ကဘော်ချိုင့်ဝှမ်းမြို့တော် တမူးကိုဖြတ်လို့ အိန္ဒိယနယ်စပ်လေးဆီ

သီဟလုလင်

ကလေးမြို့လေးဆီ ကျွန်တော် ဒုတိယမြောက် ပြန်ရောက်တော့ ပထမဆုံးစဉ်းစားမိတာ မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့လေးဆီ အလည်သွားဖို့ပါပဲ။ ဖေဖေ တာဝန်ကျဖူးတဲ့ အရပ်လေးမို့ ကလေးလေးဘဝတုန်းက ရောက်ဖူးခဲ့ပေမယ့် ဘာမှမမှတ်မိ နိုင်လောက်အောင်ငယ်တာမို့ သိပ်အလည်သွားချင်မိတာပါ။ တမူးကို ကလေးမြို့ကနေသွားလို့ အတော်အဆင်ပြေပါတယ်။ နေ့ချင်းပြန်တောင် သွားလို့ရတာမို့ ညအိပ်ညနေ မနေချင်တဲ့သူတွေလည်း အကြိုက်တွေ့ နိုင်သလို ညအိပ်ညနေ နေချင်သူတွေအတွက်လည်း အဆင်ပြေပြန်ပါတယ်။ တမူးနဲ့ ဟိုဘက် အိန္ဒိယက မိုးရေးမြို့လေး အနီးဝန်းကျင်က လည်ပတ်လေ့လာစရာလေးတွေ အတော်အသင့်စုံလင်ပါတယ်။

ကဘော်ချိုင့်ဝှမ်းမြို့တော် တမူး

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တစ်မြို့ဖြစ်ပြီး မြန်မာ-အိန္ဒိယ နယ်စပ်မြို့လေးအဖြစ်ရော ကုန်သွယ်ရာ မြို့လေးအဖြစ်ပါ လူသိများ ထင်ရှားပါတယ်။ အရင်ကတော့ အိန္ဒိယပစ္စည်းတွေ သိပ်ဝယ်လို့ကောင်းတ ဲ့နေရာပေါ့။ တမူးကို မဏိပူရပြည်နယ် အာသံတောင်တန်းတွေနဲ့ ချင်းပြည်နယ် ချင်းတောင်တန်းတွေက ခြံရံထားကြပါတယ်။ ဒါကြောင့်လည်း ကဘော်ချိုင့်ဝှမ်း မြို့တော်လို့ တင်စားခေါ်ဝေါ် ကြကြောင်း သိမှတ်ခဲ့ရပါတယ်။ ဒီတစ်ဝှမ်းမှာက ရှမ်းစော်ဘွားတွေ နေထိုင်ခဲ့ရာ အရပ်ဒေသ တွေဖြစ်လို့ တမူးမှာလည်း စော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့အကြောင်း စာတွေမှာ လေ့လာတွေ့ရှိရပါတယ်။ ပထမဆုံး တမူးစော်ဘွားက စောခုံခန်းပါ။ တမူးစော်ဘွားတွေဟာ မိုးကောင်း စော်ဘွားကြီးရဲ့အဆက်တွေ ဖြစ်တယ်လို့ ဖတ်ရ ပြန်ပါတယ်။ ဒီမတိုင်ခင် ပုဂံခေတ်လောက် ကတည်းက တမူးမြို့မဖြစ်ခင် နို့မလုံမြို့ ဖြစ်ခဲ့ပြီး ပျက်သုဉ်းသွားတဲ့အခါ အနီးမှာ တမူးမြို့အဖြစ် ရှင်သန်တိုးပွားလာတာ ဖြစ်ပါတယ်။ တမူးမြို့ကို တွပ်မှူးဆိုတဲ့ ခန္တီးရှမ်း ဘာသာစကားကနေ ဆင်းသက်လာတယ်လို့ ယူဆကြတဲ့အတွက် မြန်မာလိုအဓိပ္ပာယ်က လက်ခုပ်တီးကြိုဆိုခြင်းလို့ ဆောင်ပါတယ်။ တမူးမှာ မြန်မာ၊ ရှမ်း၊ ကသည်း၊ ဂေါ်ရခါးနဲ့ ချင်းတိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။

