ဟိုတယ်သစ် စီမံကိန်းတွေနဲ့အတူ

 

ဇင်လင်းမြင့်

 

အခုတလော ရန်ကုန်မြို့အတွင်း နေရာအတော်များများကို ဖြတ်သန်းသွားလာရတိုင်း သတိထားကြည့်မိတာက ဟိုတယ်တွေဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ဟိုတယ်တိုင်းလိုလိုမှာ ဧည့်သည် အဝင်၊ အထွက် ရပ်စဲသွားသလို အစည်းအဝေးတွေ၊ ပွဲလမ်းသဘင် ကျင်းပတာတွေလည်း မရှိတော့ပါဘူး။ ခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်းတွေ ထိခိုက်မှု ဖြစ်ခဲ့ပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ ဟိုတယ်အသစ်သုံးလုံး တည်ဆောက်ခွင့်ပြုခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီထံမှ သိရပါတယ်။

ရန်ကုန်မြို့မှာ တည်ဆောက်ဆဲဟိုတယ် တွေရှိသလို ထပ်မံအသစ်တည်ဆောက်မယ့် ဟိုတယ်လုပ်ငန်းတွေလည်း ရှိနေတာဖြစ်ပါ တယ်။ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတစ်လွှားမှာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွေ ထိခိုက်မှု ရှိခဲ့သလို မြန်မာနိုင်ငံမှာလည်း ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့မှာ နိုင်ငံ တကာဧည့်သည် အဝင်အထွက်များတဲ့ ဟိုတယ်တွေဟာ သိသိသာသာ လုပ်ငန်းတွေ ရပ်ဆိုင်းထားရသလို ကြုံတွေ့ခဲ့ရပါတယ်။

ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း နိုးထနိုင်ရေး

ဒါပေမယ့် ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်လို့ အများက လက်ခံထား သလို နိုင်ငံတကာက ခရီးသွားတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်မှုအများဆုံး ရှိနေတာမို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိခဲ့ပေမယ့် အခုဆိုရင် ဟိုတယ်နဲ့ ခရီး သွားလုပ်ငန်းတွေ ပြန်လည်နိုးထနိုင်ရေး အရှိန်ယူနေပြီ ဖြစ်ပါတယ်။

အခုဆိုရင် ၂၀၂၀ ပြည့်နှစ် မေ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ကော်မတီရဲ့ ၃/၂၀၂၀ အစည်းအဝေးကနေပြီး ဟိုတယ်သစ် သုံးလုံး တည်ဆောက်ခွင့်ပြုပေး လိုက်ပါတယ်။ ဒီဟိုတယ်သစ် သုံးလုံးဟာ ပြည်တွင်းလုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။

ဒီလို ဟိုတယ်သစ် သုံးလုံး တည်ဆောက် ပြီးစီးရင် ဟိုတယ်အခန်းပေါင်း ၁၇၉ ခန်း ထွက်ပေါ်လာမှာဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းလည်း ၁၀၀ ကျော် ရရှိစေမှာ ဖြစ်ပါတယ်။ ငွေကျပ် သန်း ၁၈၁၆၀ ရင်းနှီး မြှုပ်နှံလုပ်ကိုင်မယ့် ဒီဟိုတယ်သစ်သုံးလုံးဟာ လိုအပ်ဆဲဖြစ်နေတဲ့ ရန်ကုန်မြို့ရဲ့ ဟိုတယ် အခန်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။

ရန်ကုန်မြို့မှာ ၂၀၂၀ ပြည့်နှစ် မေလအထိ ဟိုတယ်နဲ့ တည်းခိုရိပ်သာပေါင်း ၄၇၀ ကျော် ရှိနေပေမယ့် ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အကြောင်း အမျိုးမျိုးနဲ့ လာရောက်ကြတဲ့ ဧည့်သည်တွေ အတွက် ဟိုတယ်နဲ့ အခန်း ပြည့်စုံလုံလောက် မှု မရှိသေးပါဘူး။ ဒီလို အခြေအနေတွေကြောင့် ရန်ကုန်မြို့ရဲ့ ဟိုတယ်နဲ့ အခန်းလိုအပ်ချက် ရှိနေဆဲဖြစ်တာမို့ နောက်ထပ် ဟိုတယ်သစ် စီမံကိန်းတွေ ထပ်မံထွက်ပေါ်လာဖို့ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ကိုဗစ်-၁၉ ကြောင့် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွ ထိခိုက်ခဲ့ရတာမို့ ၂၀၂၀ ပြည့်နှစ် ဇွန် ၃ ရက် အထိ ကိုဗစ်-၁၉ ရန်ပုံငွေမှနေပြီး ဟိုတယ် လုပ်ငန်း ၁၆၈ ခုကို ငွေကျပ် ၇ ဘီလီယံကျော် ထုတ်ချေးပေးခဲ့ပါတယ်။ အတိုးသက်သာတဲ့ နှုန်းထားနဲ့ မြန်မာနိုင်ငံရဲ့ ဟိုတယ်လုပ်ငန်း အပေါ် ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။

ငွေကျပ် ၁၀ ဘီလီယံကျော် ထုတ်ချေးပေး

ဒါ့အပြင် ရန်ကုန်မြို့က ခရီးသွားလုပ်ငန်း နဲ့ ဆက်စပ်လုပ်ငန်း ကုမ္ပဏီတွေအပြင် တစ်နိုင်ငံလုံးက ခရီးသွားလုပ်ငန်းတွေအတွက် ငွေကျပ် ၂ ဘီလီယံခန့် အပါအဝင် စားသောက် ဆိုင်လုပ်ငန်းတွေအတွက်လည်း ငွေကျပ် ၁ ဒသမ ၄၆၆ ဘီလီယံကျော် ထုတ်‌ချေးပေးထား တာမို့ လုပ်ငန်းပေါင်း ၃၃၃ ခုအတွက် ငွေကျပ် ၁၀ ဘီလီယံကျော် ထုတ်ချေးပေးထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောပါတယ်။

