုတ်ကြရန် နှိုးဆော်ရပါကြောင်း။   ။

ကြေးမုံ