ကာသေ့ ပစိဖိတ်လေကြောင်းကုမ္ပဏီ ကွန်ပျူတာ ဟက်ကာ ဖောက်ထွင်းခံရ

ဟောင်ကောင် ၁၄ နိုဝင်ဘာ

မိမိတို့၏ လေကြောင်းဌာနသည် သုံးလကြာမျှ ဆိုက်ဘာတိုက်ခိုက်မှုနှင့် တွေ့ကြုံခဲ့ရပြီး အကျိုး ရလဒ်အရ ခရီးသည်ပေါင်း ၉ ဒသမ ၄ သန်း ၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားခဲ့ရကြောင်း၊ သတင်းအချက်အလက်များ ဖောက်ထွင်းခိုးယူခံရမှု ထပ်မံမဖြစ်ပေါ်ရေး အတွက် မိမိတို့ သတင်းအချက်အလက် လုံခြုံရေးကို တင်းကျပ်ထားရကြောင်း ဟောင်ကောင် အခြေစိုက် ကာသေ့ ပစိဖိတ် လေကြောင်းကုမ္ပဏီက နိုဝင်ဘာ ၁၃ ရက်တွင် ဝန်ခံပြောကြားလိုက်သည်။

ဟောင်ကောင် ဥပဒေပြုကောင်စီသည် နိုဝင်ဘာ ၁၄ ရက်တွင် အစုအဖွဲ့ဆိုင်ရာ ကြားနာမှုတစ်ရပ် ပြုလုပ်ရန် ရှိနေစဉ် အဆိုပါ ကောင်စီသို့ ကာသေ့ ပစိဖိတ်လေကြောင်း ကုမ္ပဏီကပေးပို့သော တင်ပြလွှာတွင် အထက်ပါအတိုင်း ဖော်ပြထားသည်ဆို၏။ လေယာဉ်စီးခရီးသည် ၉ ဒသမ ၄ သန်း ၏ မွေးသက္ကရာဇ်၊ နိုင်ငံကူးလက်မှတ်နံပါတ်၊ တယ်လီဖုန်းနံပါတ်၊  အကြွေးဝယ်ခွင့်ကတ်ဆိုင်ရာ သတင်းအချက်အလက် စသည်တို့နှင့် ပတ်သက်၍ ကွန်ပျူတာကွန်ရက် ဖောက်ထွင်း ရေးသမားများ (ဟက်ကာများ) က သိရှိသွား နိုင်ဖွယ်ရှိကြောင်း၊ ကမ္ဘာပေါ်တွင် လေကြောင်း ကုမ္ပဏီတစ်ခု၏ သတင်းအချက်အလက်များ ပေါက်ကြားမှု ဖြစ်စဉ်များအနက် အကြီးအကျယ်ဆုံး ဖြစ်စဉ်ဖြစ်ကြောင်း အဆိုပါ တင်ပြလွှာတွင် ဖော်ပြထားသည်။

ယနေ့ကာလတွင် ဟက်ကာများက အောင်မြင်စွာ ဖောက်ထွင်းနိုင်မှု ဖြစ်ရပ်များ နည်းပါးသွားပြီ ဖြစ်သော်လည်း ဟက်ကာများ က ပိုမို၍ ပညာသားပါပါဖြင့် တိုက်ခိုက်လာနိုင်သည့် အလားအလာများ ရှိနေသဖြင့် ဆိုက်ဘာ လုံခြုံရေးကို ဆောင်ရွက်ရာတွင် နည်းပညာအဆင့်အတန်း မြှင့်တင်ရန် လိုအပ်ကြောင်း ကာသေ့ ပစိဖိတ်လေကြောင်း ကုမ္ပဏီက ပြောကြားသည်။ ဟက်ကာ ဖောက်ထွင်းမှု ပုံစံသစ်များကို တားဆီးကာကွယ်နိုင်ရေးအတွက် ကာသေ့ ပစိဖိတ် ကုမ္ပဏီက သတင်းအချက်အလက် နည်းပညာလုံခြုံရေး ကျွမ်းကျင်သူ ပညာရှင် အဖွဲ့တစ်ဖွဲ့ကို အင်အားတိုးချဲ့ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ကာသေ့ပစိဖိတ်ကုမ္ပဏီမှ တာဝန် ရှိသူများက ပြောကြားကြသည်။

ဆင်ဟွာ