ဇာတ်ညွှန်းအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး “ရုပ်ရှင်နှင့်မြန်မာ့ဟန်” ခေါင်းစဉ်ဖြင့် လူငယ်ဇာတ်ညွှန်းဆရာများနှင့် ဒါရိုက်တာများ ဆွေးနွေး

ရန်ကုန်  ၃    နိုဝင်ဘာ 

 

 

မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့်   ဇာတ်ညွှန်းအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ပထမအကြိမ်အဖြစ် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ် ၅၀ ရွှေတောင်ကြားလမ်း ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ ကျင်းပသည်။

 

 

ပထမအကြိမ်ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ဇာတ်ညွှန်း နှင့်ဒါရိုက်တာ Mနိုး ၊ ဇာတ်ညွှန်း Lမင်းပြည့်မွန် တို့က  “ရုပ်ရှင်နှင့် မြန်မာ့ဟန်” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြပြီး ဇာတ်ညွှန်းနှင့် ဒါရိုက်တာ သည်ခေတ်နေ၊ ဇာတ်ညွှန်း ဆူးခက်မင်းနှင့် ဇင်ကိုကို(M-MDB) တို့က ပါဝင် ဆွေးနွေးကြသည်။

 

 

 

 

 

ဇာတ်ညွှန်း Lမင်းပြည့်မွန် က “ကျွန်တော်တို့ ရုပ်ရှင်ဖွံ့ဖြိုး တိုးတက် ရေးစင်တာမှာ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ပတ်သက်ပြီး ဆွေးနွေးပွဲလေး လုပ်ကြမယ်လို့ တိုင်ပင်ကြတယ်။ ကျွန်တော်က အခန်းကဏ္ဍတစ်ခုကို တာဝန်ယူမယ်ဆိုပြီး လုပ်ခဲ့ တယ်။ ဇာတ်ညွှန်းနဲ့ပတ်သက်တဲ့အပိုင်းကို ဦးဆောင်ပြီးလုပ်သွားမယ်။ နှစ်ပတ်ကိုတစ်ခါ စနေနေ့တိုင်းလုပ်သွားမယ်။  နောက်ပိုင်းလည်း ဆက်လုပ်သွားမယ်၊ ရုပ်ရှင်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အဓိကသွားမယ်။ ပင်မရေစီးကြောင်းထဲမှာရှိနေတဲ့ ဇာတ်ညွှန်းနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍတွေ ပိုပြီးတိုးတက်လာအောင်၊ ပိုကောင်းလာအောင် ကြိုးစား သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပါ”ဟု ပြောသည်။

 

 

 

 

 

 

ဇာတ်ညွှန်းနှင့် ဒါရိုက်တာ Mနိုး  က “မြန်မာရုပ်ရှင်ဇာတ်ကားတွေမှာ မြန်မာမှု မြန်မာ့ဟန်ဆိုတာ   အခုနောက်ပိုင်း ပျောက်နေပြီလား၊ ဒါမှမဟုတ် ပြောင်းလဲသွားပြီ လား၊ ဒါမှမဟုတ်ရင် မရှိတော့တာလား။ ပြန်ရှာရဦးမှာလား၊ ဆွေးနွေးအဖြေရှာမယ့် ပုံစံမျိုးလေးပါ။ ရုပ်ရှင်လောကက အခုဆိုရင်နည်းနည်းလေးပြန်ပြီး ထောင်လာစပြု လာတဲ့အချိန်ပါ။ စတော့ထောင်လာပြီ၊ အဲဒီအရှိန်လေးက ကောင်းဖို့လိုတယ်၊ စနစ်တကျလေး ဖြစ်ဖို့လိုတယ်။ အဲဒီတော့ ဒီလိုဆွေးနွေးပွဲတွေ များလေ ကောင်းလေပဲ လို့ ကျွန်တော်မြင်တယ်။ မြန်မာ့ရုပ်ရှင်တွေမှာ မြန်မာမှု မြန်မာ့ဟန် တွေကိုဆွေးနွေး မယ်ဆိုတော့    ဇာတ်ညွှန်း၊ ဒါရိုက်တာ မခွဲခြားထားဘူး၊   ဇာတ်ကားနဲ့လိုက်လျော ညီထွေဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ဆွေးနွေးမှာဖြစ်ပါတယ်”ဟုပြောသည်။

 

 

 

