ကျားသစ်ထက်ရှားပါးပြီး မြန်မာတစ်နိုင်ငံလုံးတွင် အကောင်ရေ(၄၀)ဝန်းကျင်သာ ကျန်ရှိသည့် ရှားပါးငှက်မျိုးစိတ် ငဟစ်ဝမ်းဖြူငှက်ကို  မှတ်တမ်းတင်နိုင်ခဲ့

ရန်ကုန် မေ ၃



မြန်မာနိုင်ငံတွင် ကျားသစ်ထက်ရှားပြီး မြန်မာတစ်နိုင်ငံလုံးတွင် အကောင်ရေ(၄၀)ဝန်းကျင်သာ ကျန်ရှိသည့် ရှားပါးငှက်မျိုးစိတ် ငဟစ်ဝမ်းဖြူငှက်ကို NSCI group မြန်မာလူငယ် သုတေသန ပညာရှင်အဖွဲ့က မှတ်တမ်းတင်ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ ငဟစ်ဝမ်းဖြူငှက်မှာ ကမ္ဘာ့အရှားဆုံးငှက်များထဲ တစ်မျိုးအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အဆိုပါငှက်ကို မြန်မာနိုင်ငံမြောက်ပိုင်း၌သာ တွေ့ရပြီး မြန်မာတစ်နိုင်ငံလုံး၌ အကောင်ရေ ၄၀ ခန့် သာကျန်ရှိတော့၍ ကျားသစ်အကောင်ရေထက်ပင် နည်းနေခြင်းဖြစ်ကြောင်းလည်း သိရသည်။


ဒီငဟစ်ဝမ်းဖြူငှက်က မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာပဲ တွေ့ရတယ်။ သူက ဟိမဝန္တာတောင်ကြောကြီးရဲ့ အရှေ့ပိုင်း ဘူတန်၊ မြန်မာ၊ အိန္ဒိယမှာပဲ အများဆုံးတွေ့ရတယ်။ ဘဂ်လားဒေ့ရှ်မှာလည်းရှိတယ်လို့ ပြောပေမယ့် မသေချာဘူးပေါ့နော်။ တချို့ကလည်းရှိတယ်၊ တချို့ကလည်း မရှိဘူးပြောတော့ မရေရာဘူးပေါ့” ဟု NSCI အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက GNLM ကို ပြောသည်။

လက်ရှိမှတ်တမ်းတင်ရရှိခဲ့သည့် ငဟစ်ဝမ်းဖြူငှက်ကို NSCI အဖွဲ့ဝင် Phong San Dakawက ကချင်ပြည်နယ်တွင်  မှတ်တမ်းရရှိခဲ့ခြင်းဖြစ်ပြီး ငဟစ်ဝမ်းဖြူငှက်များသည် ဒေသခံများ၏ အစာအဖြစ် အမဲလိုက်မှုကိုခံနေရကာ ထိန်းသိမ်းစောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေ ကြောင်းလည်း သိရသည်။


"”အဓိကကတော့ သူတို့ရင်ဆိုင်နေရတဲ့အန္တရာယ်တွေက အဖမ်းခံရပြီး အသားအတွက် အများဆုံး ရောင်းချခံနေရတာပေါ့။ အခြားတိရစ္ဆာန်တွေလို နိုင်ငံခြားတင်ပို့ခံရတာတွေ ဘာတွေတော့ မရှိသေးဘူး။ အစားအတွက် ဒေသခံတွေကဖမ်းတယ်၊ အချို့ကျတော့ လေသေနတ်တွေနဲ့ ပစ်တာတွေခံနေရတာပေါ့။ သူက အရင်တုန်းကဆိုရင်တော့ အကောင်ရေတော်တော်များများ ကျန်နေသေးတာပေါ့။ ယခုနောက်ပိုင်းတော့ ကျွန်တော်တို့ဆီက NSCI က ဆရာသက်ဇော်နိုင် ပြောတာကတော့ အကောင် ၄၀ လောက်ပဲကျန်တော့တယ်လို့ ပြောတယ်” ဟု ယင်းက ဆိုသည်။

အဆိုပါ ငဟစ်ဝမ်းဖြူငှက်မျိုးစိတ်မှာ ဗျိုင်းငှက်များကဲ့သို့ မြစ်ချောင်းများ၊ တောင်ကျချောင်းများ အနီးနေထိုင်ကျက်စားပြီး မြစ်ချောင်းအနီး သစ်ပင်များတွင် အိပ်တန်းတက်လေ့ရှိ၍ အဆိုပါဒေသရှိ ဒေသခံများက ချောင်းဘက်ဆင်းချိန်တွေ့ရလေ့ရှိ၍ သတ်ရန်လည်းလွယ်ကူကြောင်း ၄င်းက ပြောဆိုသည်။

အဆိုပါငှက်မျိုးစိတ်မှာ ဧရာဝတီလင်းပိုင်၊ ကျားသစ်၊ ပန်ဒါနီအရေအတွက်ထက်ပင် နည်းနေပြီး ဆက်လက်ထိန်းသိမ်းခြင်းမရှိပါက လာမယ့် ၅ နှစ်အတွင်း ကျန်ရှိနေသည့် အကောင်များလည်း ကုန်သွားနိုင်ကြောင်း သိရသည်။


ဒီငှက်မျိုးစိတ်ကလည်း ကျား၊ ကျားသစ်တွေလို ထိန်းသိမ်းဖို့လိုတယ်။ ထိန်းသိမ်းဖို့အတွက် ကျ‌တော့ နိုင်ငံခြားမှာဆိုရင်တော့ ထိန်းသိမ်းရေးစခန်း‌တွေဖွင့်ပြီး ငှက်တွေကိုမျိုးပွား၊ သားဖောက် တာတွေလုပ်‌တာမျိုးရှိတယ်။ ဒီတော့ အရင်ဆုံးဒေသခံတွေကိုပဲ မသတ်အောင်၊ မဖြစ်အောင် ဒီငှက်ရဲ့ ရှားပါးတဲ့အကြောင်း၊ အရေးပါတဲ့အကြောင်း စတာတွေပြောလို့ရမယ်။ ဘာလို့ဆို အဓိကကလည်း ဒေသခံတွေက ဖမ်းတာတွေဆိုတော့ သူတို့အနေနဲ့မသိလို့လည်း ဖမ်းတာလည်းဖြစ်နိုင်ပါတယ်။ ကျားတွေ၊ ကျားသစ်တွေကျတော့ကျတော့ ရှားတယ်ဆိုသိနိုင်ပေမဲ့ ဒီငှက်ကိုကျတော့ ရှားတယ်ဆိုတာ သူတို့မသိလို့လည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုတွေသာ ဖမ်းတာ၊ သတ်တာတွေလုပ်ရင် ကျဖို့ပဲရှိတယ်ပေါ့။ တကယ်လို့မှမထိန်းသိမ်းရင် လာမယ့် ၅ နှစ်လောက်အတွင်းမှာ ရှိသမျှ အကောင်တွေ အကုန် ကုန်သွားလောက်တယ်။ ပြီးတော့ သူ့အရေအတွက်က ပန်ဒါနီ၊ ကျားသစ်တွေထက်ကို နည်းနေပြီ။ ဧရာဝတီလင်းပိုင်ထက်လည်း နည်းနေပြီဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

MT