နိုင်ငံတော်အနေနဲ့ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိသွားတဲ့ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကို တတ်နိုင်သမျှ ထောက်ပံ့ပေးနေ သလို ဆက်ပြီးတော့လည်း ကျန်ရှိနေတဲ့ လုပ်ငန်းတွေကို ဆက်လက်ထောက်ပံ့ပေးသွား ဦးမှာ ဖြစ်ပါတယ်။ တကယ်တော့ ရန်ကုန်မြို့ မှာ နိုင်ငံတကာအဆင့်မီ ဟိုတယ်တွေ တဖြည်း ဖြည်းနဲ့ တိုးတက်များပြားလာသလို လက်ရှိ ဖွင့်လှစ်ပြီးသား ဟိုတယ်တွေကိုလည်း အောင် မြင်မှုရရှိစေဖို့ဆိုတာ ပြည်တွင်း ပြည်ပ အခြေ အနေတွေနဲ့ ဆက်စပ်နေပါတယ်။

ရန်ကုန်မြို့ရဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း တွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကိုဗစ်-၁၉ ကြောင့် နိုင်ငံတကာခရီးသည်တင်လေကြောင်း လိုင်းတွေ ဆိုက်ရောက်ထွက်ခွာ ပျံသန်းခွင့် ရပ်ဆိုင်းထားခဲ့တာဟာ ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက်မှ စတင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအများ အပြားမှာ လည်း နိုင်ငံတကာလေကြောင်းလိုင်း တွေ ပျံသန်းဆိုက်ရောက်ခွင့် ရပ်ဆိုင်းခဲ့တာ ကြောင့် ခရီးသွားလုပ်ငန်းတွေ ထိခိုက်မှုရှိသလို ရန်ကုန် မြို့အပါအဝင် မြန်မာနိုင်ငံတစ်ဝန်း ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ၊ ဆက်စပ် လုပ်ငန်းတွေ ထိခိုက်စေခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ၂၀၁၉ ခုနှစ် ကုန်ချိန်မှာ အဆင့်မြင့်ဟိုတယ်အခန်းပေါင်း ၅၇၀၀ ခန့် ရှိလာပြီး ၂၀၂၁ ခုနှစ် ကုန်ချိန်မှာတော့ အဆင့် မြင့်ဟိုတယ်ခန်း ၇၀၀၀ ခန့်အထိ ရောက်ရှိလာ မယ်လို့ ကနေဒါအခြေစိုက် အိမ်ခြံမြေဝန်ဆောင် မှုနှင့် အကြံပေးလုပ်ငန်း Colliers Inter-national (Myanmar) ရဲ့ ဈေးကွက်သုံးသပ် ချက်မှာ ဖော်ပြထားပါတယ်။ အခုလို ကိုဗစ်-၁၉ ကာလမှာ ခရီးသွား ဝင်ရောက်မှု မရှိပေ မယ့် မကြာခင်မှာ တဖြည်းဖြည်း ပုံမှန်အတိုင်း ရှိလာမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလမှ ဩဂုတ်လအထိ လေးလတာကာလ အတွင်း ဟိုတယ်နဲ့ တည်းခိုရိပ်သာလုပ်ငန်း လိုင်စင် ပေါင်း ၃၃ ခု၊ ဟိုတယ်ယာယီလုပ်ငန်း လိုင်စင် တစ်ခု၊ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ရှစ်ခု၊ ဟိုတယ်နဲ့ တည်းခိုရိပ်သာ အခန်းပေါင်း ၂၁၃၆ ခန်းနဲ့ ဟိုတယ်တည်ဆောက်ခွင့် ၁၈ လုံး၊ တည်းခိုရိပ်သာတည်ဆောက်ခွင့် သုံးလုံး တို့ကို ခွင့်ပြုပေးနိုင်ခဲ့ပါတယ်။ အခု ၂၀၂၀ မေလမှာတော့ ဟိုတယ်သုံးလုံး တည်ဆောက် ခွင့်ပြုခဲ့နိုင်တာမို့ အရင်နှစ်ထက်စာရင် လျော့နည်းခဲ့ပေမယ့် အခုလို ကိုဗစ်-၁၉ ကာလမှာ ဟိုတယ်လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှု အဆက်မပြတ် ရှိနေတယ်ဆိုတာ ဖော်ပြနေ ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ရန်ကုန် မြို့မှာ ဟိုတယ်အသစ်တွေ ဆက်လက်ပေါ်ထွက် လာဖို့ရှိနေပြီး ကိုဗစ်-၁၉ အလွန် နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြန်လည်ဖွင့်လှစ်ခြင်း နဲ့အတူ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း တွေ ပြန်လည်ကောင်းမွန်လာဖို့ ရှိနေပါတယ်။ ကိုဗစ်-၁၉ ထိန်းချုပ်မှုနဲ့ပတ်သက်ပြီး ကမ္ဘာမှာ နာမည်ကောင်းရရှိနေတဲ့ မြန်မာနိုင်ငံကို စိတ်ဝင်စားနေကြတဲ့အပြင် အနာဂတ်ခရီးသွား လုပ်ငန်း ခရီးစဉ်တွေမှာ မြန်မာနိုင်ငံက နေရာရရှိနိုင်တာကြောင့် ရန်ကုန်မြို့ရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းဟာလည်း တိုးတက်လာမယ့် ရောင်ခြည်တွေသန်းနေတာ အမှန်ပဲ။ ။

 

မြန်မာ့အလင်း