ကြားဖြတ်ကောက်မည့် လူဦးရေ သန်းခေါင်စာရင်း

မောင်မုဒိတာ

ကမ္ဘာ့နိုင်ငံအသီးသီးတွင် သန်းခေါင်စာရင်းသည် လူဦးရေဆိုင်ရာ အချက်အလက်များနှင့် အိမ်ထောင်စုများ၏ ဝိသေသလက္ခဏာများ သိရှိနိုင်သည့်ရင်းမြစ်တစ်ခုဖြစ်ပြီး အုပ်ချုပ်မှု ဧရိယာ အသေးငယ်ဆုံးအဆင့်အထ ိအချက်အလက်များကို ပံ့ပိုးပေးနိုင်သည်။ ကောက်ယူရရှိသော အချက်အလက်များကို အခြေခံ၍ အုပ်ချုပ်မှုနယ်ပယ်အဆင့်လိုက် ထိရောက်သော ဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲဆောင်ရွက်နိုင်သည်။ နိုင်ငံတော်၏ သယံဇာတအရင်းအမြစ်များ ခွဲဝေသတ်မှတ်ခြင်း၊ နယ်မြေဧရိယာ နယ်နိမိတ်များနှင့် လူဦးရေ အစိတ်အကျဲ ပြန်လည်ဆန်းစစ်နိုင်ခြင်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၊ လမ်းများစသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်း၊ သုတေသနလုပ်ငန်းများ ဖော်ဆောင်ခြင်း စသည်တို့အတွက် အသုံးဝင်ကြောင်း တွေ့ရပါသည်။

မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော်ကြာပြီးနောက် ၂၀၁၄ ခုနှစ်တွင်မှ တစ်နိုင်ငံလုံး၏ လူဦးရေစာရင်းကို ကောက်ယူနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ နိုင်ငံ၏ ဒေသအသီးသီး၌ သန်းခေါင် စာရင်းရည်ညွှန်းချိန်ဖြစ်သည့် ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ည သန်းခေါင်ယံရှိ လူဦးရေနှင့်အိမ်အကြောင်း အရာများကို ကောက်ယူခဲ့ကြသည်။ နိုင်ငံအတွင်းကောက်ကွက် ၈၀၅၅၆ ကွက် သတ်မှတ်ကောက်ယူ ခဲ့သဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံ ကောက်ယူခဲ့ပြီးနိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီသည့် မြန်မာနိုင်ငံ၏ လူဦးရေ နှင့် အိမ်အကြောင်းအရာ အချက်အလက် စာရင်းဇယားများကို တိကျမှန်ကန်စွာ ထုတ်ပြန်နိုင်ခဲ့ကြောင်း တွေ့ရသည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းအရ ထိုအချိန်က လူဦးရေ ၅၁၄၈၆၂၅၃ ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသည့် ရလဒ်များကို အခြေခံ၍ ရှေ့ပြေးလူဦးရေစာရင်း ပင်မအစီရင်ခံစာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အစီရင်ခံစာများ၊ သန်းခေါင်စာရင်းက ညွှန်းဆိုသောမြန်မာ့ပုံရိပ်၊ အလုပ် အကိုင်နှင့်လုပ်ငန်းအစီရင်ခံစာ၊ ကိုးကွယ်သည့် ဘာသာ အစီရင်ခံစာ၊ မြို့နယ်အဆင့် အစီရင်ခံစာများကို အဆင့်ဆင့်ထုတ်ပြန်ခဲ့ပြီး အသေးစိတ်ဆန်းစစ်လေ့လာသော သုတေသနအစီရင်ခံစာ ၁၃ စောင်ကိုလည်း ထုတ်ပြန်နိုင်ခဲ့ကြောင်း တွေ့ရသည်။ ၁၉၈၃ ခုနှစ် နောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော်သည်အထိ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများကို နှစ်စဉ်ပျမ်းမျှခန့်မှန်းတွက်ချက်ထားသည့် လူဦးရေ စာရင်းဇယားများအပေါ် အခြေခံရေးဆွဲ အသုံးပြုခဲ့ရာမှ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြောင့် တိကျသေချာသော လူဦးရေ အချက်အလက်များအပေါ် အခြေခံ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ရေးဆွဲချမှတ် အသုံးပြုနိုင်ခဲ့သည်။ သန်းခေါင်စာရင်း အချက်အလက်များကို အသုံးပြုရန် လိုအပ်သည့် နိုင်ငံတော်အစိုးရ၏ ဌာနဆိုင်ရာများ၊ အခြားသော အဖွဲ့အစည်းများ၊ သုတေသန စာတမ်းပြုစုမည့်သူများသည်လည်း ယင်းအချက်အလက်များကို မှီငြမ်းကိုးကား အသုံးပြုဆောင်ရွက် လျက်ရှိနေကြပြီဖြစ်သည်။ အုပ်ချုပ်မှုနယ်ပယ်၌ မြို့နယ်၊ မြို့နယ်ခွဲအဆင့်အထိ အစီရင်ခံစာများကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ယင်းထုတ်ပြန်ချက်များပေါ် မူတည်၍ နှစ်ကာလအလိုက် ရေတို၊ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းများ ရေးဆွဲချမှတ်ဆောင်ရွက် နေပြီဖြစ်ပါသည်။ ယင်းကဲ့သို့ နိုင်ငံတော်အတွက်တိကျမှန်ကန် အဖိုးတန်လှသည့် လူဦးရေ စာရင်းဇယား အချက်အလက်များကို ကောက်ယူပြုစုထုတ်ပြန်ပေးခဲ့သည့် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပူးပေါင်းကူညီပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ UNFPA အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ အားလုံးအား မှတ်တမ်းတင်ဂုဏ်ပြုရမည်ဖြစ်သည်။