ရာသီဥတု

ပူနွေးစိုစွတ်ပါတယ်။ ရာသီဥတုပူတဲ့အပိုင်း ဖြစ်ပါတယ်။ မိုးလည်းကျတတ်ပါတယ်။ ကလေးကနေ တမူးသွားတဲ့လမ်းမှာ မိုးများပြီး တမူးမှာတော့ မိုးသိပ်မများပြန်ပါဘူး။ ရာသီတိုင်း လည်ပတ်လို့ကောင်းတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

ဘယ်လိုသွားမလဲ

တမူးမြို့ကို အလည်သွားမယ်ဆိုရင် ကလေး မြို့ကို အရင်သွားဖို့ စဉ်းစားရမှာပါ။ ရန်ကုန်ကနေဆို လေယာဉ်အားဖြင့် နှစ်နာရီ ဝန်းကျင် စီးကြရပြီး ကားနဲ့ဆိုရင် တစ်ညနဲ့တစ်နေ့ခွဲလောက် စီးကြရပါတယ်။ ကလေးမြို့ကနေတစ်ဆင့် ကားငှားပြီး ဖြစ်ဖြစ်၊ လိုင်းကားနဲ့ဖြစ်ဖြစ် သွားနိုင်ပါတယ်။ ကလေးမြို့ကနေ တမူးမြို့အထိကို ၈၃ မိုင် ၄ ဖာလုံခန့် ကွာဝေးပါတယ်။ လိုင်းကား တွေကတော့ ပေါင်မုန့်ကားပုံစံမျိုးဖြစ်ပြီး ရှေ့ခန်း၊ အလယ်ခန်း၊ နောက်ခန်းပေါ်မူတည်လို့ ကျပ် ၃၀ဝဝ  ကနေ ကျပ် ၈၀ဝဝ လောက်ထိ ရှိတယ်လို့ ကြားရပါတယ်။ နံနက်၊ နေ့လယ်၊ ညနေစသဖြင့် အချိန်အတိအကျနဲ့ ထွက်တတ်ပြီး တည်းခိုရာအထိ လိုက်လံခေါ်ဆောင် ပေးပါတယ်။ ကျွန်တော်ကတော့ ကားစင်းလုံး ငှားသွားပါတယ်။ ဆလွန်းကားဆို နေ့ချင်းပြန် ၈၀ဝဝဝ ကျပ်နဲ့ ပါဂျဲရိုးလို ကားတွေဆို ၁၂၀ဝဝဝ ကျပ်အထိ ပေးရတတ်ပါတယ်။ ညအိပ်ညနေဆို ဈေးနည်းနည်း ကွာပါမယ်။ ကားဝန်ဆောင်မှု လိုအပ်တယ်ဆိုရင် ကိုထွေး(ဝ၉ ၄၀ဝ၄၅၇၉၉၀) ဒါမှမဟုတ် ကိုဖိုးတုတ် (ဝ၉ ၄၄၀၃၅၃၃၀၃) တို့ကို ဆက်သွယ် အကူအညီရယူနိုင်ပါတယ်။

