ဇာတ်ညွှန်းအခန်းကဏ္ဍ တိုးတက်ရေးဆွေးနွေးပွဲကျင်းပ

ရန်ကုန် ၁ ဒီဇင်ဘာ 

 

 

ဇာတ်ညွှန်းအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ ဆွေးနွေးပွဲများ ကျင်းပလျက်ရှိရာ ရုပ်ရှင်ဇာတ်ညွှန်းနှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၅၀) ရွှေတောင်ကြားလမ်း ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာ၌ကျင်းပသည်။

 

 

ဆွေးနွေးပွဲတွင် ဇာတ်ညွှန်းရေးသူနှင့် ဒါရိုက်တာများဖြစ်ကြသည့် ဒါရိုက်တာ ဏကြီး၊ ဇော်ဇော်(Ad.leono) နှင့် L မင်းပြည့်မွန် တို့က “ဇာတ်ညွှန်းနှင့် စိန်ခေါ်မှုများ-(၁)”ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

 

 

ဦးဆောင်ဆွေးနွေးသူ L မင်းပြည့်မွန်က “ဒီတပတ် မီ ဇာတ်ကားရုံတင်ချိန်မှာ ပရိသတ်စိတ်ဝင်စားမှုများတယ်၊ ဒါရိုက်တာဏကြီး ကိုယ်တိုင်လည်း ဇာတ်ညွှန်းရေးတယ်၊ ဒါရိုက်တာလည်းဖြစ်တယ်ဆိုတော့ ဖိတ်ခေါ်ဆွေးနွေးဖြစ်တာပါ။ မီ ဇာတ်ကားရဲ့ ဇာတ်ညွှန်းပိုင်းကို အဓိကထားဆွေးနွေးတာပါ”ဟု ဆိုသည်။

 

 

ဇာတ်ညွှန်းရေးသူ ဇော်ဇော်(Ad.leono) က မျက်မှောက်ကာလတွင် ရုပ်ရှင်ဇာတ်ကားများ ပုံစံသစ်၊ ဒါရိုက်တာအသစ်များဖြင့် ရိုက်ကူးလာကြခြင်းကြောင့်   ဇာတ်ညွှန်းရေး ဆရာအသစ်များအနေဖြင့် အဆိုပါလုပ်ငန်းသည် ရပ်တည်မှု ပိုမိုခိုင်မာနိုင်ကြောင်း သိရှိလာကာ ထိုမှတစ်ဆင့် ဇာတ်ညွှန်းကဏ္ဍ ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 

 

ဒါရိုက်တာဏကြီးကလည်း “ဇာတ်ညွှန်းကို ဘယ်လိုတည်ဆောက်မလဲ၊   ဝတ္ထုကနေဇာတ်ညွှန်းအဖြစ် ပြောင်းလဲတဲ့အခါမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရင်ဆိုင်ရသလဲဆိုတာ ကျွန်တော်သိသလောက် မျှဝေဆွေးနွေးတာပါ။   ပြီးခဲ့တဲ့နှစ်ပိုင်းကစပြီး ဇာတ်ညွှန်းကဏ္ဍအတွက် တိုးတက်ပြောင်းလဲမှုတွေ အများကြီးတွေ့လာရတယ်။ တကယ်ကောင်းတဲ့ ဝတ္ထုတွေဝယ်လာကြပြီး ဇာတ်ညွှန်းရေးတဲ့အချိန်မှာ သေသေချာချာ ရေးလာကြတယ်၊ ဒါ့ကြောင့် ဇာတ်ညွှန်းကဏ္ဍက အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင် လာတယ်”ဟု ပြောသည်။

 

 

“ဇာတ်ညွှန်း ဇာတ်လမ်းရေးတဲ့သူတွေကို အကြံပြုချင်တာက ရုပ်ရှင်များများကြည့်ပါ၊ စစချင်း စိတ်ထဲကဇာတ်လမ်းကို အပြီးထိအောင် လက်တွေ့ချရေးလိုက်ပါ။ အွန်လိုင်းကလည်း အလွယ်တကူ လေ့လာနိုင်တယ်။ အလေ့အကျင့်များမှကောင်းမှာ ဖြစ်ပါတယ်”ဟု ဒါရိုက်တာဏကြီးက အကြံပြုသည်။

 

 

အဆိုပါ ဇာတ်ညွှန်းအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲများကို နှစ်ပတ်ခြားတစ်ခါ စနေနေ့တိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

သတင်း - စန္ဒီ

ဓာတ်ပုံ - မွန်းဦးနဒီ