လိုအပ်ချက်အရ ကောက်ယူသော ကြားဖြတ်သန်းခေါင်စာရင်း

လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရန်အတွက် အလွန်ပင်ပန်း ခက်ခဲနက်နဲပြီး ငွေကုန်ကြေးကျများသည့် လုပ်ငန်း တစ်ခုဖြစ်သည့်အလျောက် နိုင်ငံတော်တော်များများက ၁၀ နှစ် တစ်ကြိမ်သာ ကောက်ယူကြသည်။ ယင်းအခြေအနေအရဆိုလျှင် မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ ခုနှစ်တွင် ကောက်ခဲ့သော သန်းခေါင်စာရင်းသည် နောက်တစ်ကြိမ် အဖြစ် ၂၀၂၄ ခုနှစ်တွင် ကောက်ယူရန်ဖြစ်ပါသည်။ သို့သော် ကမ္ဘာ့နိုင်ငံအသီးသီးသည် ယနေ့ခေတ်တွင် ကဏ္ဍအသီးသီး၌ လျင်မြန်စွာ တိုးတက်ပြောင်းလဲလျက်ရှိရာ လူမှုစီးပွားရေးဆိုင်ရာ အကြောင်းအရာများသည်လည်း လျင်မြန်စွာ ပြောင်းလဲလျက်ရှိပါသည်။ လူဦးရေသန်းခေါင် စာရင်းကို ၁၀ နှစ်တစ်ကြိမ် ကောက်ယူရာတွင် နှစ်ကာလ အလွန်ရှည်ကြာပြီး ယင်းကာလမတိုင်မီ ကြားကာလတွင် စာရင်းဇယား လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် လိုအပ်မည်ဖြစ်ပါသည်။ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် လိုအပ်ချက်အရ ကောက်ယူကြကြောင်းလည်း လေ့လာသိရှိရပါသည်။ ပြည်သူ့အင်အား ဦးစီးဌာနသည် ၂၀၁၄ ခုနှစ် စာရင်းကို အခြေခံ၍ လူဦးရေပညာဖြင့် နှစ်တစ်နှစ်၏ ခန့်မှန်းလူဦးရေကို နှစ်စဉ်ထုတ်ပြန် လျက်ရှိရာ ၂၀၁၉ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံရှိခန့်မှန်းလူဦးရေကို ၅၄၁၀၁၂၅၃ ဦးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ၂၀၁၄ မှ ၂၀၁၉ ခုနှစ်အထိ ၅ နှစ်အတွင်း လူဦးရေ ၂ သန်း ၆ သိန်းကျော် တိုးပွားလာကြောင်း တွေ့ရှိရသည်။

