ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် နိုင်ငံတကာခရီးသွားပြပွဲကျင်းပမည်

ရန်ကုန် ၁၈ သြဂုတ်

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ ဆဋ္ဌမအကြိမ်မြောက် နိုင်ငံတကာခရီးသွားပြပွဲ (6th Myanmar International Travel Mart 2019- Yangon) ကို သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ရန်ကုန်မြို့၊ Sedona Hotel (Grand Ballroom) တွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ယင်းပြပွဲတွင် Outbound လိုင်စင်ရခရီးသွားကုမ္ပဏီများ၊ ပြည်တွင်း/ပြည်ပ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ပြည်ပဆေးရုံများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်ကုမ္ပဏီများ၊ ဘဏ်များ၊ Telecom များ၊ ပို့ဆောင်ရေးလုပ်ငန်းများမှ ပြခန်းပေါင်း ၁၀ဝ ကျော်ဖြင့် ခင်းကျင်းပြသမည်ဖြစ်ကြောင်း ယင်းအသင်းမှ သိရသည်။

အဆိုပါပြပွဲကို Diamond Sponsor အဖြစ် Myanmar Tourism Bank၊ Gold Sponsor အဖြစ် Myanmar National Airlines၊ Silver Sponsor အဖြစ် Air KBZ၊ Myanmar Getaway Travels & Tours၊ Venue Sponsor အဖြစ် Sedona Hotel တို့က ပံ့ပိုးကူညီပေးထားခြင်းဖြစ်သည်။

“ခရီးသွားလာသူတွေအားလုံးကို ကျွန်တော်တို့ဘဏ်က ဘာလုပ်နေတယ်ဆိုတာ သိစေချင်တဲ့သဘော၊ ခရီးသွားကဏ္ဍကို မြှင့်တင်ပေးတဲ့သဘောနဲ့ Diamond Sponsor ပေးဖြစ်တာပါ”ဟု မြန်မာ့ခရီးသွားဘဏ် လက်ထောက်မန်နေဂျင်းဒါရိုက်တာ Andrew Khant က ပြောသည်။

ပြည်ပနိုင်ငံများသို့ သွားရောက်ရာတွင် Outbound လိုင်စင်ရ ခရီးသွားကုမ္ပဏီများဖြင့် ဆက်သွယ်ပြီး နိုင်ငံတကာခရီးစဉ်များသို့ အလည်အပတ်သွားရောက်လိုသူများ၊ အပန်းဖြေခရီး သွားရောက်လိုသူများ၊ ပြည်ပနိုင်ငံများသို့ ကျောင်းသွားရောက်တက်လိုသူများ၊ ဆေးကုသလိုသူများ၊ ဈေးဝယ်ထွက်လိုသူများအနေဖြင့် ဈေးနှုန်းသက်သာစွာ တိုက်ရိုက်ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

ထို့ပြင် ပြပွဲသို့လည်း မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု လေ့လာဝယ်ယူနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

သူရိန်ကျော်