Invest Myanmar Summit 2019 တွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် တွေ့ဆုံခြင်းအစီအစဉ်

နေပြည်တော် ၃၀ ဇန်နဝါရီ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ ပူးပေါင်းကျင်းပသည့် Invest Myanmar Summit 2019  (IMS) ဒုတိယနေ့ဖြစ်သည့် ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် တွေ့ဆုံခြင်းအစီအစဉ်တစ်ရပ်ကို ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံခြင်းအစီအစဉ်တွင် YGA Capital Limited မှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသူရကိုကိုက စီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းဆွေးနွေးချက်များမှ ကောက်နုတ်ချက်များကို ဖော်ပြလိုက်ပါသည်

မေး ။ ။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (Ministry of Investment and Foreign Economic Relations-MIFER) ဖွဲ့စည်းခဲ့တာ ရက်သတ္တ ၁၀ ပတ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ MIFER  ရဲ့ ဦးစားပေးအစီအစဉ်တွေနဲ့ ပတ်သက်ပြီး သိလိုပါတယ်။

ဖြေ ။ ။ ကျွန်တော်တို့ဝန်ကြီးဌာနဟာ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာဖို့အတွက် အလေးထား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ရင်းနှီးမြှုပ်နှံ သူတွေအတွက် အဆင်ပြေအောင် ညှိနှိုင်းပေးသူအဖြစ် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

World Economic Forum  တက်အပြီး ဒါးဗို့စ်ကနေ ကျွန်တော်ပြန်လာတဲ့အချိန် လေယာဉ်ပေါ်မှာ အခုတက်ရောက်လာသူထဲက တချို့ကို တွေ့ခဲ့ပါတယ်။ အခုလို မိမိနဲ့အတူ မြန်မာနိုင်ငံကို လိုက်ပါလာတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။ ဒါးဗို့စ်မှာ မြန်မာနိုင်ငံအကြောင်းကို ကမ္ဘာ့ အသိုင်းအဝိုင်းထဲမှာ ရှင်းလင်းပြသနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ တံခါးဖွင့်ပေးထားတယ်။ ပြီးတော့ ကမ္ဘာ့ အခင်းအကျင်းနဲ့ လိုက်လျောညီထွေဖြစ်မယ့် လိုအပ်တဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်နေတယ်ဆိုတာကို အသိပေးနိုင်ခဲ့ပါတယ်။ ယခု ပြုလုပ်ကျင်းပနေတဲ့ IMS ထိပ်သီးအစည်းအဝေးဟာ မြန်မာနိုင်ငံရဲ့ လက်တွေ့ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကို သိမြင်နိုင်မယ့် အခွင့်အလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

စတုတ္ထမြောက် စက်မှုတော်လှန်ရေးဟာ သက်ရောက်မှုရှိ

ယနေ့ ကမ္ဘာကြီးဟာ နည်းလမ်းမျိုးစုံနဲ့ ပြောင်းလဲနေပါတယ်။ လက်ရှိဦးတည်နေတဲ့ စတုတ္ထမြောက် စက်မှုတော်လှန်ရေးဟာ ကျွန်တော်တို့နိုင်ငံအပေါ်မှာ နည်းလမ်းမျိုးစုံနဲ့ အကျိုးသက်ရောက်မှုရှိနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာလည်း ပြုပြင်ပြောင်းလဲဖို့အတွက် ပြင်ဆင်နေပါတယ်။

ကျွန်တော်တို့အနေနဲ့ စီးပွားရေးကဏ္ဍရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ ပါဝင်လုပ်ဆောင်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာရင် ကျွန်တော်တို့နိုင်ငံအတွက် တိုးတက်မှုတွေ ပိုမိုရှိလာမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဥပဒေရေးရာ မူဘောင်တွေကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဥပဒေ ရေးရာမူဘောင်ရဲ့ ပြုပြင်ပြောင်းလဲမှုမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုကတော့ ဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံး ပြုလာတာ ဖြစ်ပါတယ်။