ယခုအခြေအနေကို သုံးသပ်ကြည့်ပါက နှစ်အလိုက် လူဦးရေတိုးပွားနေသကဲ့သို့ လူမှုစီးပွားရေးအခြေအနေများသည်လည်း အလားတူ လျင်မြန်စွာ ပြောင်းလဲဖြစ်တည်နေမည်မှာ မလွဲပေ။ တိကျမှန်ကန်သောစီမံကိန်းများ ရရှိနိုင်ရန် ခေတ်ကာလနှင့် လျော်ညီသည့် အနီးစပ်ဆုံး ကိန်းဂဏန်း၊ အချက်အလက်၊ စာရင်းအင်းများက အထောက်အကူပြုနိုင်မည်သာ ဖြစ်ပါသည်။ ထို့ကြောင့် ယခင်စာရင်းဇယားများနှင့် ကြားကာလစာရင်းဇယားများ နှိုင်းယှဉ်ခန့်မှန်း တွက်ချက်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင်လည်း ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ကောက်ယူ ရခြင်းဖြစ်ပါသည်။ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ၂၀၁၄ နှင့် ၂၀၂၄ ခုနှစ် ကြားကာလရှိ မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာ သုတေသနပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော အညွှန်းကိန်းများ ရရှိနိုင်ရန်တို့ဖြစ်ပါသည်။

ယခုကြားဖြတ် လူဦးရေသန်းခေါင် စာရင်းကိုလည်း ယခင် ပြည်လုံးကျွတ်အဆင့် မဟုတ်သော်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ခရိုင်အဆင့် ကိုယ်စားပြုသော အချက်အလက်များရရှိရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ယခင်ကအတိုင်းပင် ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်းစသည့်လုပ်ငန်းစဉ် (၄) ရပ် ဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။

