Home Quarantine ကာလကို ဘယ်လိုဖြတ်သန်းသွားမလဲ

၁၂  မေ

၂၀၂၀ ပြည့်နှစ် မေလ ၄ ရက်နေ့တွင် စာရေးသူနဲ့ နီးစပ်ရာနေရာ၌ ကိုဗစ်- ၁၉ ရောဂါအတည်ပြု လူနာတစ်ဦးတွေ့ရှိခဲ့သဖြင့် ဆေးစစ်ခံခဲ့ရပြီး မေ ၅ ရက်မှစ၍ အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုမှု(HomeQuarantine) ဝင်နေရပါတယ်။ အဲဒီနေ့မှစ၍ ရုံးမတက်ရတော့သလို အိမ်ပြင်ထွက်ခွင့်လည်း မရတော့ပေ။ စာရေးသူအနေနဲ့ ယခင်ကလည်း အပြင်ထွက်လေ့ထွက်ထ မရှိပါဘူး။ အားလပ်ချိန်ကို စာရေး၊ စာဖတ်ခြင်းဖြင့်သာ ဖြတ်သန်းလေ့ရှိပါတယ်။ အိမ်ပြင်ထွက်ခွင့်မရသဖြင့် စိတ်ဓာတ်တစ်စုံတစ်ရာ ကျဆင်းခြင်း မရှိပါဘူး။ ဒါပေမယ့် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် မိသားစုနဲ့အတူ အပြင်ထွက်ပြီး လမ်းလျှောက်နိုင်ခြင်း မရှိတော့တာကြောင့် ကျန်းမာရေး လေ့ကျင့်ခန်းကို အိမ်တွင်း၌ပင် လုပ်ဆောင်နေရပါတော့တယ်။

အလွန်အမင်းကြောက်လန့်နေရန်မလို

အဲဒီလို Home Quarantine ဝင်နေရတာကြောင့် သက်ဆိုင်ရာကျန်းမာရေးဌာနမှ တာဝန်ရှိသူတွေက စာရေးသူတို့ မိသားစုအပါအဝင် အခြားဝန်ထမ်းတွေကိုလည်း နေ့စဉ် အဖျားလာတိုင်းလေ့ ရှိပါတယ်။ ထိုသို့ အဖျားလာတိုင်းတာကိုပင် အိမ်နီးနားချင်းတွေကအထူး အဆန်းလုပ်၍ ထွက်ကြည့်လေ့ ရှိကြပါတယ်။ ဆိုရလျှင် လုပ်ငန်းတာဝန် သဘောသဘာဝအရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနဲ့ ဆက်စပ်မှု ရှိသူတွေကိုပင်လျှင် ကြောက်စရာလူသားအဖြစ် ရှုမြင်နေကြပါတယ်။ အသိပညာဗဟုသုတ နည်းပါးတဲ့ တချို့သောသူတွေအတွက် များစွာစိတ်မကောင်း ဖြစ်ရပါတယ်။ လူတစ်ဦးအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့်တိုင်အောင် ကုသလို့ ရပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေ၊ မူလရောဂါ ဓာတ်ခံရှိသူတွေသာလျှင် စိုးရိမ်ပူပန်ရပါတယ်။ ကိုယ်ခံအားစနစ် ကောင်းမွန်သူတွေ၊ လက်မှန်မှန် ဆေးကြောတဲ့သူတွေ၊ ပါးစပ်နဲ့ နှာခေါင်းစည်းတပ်ဆင်သူတွေ၊ အိမ်ထဲမှာသာနေထိုင်သူတွေအနေနဲ့ အလွန်အမင်း ကြောက်လန့်နေဖို့ မလိုပါဘူး။ ဆင်ခြင်တုံတရားသာ ရှိမယ်ဆိုရင် သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်း နေထိုင်သွားနိုင်ပါတယ်။