MIFER  ဝန်ကြီးဌာနရဲ့ ဦးစားပေးအစီအစဉ်တွေကို ပြောပြရမယ်ဆိုရင် ပထမဦးစားပေးကတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်တဲ့ နေရာမှာလွယ်ကူဖို့ ဖြစ်ပါတယ်။ လုပ်ငန်းရှင် များအနေနဲ့ ကမ္ဘာ့ ဘဏ်ကညွှန်းကိန်းတွေကိုကြည့်လိုက်ရင် တချို့က မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ရတာဟာ မလွယ်ဘူးလို့ ဖော်ပြထားပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း မိမိတို့ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်တဲ့ နေရာမှသာ ယခုထက် လွယ်ကူစေဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေပါတယ်။

ကျွန်တော်တို့ လုပ်ဆောင်မယ့် ဒုတိယဦးစားပေးကတော့ Standard Operating Procedures (SOPs)  ရေးဆွဲ နေခြင်း ဖြစ်ပါတယ်။ SOP ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။ SOP မှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများအပါအဝင် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရာမှာ လွယ်ကူချောမွေ့စေဖို့ အစိုးရဌာနများရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲခြင်းဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ခြင်းအားဖြင့် ကျွန်တော်တို့အနေနဲ့ ရိုးရှင်းပြီး ခန့်မှန်းနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်စပ်တဲ့ဝန်ဆောင်မှုတွေ ပေးတဲ့နေရာမှာ ပြတင်းတစ်ပေါက် Single Window နည်းလမ်းတည်ထောင် သွားနိုင်ဖို့လည်း လမ်းကြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။

တတိယဦးစားပေးကတော့ မြေယာဘဏ်တည်ထောင်ခြင်း ဖြစ်ပါတယ်။ မြေယာဘဏ် တည်ထောင်ခြင်းဟာဆိုရင် ရင်းနှီးမြှုပ်နှံသူတွေနဲ့ မြေယာအရင်းအမြစ်တွေကို ထိရောက်ပြီး ပွင့်လင်းမြင်သာတဲ့ နည်းလမ်းနဲ့ ဆက်သွယ်ရာမှာ အထောက်အကူပြုပါတယ်။ မြေယာကိစ္စဟာဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက ကျွန်တော်တို့ တင်ပြတဲ့ အဓိက အဟန့်အတားတွေထဲက တစ်ခုဖြစ်သလို မိမိတို့အနေနဲ့ မြန်မြန်ဆန်ဆန် တိုးတက်မှုရှိအောင် လုပ်နိုင်တဲ့ နယ်ပယ်တစ်ခုလည်း ဖြစ်ပါတယ်။

မေး ။ ။ စတုတ္ထမြောက် စက်မှုတော်လှန်ရေးဟာ ဘယ်လောက်အထိ အကျိုးသက်ရောက်နိုင်ပါသလဲ၊ အဆင့်တွေကို ကျော်လွှားနိုင်ပါ့မလား၊ ကျွန်တော်တို့အနေနဲ့ ဘယ်လောက် အကျိုးအမြတ်ရနိုင်မလဲဆိုတာ ရှင်းပြပေးစေ လိုပါတယ်။

ဖြေ ။ ။ တိရစ္ဆာန်တွေရဲ့ စွမ်းအားကိုအသုံးပြုတဲ့ ပထမစက်မှု ခေတ်ပြောင်းတော်လှန်ရေး၊ mass production ဖြစ်တဲ့ ဒုတိယမြောက် စက်မှုခေတ်ပြောင်းတော်လှန်ရေး၊ ဒစ်ဂျစ်တယ် နည်းပညာတွေ ထွန်းကားလာတဲ့ တတိယမြောက် စက်မှုခေတ်ပြောင်း တော်လှန်ရေးတွေပြီးတဲ့နောက် စက်ရုပ်တွေနဲ့ automation ကို အသုံးပြုလာတဲ့ စတုတ္ထမြောက် စက်မှုခေတ်ပြောင်းတော်လှန်ရေး ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီစတုတ္ထမြောက် စက်မှုခေတ်ပြောင်း တော်လှန်ရေးမှာ ကျွန်တော်တို့ဟာ နောက်ကျကျန်ခဲ့လို့ မဖြစ်ပါဘူး။