ပြည်လုံးကျွတ်အဆင့်ကဲ့သို့ တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ရည်ညွှန်းချိန် တစ်ချိန်သတ်မှတ်၍ တစ်ချိန်တည်း တစ်ပြိုင်တည်း ကောက်ယူမည်မဟုတ်ဘဲ ခရိုင်အဆင့် ကိုယ်စားပြုစာရင်းအင်း အချက်အလက်များရရှိရေးအတွက် နမူနာကောက်ကွက်များ ရွေးချယ်ဆောင်ရွက်မည်ဖြစ်သည်။ လုပ်ငန်းဆိုင်ရာ ကော်မတီအဆင့်ဆင့်ကိုတော့ ယခင်နည်းတူ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်က ရေးဆွဲအသုံးပြုခဲ့သည့် မြေပုံများကို အခြေခံ၍ Google Map ၊ GIS နည်းပညာတို့ကို အသုံးပြု၍ နမူနာကောက်ကွက်များ အတွက် Digilize မြေပုံများ ဆောင်ရွက်ခြင်း၊ ယင်းမြေပုံများကို မြေပြင်ကွင်းဆင်း တိုက်ဆိုင်ပြင်ဆင်၍ အဆောက်အအုံစာရင်းတင်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရာမှာတော့ ယခင်အတွေ့အကြုံများအရ အခက်အခဲမရှိ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယင်း အဆောက် အအုံစာရင်းအရ ကောက်ကွက်ခွဲ၍ လိုအပ်သော စာရင်းစစ်၊ စာရင်းကောက်များ ဖွဲ့စည်းဆောင်ရွက်ကာ၎င်းတို့အနေဖြင့် Mobile Tablet ဖြင့် စနစ်တကျ မှန်မှန်ကန်ကန် အသုံးပြု ကောက်ယူနိုင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့သည်။ အသုတ်လိုက် နည်းပြသင်တန်းများကို နေပြည်တော် (ရုံးချုပ်) ၌ ဖွင့်လှစ်ပို့ချပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ခရိုင်အလိုက်ဆင့်ပွားသင်တန်းများကို ထပ်မံဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နမူနာ စာရင်းကောက် ကွက်ပေါင်း ၄၂၀၀ ကောက်ယူရန် လျာထားပြီး ခရိုင်အဆင့် ကိုယ်စားပြု စာရင်းအင်းအချက်အလက်များ၊ အညွှန်းကိန်းများ ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စာရင်းကောက်ကွက် (၁)ကွက်တွင် အိမ်ထောင်စု ၃၅ စု ပါဝင်ပြီး စာရင်းကောက်တစ်ဦးသည် စာရင်းကောက်ကာလ ၁၄ ရက်အတွင်း အိမ်ထောင်စု ၇၀ ကို ပြီးစီးအောင် တာဝန်ယူကောက်ယူရမည် ဖြစ်ပါသည်။ စာရင်းကောက် လေးဦးကို စာရင်းစစ်တစ်ဦးက ကြီးကြပ်မည်ဖြစ်ပါသည်။

လေးသုတ်ခွဲ၍ ကောက်ယူမည်

ကြားဖြတ်လူဦးရေ သန်းခေါင် စာရင်းကို လေးသုတ်ခွဲ၍ ကောက်ယူမည်ဖြစ်ပြီး ပထမ အသုတ်အဖြစ် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ လည်းကောင်း၊ ဒုတိယသုတ်အဖြစ် ကရင်၊ ကယား၊ မွန်ပြည်နယ်တို့နှင့် တနင်္သာရီနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှ ၂၄ ရက်နေ့အထိလည်းကောင်း၊ တတိယသုတ်အဖြစ် ပဲခူး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂ရက်မှ ၁၅ ရက်နေ့အထိလည်းကောင်း၊ စတုတ္ထသုတ်အဖြစ် ရှမ်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၅ ရက် မှ ၂၈ ရက်နေ့အထိလည်းကောင်း အသီးသီးကောက်ယူနိုင်ရေး လျာထားဆောင်ရွက်လျက် ရှိပါသည်။

ယခု ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းသည် ခေတ်မီ (Computer - Assisted Personal Interviewing - CAPI) နည်းပညာအသုံးပြုကာ Mobile Tablet ဖြင့် ပထမဆုံးအကြိမ် ကောက်ယူမည်ဖြစ်သကဲ့သို့ မိမိဌာနဝန်ထမ်းများအပြင် Mobile Tablet အသုံးပြုနိုင်ပြီး လုပ်ငန်းဆိုင်ရာ စိတ်ပါဝင်စားသည့် ဒေသခံလူငယ်လူရွယ်များအား နည်းပညာနှင့်လုပ်ငန်းဆိုင်ရာ သင်တန်းပို့ချကာ ၎င်းတို့ အကူအညီဖြင့် ကောက်ယူသွားမည်ဖြစ်သဖြင့် ထူးခြားသည့် လုပ်ငန်း တစ်ရပ်ဖြစ်နေပါသည်။