အထူးအဆန်းမဟုတ်

ဒီနေရာမှာ Home Quarantine ကာလအတွင်း စာရေးသူတို့ မိသားစုရဲ့ နေ့စဉ်ဖြတ်သန်းမှု အချိန်ဇယားကို အနည်းငယ်မျှဝေသွားလိုပါတယ်။ မိသားစုမှာ စာရေးသူ၊ ဇနီးဖြစ်သူ၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားတဲ့ သမီးကြီးနဲ့ Grade V ဖြေဆိုထားတဲ့ သမီးငယ် စုစုပေါင်း မိသားစုဝင်လေးဦးသာ ရှိပါတယ်။ မိသားစု ဝင်အားလုံးရဲ့ တူညီသောအလုပ်ကတော့ နေ့စဉ်နံနက် တစ်ကြိမ်၊ ညနေတစ်ကြိမ် မြတ်စွာဘုရားအား ဆွမ်း၊ ရေချမ်း၊ ဆီမီးကပ်လှူ၊ ဘုရားရှိခိုး၊ မဟာသမယသုတ်၊ ပဋ္ဌာန်းနဲ့ပရိတ်တော်များ ရွတ်ဖတ်ပူဇော်၊ ပုတီးစိပ်၊ တရားထိုင်ပြီး အရပ်ဆယ်မျက်နှာရှိ သတ္တဝါအားလုံးကို မေတ္တာပို့အမျှပေးဝေခြင်းတို့ကို မပျက်မကွက် လုပ်ဆောင်ဖြစ်ပါတယ်။

ဇနီးဖြစ်သူကတော့ နေ့စဉ် ချက်ပြုတ်၊ ကြော်လှော်၊ | လျှော်ဖွပ်၊မီးပူတိုက် စတဲ့အိမ်မှုကိစ္စတွေနဲ့ အလုပ်ရှုပ်နေလေ့ ရှိပါတယ်။ သမီးကြီးကတော့ Grade VI တက်မယ့် ညီမ ဖြစ်သူကို အင်္ဂလိပ်စာနဲ့ သင်္ချာသင် ၊ သုတရသစာအုပ်တွေ ၊ ဖတ်၊ ဂိမ်းကစား၊ ကာတွန်းဇာတ်လမ်းတွဲကြည့်၊ မိခင်ဖြစ်သူကို ကူညီလုပ်ကိုင်ခြင်းဖြင့် ဖြတ်သန်းပါတယ်။ သမီးငယ်ကတော့ Grade VI အတွက် အင်္ဂလိပ်စာ သဒ္ဒါလေ့ကျင့်၊ ဝေါဟာရရေတွက်ကျက်မှတ်၊ သင်္ချာပုစ္ဆာတွေတွက်၊ ကာတွန်းဇာတ်လမ်းတွဲကြည့်၊ မိခင်ကို ကူညီလုပ်ကိုင်ခြင်းဖြင့် ဖြတ်သန်းပါတယ်။ စင်စစ်အားဖြင့် စာရေးသူရဲ့ ကလေးတွေဟာ ကျန်းမာရေးအတွက် လမ်းလျှောက် ထွက်ရုံကလွဲရင် ယခင်ကလည်းအပြင်ထွက်ပြီး အချိန်ဖြုန်း လေ့ဖြုန်းထမရှိတာကြောင့် Home Quarantine ကာလဟာ သူတို့အတွက် အထူးအဆန်း မဟုတ်ပါဘူး။ အိမ်ထဲမှာ နေရလို့ဆိုပြီး စိတ်ဓာတ်ကျဆင်းတာမျိုးလည်း မရှိပါဘူး။ အစားအသောက်အနေအထိုင် မပျက်ဘဲပုံမှန်အတိုင်း ပျော်ရွှင်စွာ ဖြတ်သန်းနေကြပါတယ်။ မိသားစုနဲ့အတူ နေခွင့်ရဘာပဲဖြစ်ဖြစ် စာရေးသူတို့လို နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ Home Quarantine ကာလအတွင်းမှာ မိသားစုနဲ့အတူ နေ့လယ်စာ ထမင်းလက်ဆုံစားခွင့် ရရှိပါတယ်။ မိသားစုနဲ့ အတူနေခွင့်ရပြီး အိမ်မှုကိစ္စတွေကိုလည်း ပိုမိုလုပ်ဆောင်လာနိုင်ပါတယ်။ အထူးသဖြင့် သား၊ သမီးတွေနဲ့ ပိုမိုထိတွေ့ ခွင့်ရရှိတာကြောင့် မိသားစုဆက်ဆံရေးဟာ ပိုမိုနွေးထွေးလာပါတယ်။ ဆိုရလျှင် တချို့သော ဝန်ထမ်းတွေဟာ စာရင်းဇယားတွေနဲ့ ရုံးမှာပဲ မိုးလင်းမိုးချုပ် အချိန်ကုန်နေရပြီး ညပိုင်းလောက်မှသာ မိသားစုနဲ့ တွေ့ရပါတယ်။ အဲဒီလို တွေ့ရချိန်မှာလည်း ပင်ပန်းနေတာကြောင့် သား၊ သမီးတွေနဲ့ စကားမပြောနိုင်တော့ဘဲ အိပ်ရာထဲစောစော ဝင်သွားကြရပါတယ်။ တချို့သော ဝန်ထမ်းတွေဟာ စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက်တွေမှာပင်လျှင် အချိန်ပို တက်ကြရပါတယ်။

