ဟွာဝေးဖုန်း 5G နက်ဝက်သုံးခွင့် နယူးဇီလန်မှာ ပိတ်ပင်

၂၉ နိုဝင်ဘာ

 

နယူးဇီလန်နိုင်ငံမှာ ဟွာဝေး တယ်လီဖုန်း ကို 5G နက်ဝက်သုံးခွင့် ပိတ်ပင်ထားခြင်းက တရုတ်နိုင်ငံလုပ် ဖုန်းဖြစ်တဲ့အတွက်ကြောင့် မဟုတ် နည်းပညာပြဿနာကြောင့်သာ ပိတ်ပင်ထားခြင်းဖြစ်ကြောင်း ငြင်းဆိုလိုက်ပါတယ်။ 

 

နယူးဇီလန်နိုင်ငံရဲ့ ထောက်လှမ်းရေးဌာနနဲ့ မိတ်ဖက်အဖွဲ့ဖြစ်တဲ့ "Five Eyes" စပိုင်နက်ဝက်ကနေ ဆိုက်ဘာ လုံခြုံရေးအတွက် ဟွာဝေးဖုန်းကို တားမြစ်ဖို့အတွက် အကြံပေးလာတဲ့အတွက်ဖြစ်ပါတယ်။ 

 

နယူးဇီလန်အစိုးရ ဆက်သွယ်ရေးလုံခြုံရေးဌာန (GCSB) ရဲ့ ဝန်ကြီးက အခုလိုပိတ်ပင်တယ်ဆိုတာ နိုင်ငံကြောင့်လည်းမဟုတ်၊ ကုမ္ပဏီကြောင့်လည်းမဟုတ် နည်းပညာကြောင့်သာဖြစ်တယ်လို့ ဆိုပါတယ်။ 

 

တရုတ်နဲ့ နယူးဇီလန်နိုင်ငံ ကြားမှာ လွတ်လပ်တဲ့ကုန်သွယ်ရေး သဘောတူညီချက်ရှိနေတဲ့အတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံဖိုး ကုန်သွယ်နေကြတာဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးက နယူးဇီလန်အနေနဲ့ တရုတ်စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်တွေကို နယူးဇီလန်မှာ အလုပ်လုပ်ခွင့် ရစေချင်တယ်လို့ ဆိုပါတယ်။ 

 

ဟွာဝေး တည်ထောင်သူက တရုတ်စစ်တပ်ရဲ့ အင်ဂျင်နီယာ ဟောင်းတစ်ဦးဖြစ်ပါတယ်။ တရုတ်စစ်တပ်၊ တရုတ်အစိုးရနဲ့ ဟွာဝေး တည်ထောင်သူတို့ကြား နီးကပ်တဲ့ ဆက်ဆံရေးရှိနေနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို ဟွာဝေးက ငြင်းဆိုထားပါတယ်။ 

 

နယူးဇီလန်ဆက်သွယ်ရေးလုံခြုံရေးဌာန (GCSB) ရဲ့ ဝန်ကြီးက တယ်လီဖုန်းဆက်သွယ်မှုဆိုတာက တခြားသော အခြေခံအဆောက်အဦတွေလိုဘဲ အရေးပါ ပါတယ်။ ကမ္ဘာအနှံ့မှာ ဆိုက်ဘာတိုက်ခိုက်မှုတွေ စိုးရိမ်စရာ အခြေအနေဖြစ်တယ်။ ဒီလိုအချိန်အခါမှာ နိုင်ငံ့လုံခြုံရေးအတွက် လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်ရမှာပဲလို့ ဆိုပါတယ်။ 

 

5G နက်ဝက် ရဲ့ လျင်မြန်မှုက ရုပ်ရှင်တစ်ကား ဒေါင်းလုတ်လုပ်ဖို့အတွက် တစ်စက္ကန့်တောင် မကြာတော့အထိ မြန်တာကို တွေ့ရပါတယ်။ 

 

သြစတြေးလျနိုင်ငံကလည်း ဟွာဝေးနဲ့ တရုတ်နိုင်ငံထုတ် ZTE ဖုန်းတွေကို 5G နက်ဝက်အသုံးပြုခွင့် သြဂုတ်လကတည်းက ပိတ်ပင်ထားပြီးဖြစ်ပါတယ်။ 

 

MDN

ကိုးကား-AFP