 

ဇာတ်ညွှန်းနှင့် ဒါရိုက်တာ သည်ခေတ်နေက “ရုပ်ရှင်နှင့် မြန်မာ့ဟန် ဆိုတဲ့ ခေါင်းစဉ်အတိုင်း အားလုံး ဝိုင်းပြီးမြင်တာလေးတွေကို ဆွေးနွေးသွားမှာပါ။ ဒီဆွေးနွေးပွဲလေးကို ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာ ကနေ လုပ်ပေးတာပါ။ ဒီလိုဆွေးနွေးပွဲတွေ များများလုပ်ပေးမှ အားလုံးအမြင်တွေ သင်ယူလေ့လာမှုတွေ တိုးပွားလာမယ်လို့ ကိုယ်တိုင်လည်းခံစားရလို့ပါ။ အရင်တုန်းက ဒီလိုဆွေးနွေးပွဲ တွေလုပ်ပေးတာမရှိခဲ့ဘူး၊ အခုဒီလိုလုပ်ပေးလို့ လုပ်ပေးတဲ့သူ၊ စီစဉ်ပေးတဲ့ သူတွေကို ကျေနပ်ရပါတယ်၊ ကြည်နူးရပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်၊ ဒီလိုလုပ်ပေးခြင်းအားဖြင့် ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ဖို့ အတွက် မျှော်လင့်ပါတယ်”ဟု ပြောသည်။

 

 

 

 

 

ဇင်ကိုကို(M-MDB) က “ဒီနေ့ဆွေးနွေးပွဲက မြန်မာ့ရုပ်ရှင်မှာ  ဟန်ရှိလား၊ မရှိလား။ ရုပ်ရှင်မှာ ဇာတ်ညွှန်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာပါ။ အရေးကြီးပါတယ်၊ ဒီလိုပွဲမျိုးတွေလုပ်ပေးတဲ့ အတွက် အားလုံးရဲ့ပေါင်းစပ်မှုတွေ ဖြစ်ပေါ်စေတာပါ။ အကျိုးရှိပါတယ်။ ဒီလိုပွဲမျိုးတွေ အမြဲရေရှည်လုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ တချို့ အစီအစဉ်ကောင်းပေမယ့် နောက်ပိုင်း ပူးပေါင်းပါဝင်မှု နည်းတော့ မလုပ်ဖြစ်တာတွေရှိတာများတယ်။ ဒီလို ရေရှည်လုပ်နိုင်မယ်ဆိုရင် ရုပ်ရှင် လောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အများကြီး အကျိုးရှိပါတယ်”ဟုပြောသည်။

 

 

 

 

 

ဇာတ်ညွှန်း ဆူးခက်မင်း က “ဒီဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးသူရဲ့ မေးခွန်းအပေါ်မှာမူတည်ပြီး ဆွေးနွေးပေးရမှာပါ။ ဇာတ်ညွှန်းဆရာ တစ်ယောက်အနေနဲ့ အဓိကက ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီးဆွေးနွေးသွားမှာ များတယ်။ ဇာတ်ညွှန်းရဲ့ အခန်းကဏ္ဍက ရုပ်ရှင်ဇာတ်ကားတစ်ခုအတွက် အရေးကြီးတယ်၊ ဒါပေမယ့် အဲဒါကို မေ့လျော့ထားသလိုဖြစ်နေတယ်။ တမင် မေ့ထားတာတော့မဟုတ်ပါဘူး၊ ဇာတ်ညွှန်းရေးတဲ့သူတွေက လက်ချိုး ရေတွက်လို့ရ တယ်၊ ဇာတ်ညွှန်းကောင်းတွေရေးနိုင်မယ့် ဇာတ်ညွှန်းဆရာတွေ ပေါ်ထွက်လာစေ ချင်ပါတယ်၊ ဒီလိုမျိုး ဆွေးနွေးပွဲတွေလုပ်ပေးတာ တကယ်လည်း မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ဖို့ အထောက်အကူဖြစ် ပါတယ်။ နောက်လည်း စဉ်ဆက် မပြတ် ဒီလိုပွဲမျိုးတွေ ရှိသင့်ပါတယ်”ဟု ပြောသည်။

 

ဇာတ်ညွှန်းအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲများကို မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။

သတင်း - ရီရီမြင့်

ဓာတ်ပုံ - လှမိုး