Home Quarantine con ဘယ်လိုဖြတ်သန်းသွားမလဲ

စာရေးသူအနေနဲ့ကတော့ Home Quarantine ကာလအတွင်း ရုံးမတက်ဘဲ နိုင်ငံတော်လစာယူရလို့ လိပ်ပြာမလုံတာကလွဲရင် ကျန်တာကတော့ အကောင်းချည်းပါပဲ။ ရုံးမှာဆိုရင် လုပ်ဖော်ကိုင်ဖက်တွေ ရှိနေတာရယ်၊ အလုပ်တွေရယ်ကြောင့် စာရေး၊ စာဖတ်တာကို ထဲထဲဝင်ဝင် မလုပ်နိုင်ပါဘူး။ ဆိုရရင်အရင်က စာရေး၊ စာဖတ်တာကို စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက်မှသာ အချိန်ပြည့် လုပ်နိုင်ပါတယ်။ အခုဆိုရင် စာရေး၊ စာဖတ်ဖို့ အချိန်ပိုမိုရရှိပါတယ်။ အထူးသဖြင့် လူထုဒေါ်အမာနဲ့ ဆရာသိန်းဖေမြင့်တို့ ရေးထားတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အတ္ထုပ္ပတ္တိတွေ၊ ဒါ့အပြင် ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွေ၊ ဆရာကြီး ဦးဖိုးကျား၊ ဆရာသိပ္ပံမောင်ဝ၊ ဆရာနန္ဒာသိန်းဇံ၊ ဆရာကြီးအောင်သင်းတို့ရဲ့ သုတ၊ ရသ စာအုပ်တွေကို အချိန်ပေးပြီး ဖတ်ခွင့်ရရှိပါတယ်။ အိမ်စာကြည့်တိုက်ရှိ အရင်ဖတ်ပြီးသား စာအုပ်တွေထဲက ကောင်းနိုးရာရာ အကြောင်းအရာတွေကိုလည်း ပြန်လည်ဖတ်ရှုခွင့် ရရှိပါတယ်။

ဆိုရလျှင် စာရေးသူအဖို့တော့ Home Quarantine ဝင်ရတာ များစွာကံကောင်းတယ်လို့ပင် ဆိုချင်ပါတယ်။ သုတရသဆောင်းပါးတွေနဲ့ ဘာသာပြန်ဆောင်းပါးတွေ ရေးခွင့်ရရှိပါတယ်။ မိသားစုနဲ့အတူ ထမင်းလက်ဆုံ စားခွင့်ရရှိပါတယ်။ ဇနီးဖြစ်သူကို တတ်နိုင်သမျှ ကူညီ လုပ်ကိုင်ခွင့်ရရှိပါတယ်။ ကလေးတွေနဲ့လည်း နွေးထွေး စွာနေထိုင်ခွင့် ရရှိပါတယ်။ ဒါ့အပြင် Buddha Channel က ထုတ်လွှင့်တဲ့ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေရဲ့ တရားတော်တွေကိုလည်း နာယူခွင့်ရရှိပါတယ်။ ရယ်စရာဇာတ်လမ်းတွဲတွေလည်း ကြည့်ဖြစ်ပါတယ်။ အထူးသဖြင့် စတုတ္ထမြောက် ဆောင်းပါးပေါင်းချုပ် ထုတ်နိုင်ရေးအတွက် ပြင်ဆင်ရန် အချိန်များစွာ ရရှိခဲ့ပါတယ်။ အဖိုးမဖြတ်နိုင်တဲ့ အချိန်ကာလတွေပဲ ဖြစ်ပါတယ်။

အမှန်တော့ လူတစ်ဦးဟာ မည်သည့်နေရာတွင် နေထိုင်ရသည်ဖြစ်စေ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းပြီး အကျိုးရှိမယ့်အရာတွေကိုသာ လုပ်ဆောင်နေမယ်ဆိုလျှင် စက္ကန့်၊ မိနစ်၊ နာရီ၊ ရက်၊ လတွေ ဘယ်လို ကုန်ဆုံးသွားသလဲဆိုတာကိုပင် သတိပြုနိုင်လိမ့်မည် မဟုတ်ပေ။ ။

မောင်သောင်းဝင်း (တမန်ဟောင်း)