ခုန်ကျော်ပြီး အသွင်ကူးပြောင်းရမှာဖြစ်

မြန်မာနိုင်ငံဟာ အခြေအနေအရပ်ရပ်ကြောင့် တံခါးဖွင့် ဝါဒ ကျင့်သုံးနိုင်ခဲ့ခြင်းမရှိဘဲ၊ ဒုတိယစက်မှုတော်လှန်ရေးကို အပြည့်အဝ အကောင်အထည် မဖော်နိုင်ခဲ့ဘဲ တတိယစက်မှု တော်လှန်ရေးဖြစ်တဲ့ ဒစ်ဂျစ်တယ်ပြောင်းလဲမှုနဲ့လည်း လွဲချော်ခဲ့ပါတယ်။ စတုတ္ထမြောက် စက်မှုခေတ်ပြောင်းတော်လှန်ရေးကို လိုက်ပါနိုင်ဖို့ဆိုရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောခဲ့တဲ့ အတိုင်းပြောရမယ်ဆိုရင် မြန်မြန်ဆန်ဆန်နဲ့ ပြေးရုံတင်မကတော့ဘဲ quantum leap လို ခုန်ကျော်ပြီး အသွင်ကူးပြောင်းရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ လူငယ်တွေဟာ စတုတ္ထမြောက် စက်မှုခေတ်ပြောင်းတော်လှန်ရေးအတွက် အနာဂတ်ပဲ ဖြစ်ပါတယ်။ Robotic Olympic  မှာ ၁၆၃ အနက် အဆင့် ၆ ရှိခဲ့တဲ့ အောင်မြင်မှုဟာ မြန်မာနိုင်ငံ အောင်မြင်မှုရဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ဟာ အသက် ၃၀ အောက် လူငယ်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးနည်းပညာတွေဟာ လျင်မြန်စွာ တိုးတက်လျက်ရှိပြီး ၎င်းတို့နဲ့ ဆက်စပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေလည်း ဖွံ့ဖြိုးလာနေပြီ ဖြစ်ပါတယ်။ ငွေရေးကြေးရေးဆိုင်ရာ နည်းပညာတွေဖြစ်တဲ့ fin-tech လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဥပမာတယ်လီနော၊ FMI  နဲ့ ရိုးမဘဏ်တို့ပေါင်းပြီး လုပ်ဆောင် တဲ့ WaveMoney  ဟာဆိုရင် အောင်မြင်မှုရရှိနေပြီ ဖြစ်ပါတယ်။ အလားတူ KBZ Pay ဟာလည်း အချိန်တိုအတွင်း ပြည်သူလူထုက လက်ခံသုံးစွဲနေပြီ ဖြစ်ပါတယ်။

မေး ။ ။ ဆက်သွယ်ရေးလုပ်ငန်းကို ဖွံ့ဖြိုးအောင်ဆောင်ရွက် ရာမှာ ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပေးခြင်းဖြင့် တိုးတက်နိုင်စေခဲ့ပါတယ်။ အခြေခံအဆောက်အဦကဏ္ဍ အဆင့်မြှင့်ဖို့ အရေးကြီးပုံကို သိလိုပါတယ်။

ဖြေ ။ ။ စိန်ခေါ်မှုတွေဟာ တကယ်တော့ အခွင့်အလမ်းတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြောင်းတတ်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံအတွက် အခြေခံအဆောက်အဦပိုင်းမှာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဒါတွေဟာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေအတွက် ဝင်ရောက်လုပ်ကိုင်နိုင်တဲ့ အဖိုးတန် အခွင့်အလမ်းတစ်ခုလည်းပဲ ဖြစ်ပါတယ်။

‘ဒါ့အပြင် မြန်မာနိုင်ငံဟာ အကောင်းဆုံးနယ်နိမိတ် ဖြစ်ပြီး တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြားမှာ တည်ရှိပါတယ်။ ဒါ့အပြင် ပထဝီဝင်အနေအထားအရ အာရှတိုက်တစ်ခုလုံးရဲ့ သယ်ယူပို့ဆောင်ရေး အချက်အချာနေရာမှာ တည်ရှိနေပါတယ်။ ဒါကြောင့် အခြေခံအဆောက်အဦတွေ ကောင်းမွန်နေရင် မြန်မာနိုင်ငံရဲ့ အချက်အချာကျမှုကို ကောင်းမွန်စွာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးကဏ္ဍမှာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အခြေခံအဆောက်အဦ ကဏ္ဍကို ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိပါတယ်။