ထို့ပြင် ၂၀၁၄ခုနှစ်သန်းခေါင်စာရင်းသည် အချက် ၄၁ ချက်ပါ မေးခွန်းပုံစံစက္ကူစာရွက်ကို စာရင်းကောက်များက မေးမြန်း၍ ဖြေကြားသူပြောသမျှကို သတ်မှတ်ခဲတံဖြင့် ဖြည့်သွင်းရေးသားရသော စနစ်ဖြစ်ပြီး ယခုကြားဖြတ် သန်းခေါင်စာရင်းသည် စာရင်းကောက်များက မေးခွန်းပေါင်း ၁၁၀ ကို မေးမြန်း၍ ဖြေကြားသူပြောသမျှကို Mobile Tablet ဖြင့် ဖြည့်သွင်းကာ ရရှိသည့် စာရင်းများကို နေပြည်တော်ရှိ ပြည်သူ့အင်အားဦးစီးဌာန(ရုံးချုပ်) Main Server သို့ ပေးပို့ခြင်း စနစ်ဖြစ်ပါသည်။ မေးမြန်းမည့် မေးခွန်းများများရခြင်းကလည်း လူမှုစီးပွားရေးဆိုင်ရာ အချက်အလက် စာရင်းဇယားအသုံးပြုသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အချက်အလက် အသုံးပြုသူများ၏ လိုအပ်ချက်အရ တစ်ပါတည်းမေးမြန်း ကောက်ယူခြင်းကြောင့် ဖြစ်ပါသည်။ အချက်အလက်များများ သိရှိရလေ၊ ဖွံ့ဖြိုးမှုဆိုင်ရာ လိုအပ်ချက်များကို အချိန်မီသုံးသပ် ဖြည့်ဆည်းနိုင်လေဖြစ်မည်။

 

ယင်းသို့ ထူးခြားခေတ်မီသည့် နည်းပညာများ အသုံးပြု၍ Mobile Tablet ဖြင့် ကောက်ယူခြင်းကြောင့် နည်းပညာတတ်ကျွမ်းသူများ လိုအပ်သကဲ့သို့ Mobile Tablet နှင့် ဆက်စပ်ပစ္စည်းကိရိယာများ ဝယ်ယူရန်အတွက် အသုံးစရိတ်ကုန်ကျငွေများ လိုအပ်မည်ဖြစ်ပါသည်။ သို့သော် မေးခွန်းပုံစံများ ရိုက်နှိပ်ရန်၊ မေးခွန်းပုံစံများ ပို့ဆောင်ရန်နှင့် ပြန်လည်သယ်ယူ စုစည်းရန်၊ ကောက်ယူရရှိသည့်အချက်အလက်များကို အချက်အလက်သွင်းခြင်း ပြုလုပ်ရန်အတွက်အချိန်၊ လူအင်အား၊ စက်ပစ္စည်း အသုံးပြုရန် မလိုတော့သဖြင့် အချိန်ကုန်၊ ငွေကုန်ကြေးကျ သက်သာပြီး စာရင်းကောက်နှင့် အချက်အလက်သွင်းသူတို့၏ အမှားများ လျှော့ချနိုင်မည်ဖြစ်သည်။ ကောက်ယူရရှိသည့် စာရင်း ဇယားများသည်လည်း တိကျမှန်ကန်ခြင်း၊ အချိန်တိုအတွင်း ထုတ်ပြန်နိုင်ခြင်းနှင့် Mobile Tablet များကို နောင်ပြုလုပ်မည့် စစ်တမ်းများတွင် ဆက်လက် အသုံးပြုနိုင်ခြင်း စသည့်အကျိုးကျေးဇူးများလည်း ရရှိနိုင်မည်ဖြစ်သည်။

