International Series ကြက်တောင်ရိုက်ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

၂၂  သြဂုတ်


ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိသည့် ပြိုင်ပွဲများအနက် International Series ကြက်တောင်ရိုက်ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့ပြီး စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ ရန်ကုန်မြို့ရှိ အမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပမည်ဖြစ်သည်။


မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်အနေဖြင့် ယခုနောက်ပိုင်းနှစ်များတွင် အာရှအဆင့် လူငယ်ကြက်တောင် ပြိုင်ပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့၌ အိမ်ရှင်အဖြစ် နှစ်ကြိမ်လက်ခံ ကျင်းပပြီးနောက် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကျင်းပသည့် ပြိုင်ပွဲတစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။ ယခုပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ အားကစားသမား ၁၀ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်သည်။ အိမ်ရှင်မြန်မာကြက်တောင်အဖွဲ့သည် ယင်းပြိုင်ပွဲတွင် ကစားသမား ၁၆ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများ ရယူနေသည့် ကြက်တောင်အားကစားမယ် သက်ထားသူဇာလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 


သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများ ဆက်တိုက်ရရှိလာသောကြောင့် ကြက်တောင်အားကစားနည်းအပေါ် မြန်မာပရိသတ်များ၏ စိတ်ဝင်စားမှုမြင့်တက်လာပြီး ယခုပြိုင်ပွဲတွင်လည်း သက်ထားသူဇာအပါအဝင် မြန်မာကြက်တောင်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ပရိသတ်အားပေးမှု များပြားဖွယ်ရှိနေသည်။ သက်ထားသူဇာသည် လက်ရှိတွင် ဒိန်းမတ်နိုင်ငံ၌ လေ့ကျင့်မှုပြုလုပ်နေပြီး စက်တင်ဘာ ပထမပတ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကာ ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

                      
ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် International Series ကြက်တောင်ရိုက်ပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကျင်းပလျက်ရှိပြီး ယခုနှစ်အတွက် မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပခြင်းဖြစ်သည်။ 


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-စိုးညွန့်

 

DSC_353