မေး ။ ။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီးရဲ့ အမြင်ကိုလည်း ပြောပြ ပေးစေလိုပါတယ်။

ဖြေ ။ ။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံရဲ့ Belt and Road Initiative နဲ့ ပတ်သက်ပြီး ပြောကြားလိုပါတယ်။ တရုတ်နိုင်ငံရဲ့ အင်အားကြီးမားလာမှုဟာ ကျွန်တော်တို့အတွက် အခက်အခဲမဟုတ်ပါဘူး။ ဒေသတွင်း ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်ဘဲ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

လွတ်လပ်ရေးရပြီးကာလ နောက်ပိုင်းကတည်းက မြန်မာနိုင်ငံဟာ အခြားနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခဲ့ပါတယ်။ တရုတ်၊ အိန္ဒိယနဲ့လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။

ရေနက်ဆိပ်ကမ်းစီမံကိန်းများ ဆောင်ရွက်လျက်ရှိ

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အောက်မှာပါတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ win-win solution  ရရှိအောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိနေပါတယ်။ ရေနက်ဆိပ်ကမ်းကိစ္စအတွက်လည်း လက်တွေ့ဆောင်ရွက်ဖို့နဲ့ လိုအပ်ချက်တွေ ပြည့်မီအောင် ဆောင်ရွက်ဖို့လိုအပ်နေပါတယ်။ စစ်တွေဆိပ်ကမ်းကို အိန္ဒိယ နဲ့ ပူးပေါင်းပြီး အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ ။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှု အသိုက်အဝန်းမှာ စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိပါ တယ်။ အစိုးရရဲ့ ဆောင်ရွက်မှုများကိုလည်း ရှင်းပြပေးပါဦး ။

ဖြေ ။ ။ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်ကို အစိုးရအနေနဲ့ သိရှိခဲ့ပါတယ်။ လက်ရှိအစိုးရ အာဏာရရှိပြီးချိန်မှာ ရခိုင်ပြည်နယ်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဗဟိုကော်မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း စိန်ခေါ်မှုများကို အခြေခံကျကျ ဖြေရှင်းနိုင်ဖို့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်နဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းများကို လုပ်ဆောင်နိုင်ဖို့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) တို့ကို စနစ်တကျ ဖွဲ့စည်းခဲ့ပါတယ်။

နိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ လုံခြုံရေးဟာ အဓိကဖြစ်

သို့သော်လည်း အကြမ်းဖက်မှုတွေကြောင့် အဆိုပါလုပ်ငန်းစဉ်များ ထိခိုက်ခဲ့ရပါတယ်။ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တာဝန်ကို ပူးတွဲထမ်းဆောင်နေတဲ့ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ လုံခြုံရေးဟာ အဓိကဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အဖြေရှာရာမှာ ဖိအားပေးခြင်း၊ အပြစ်တင် ဝေဖန်နေခြင်းတို့ထက် ဝိုင်းဝန်းကူညီခြင်းက ပိုမိုထိရောက်မှု ရှိစေပါတယ်။ တာဝန်ခံမှု တစ်ခုတည်းအပေါ် အာရုံထားနေလို့ မရပါဘူး။ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံသူများအနေနဲ့လည်း ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံဖို့ အထူးသဖြင့် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်း၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍများမှာ အလေးထား ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ ရခိုင်ပြည်နယ်ဟာ မြေသြဇာကောင်းမွန်တဲ့ ဒေသတစ်ခုဖြစ်ပြီး တစ်ချိန်က မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးဖြစ်ခဲ့ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ မှာ ကျင်းပမယ့် ရခိုင်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို တက်ရောက်ဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ လုံခြုံရေးပြဿနာ ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။ ရခိုင် ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်အနက် သုံးမြို့နယ်မှာသာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေရှိနေပြီး ကျန်ဒေသများမှာ အေးချမ်းတည်ငြိမ်နေပါတယ်။ ။

သတင်းအဖွဲ့