မေးခွန်း ၁၁ဝ ပြင်ဆင်ထား

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရာတွင် မေးမြန်းမည့်မေးခွန်း ၁၁၀ နှင့် ပတ်သက်၍ တင်ပြရလျှင် လူဦးရေဆိုင်ရာအချက် အလက်များအတွက် မေးခွန်း ၃ ခု၊ ပြည်တွင်းရွှေ့ပြောင်း သွားလာခြင်းအကြောင်းအရာအတွက် ခုနစ်ခု၊ ပညာရေး အကြောင်းအရာအတွက် ၁၂ ခု၊ လုပ်သား အင်အား အကြောင်းအရာအတွက် ၁၀ခု၊ ကလေးမွေးဖွားမှု အကြောင်းအရာအတွက် ရှစ်ခု၊ မသန်စွမ်းမှု အကြောင်းအရာအတွက်တစ်ခု၊ သက်ကြီးရွယ်အို အကြောင်းအရာ အတွက် ငါးခု၊ ပါဝင်လှုပ်ရှားမှု၊ အထောက်အပံ့ရရှိမှုနှင့် ဘဝပျော်ရွှင်မှုအကြောင်းအရာ အတွက်ခုနစ်ခု၊ ပြည်ပပြောင်းရွှေ့သွားလာခြင်း အကြောင်းအရရာအတွက် ၁၅ ခု၊ အိမ်အကြောင်းအရာ အတွက် ၁၁ ခု၊ ရေ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ၁၄ ခု၊ သေဆုံးမှုနှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှု အကြောင်းအရာအတွက် ခုနှစ်ခု၊ စုစုပေါင်း မေးခွန်း အကြောင်းအရာ ၁၁ ခုအတွက် မေးခွန်းပေါင်း ၁၁၀ ကို မေးမြန်းသွားမည် ဖြစ်ပါသည်။

ယင်းမေးခွန်းများကို မေးမြန်းရာတွင် ၄၅ မိနစ်ခန့် ကြာမြင့်မည်ဖြစ်သည်။ ဖြေကြားချက်များကို ပေါက်ကြားမှုမရှိစေရေးနှင့် စစ်တမ်းကောက်ယူသည့် အဖွဲ့ဝင်များမှလွဲ၍ အခြားမည်သူမျှ မသိစေရေးအတွက် တာဝန်ခံမှုရှိသည်။ ကြားဖြတ်သန်းခေါင်စာ ရင်းကောက်ယူသည့် အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာကိစ္စမှတစ်ပါး အခြားမည်သည့်ကိစ္စအတွက်မျှ အသုံးပြုခြင်း (သို့မဟုတ်) စစ်ဆေးခြင်းမပြုရကြောင်းလည်း ပြဋ္ဌာန်းထားသည်။ ယင်းမေးခွန်းများသည် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများရေးဆွဲရာတွင် လိုအပ်သည့် အခြေခံအညွှန်းကိန်း၊ အချက်အလက်များ ပေါ်ထွက်လာစေရေးအတွက် ပဓာနကျသည့် မေးခွန်းများဖြစ်သည်။ အိမ်ထောင်စု တစ်စုချင်း၏ ဖြေကြားချက်များကို စုစည်းသုံးသပ် စစ်တမ်းယူ၍ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ လိုအပ်သည့် အချက်အလက်များ ရရှိနိုင်ရန် ဆောင်ရွက်သည့် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် ခရိုင်အဆင့် ကိုယ်စားပြုနမူနာကောက်ကွက်များ ပြုစုကောက်ယူခြင်းဖြစ်သော်လည်း ရရှိသော အချက်အလက်များကို ယခင်ရှိပြီး စာရင်းဇယားအချက်အလက်များနှင့် နှိုင်းယှဉ်သုံးသပ်ဖော် ထုတ်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက် အရေးပါသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ သို့သော် ပြည်သူများ ပူးပေါင်းပါဝင်ပြီး မေးမြန်းချက်များအပေါ် မှန်မှန်ကန်ကန်၊ ယုံယုံကြည်ကြည် ဖြေကြားမှသာ တိကျမှန်ကန်သည့် အချက်အလက်များ ရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်သည့် စီမံချက်များ ရေးဆွဲဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း၏ ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်သူများအားလုံး ပူးပေါင်းပါဝင်ကာ မထပ်မကျန်၊ စာရင်းမှန်ရရှိရေး အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း မုဒိတာပွား အသိပေးရေးသားအပ်ပါသည်။ ။

မြန်မာ့အလင်း