တမူး-မိုးရေး လည်ပစ်လိုက်မယ်

တမူးမြို့ကိုသွားရတာ စိတ်ဝင်စားစရာက ကလေး-တမူး လမ်းကနေစတာပါပဲ။ အရင်က သစ်စခန်းတွေနဲ့ သစ်ဆွဲဆင်ကြီးတွေ သွားလာကြရာ ဒီလမ်းမကြီးဟာ Valley of Death သေမင်းတမန် တောင်ကြားလမ်းအဖြစ်လည်း ကျော်ကြားပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက အသေအပျောက် အလွန်များခဲ့တဲ့ လမ်းဆိုပဲ။ ခုတော့ လမ်းအတော်ကောင်းနေပါပြီ။ လမ်းကတော့ ခပ်ကျဉ်းကျဉ်းပဲ၊ ဒါပေမယ့် ကားနှစ်စီးရှောင်သာတယ်။ ကားနှစ်စီး ရှောင်မရတာက တံတားတွေပဲ။ နှစ်ဆွေး သံပေါင်တံတားတွေများစွာကို ဒီခရီးလမ်းမှာ တွေ့ရဦးမယ်။ အရှည်အတိုစုံလင်တဲ့ တံတားတွေကို ဖြတ်ရတိုင်း ကျိုးမလား၊ ပြုမလား တွေးမိတတ်တာလည်း ပျော်စရာတစ်ခုပါ။ တချို့အသုံးချဖို့ မသင့်သေးတဲ့ တံတားတွေဆိုရင်တော့ ရှောင်ကွင်းလမ်းလေး ဖောက်ပေးထားတယ်။ ဘေးဝဲယာက ချင်းတောင်တန်းတွေ မြင်နေရတာလည်း အလှတစ်မျိုးပဲ။ ပြီးတော့ ကသည်း၊ ကိုကီးချင်းတို့ရဲ့ တစ်ဖက်နိုင်ငံက စစ်ပွဲလေးအကြောင်း ဗဟုသုတ ကားဆရာကြီး ပြောသမျှ နားထောင်ရင်း သွားရတာလည်း အရသာတစ်ခု ပေါ့။ ကဲ-ဘယ်တွေလည်ကြမလဲ ကြည့်လိုက်ရအောင်။

မြောက်ယာဉ်စွန်းတန်း ဖြတ်တဲ့နေရာ

ကလေး-တမူးလမ်းပေါ်မှာ မြောက်ယာဉ်စွန်း တန်းဖြတ်တဲ့နေရာကို ဆိုင်းဘုတ်အမှတ်အသားလေး လုပ်ပေးထားတယ်။ ငယ်ငယ်ကတော့ ပထဝီသင်ရင် မြေပုံမှာမျဉ်းလေးဆွဲကြရတယ်။ အပြင်မှာလည်း မျဉ်းလေးရှိမယ်လို့ ထင်ခဲ့ဖူးတယ်။ တကယ်တော့ မမြင်ရသော မျဉ်းကြောင်းလေး တစ်ခုပေါ့။ ခု အဲဒီနေရာလေးကိုရောက်တော့ ပျော်တဲ့စိတ်နဲ့ ဓာတ်ပုံလေး ရိုက်ယူခဲ့တယ်။ ဒီကိုလာလည်တဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေ ဒီနေရာလေးမှာဆင်းပြီး အမှတ်တရဓာတ်ပုံ ရိုက်ယူလေ့ရှိပါတယ်။

19+

 

ရာဇဂြိုဟ်ဆည်

ကျွန်တော်ကလေးမြို့အကြောင်း ရေးခဲ့တုန်းကလည်း ဖော်ပြပြီးဖြစ်ပါတယ်။ တမူးသွားတဲ့လမ်းပေါ်မှာ လမ်းသင့်နေတာမို့ မရောက်ဖူးသေးသူ တွေအနေနဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဝင်လည်ပတ်နိုင်ပါတယ်။ ဆည်ရဲ့အလှကို ခံစားရရုံပါ။ သိပ်ပြီးထူးခြားနေတာမျိုးတော့ မရှိပါဘူး။

၅၆ မိုင် ယာဉ်နားစခန်း

ဒီလိုခေါင်းစဉ်တပ်လိုက်လို့ ကြီးကြီး ကျယ်ကျယ် ထင်သွားဦးမယ်။ ကလေး-တမူး လမ်းပေါ်က ထမင်းနဲ့ အဆာပြေစားဖို့ ကားတွေ ခဏနားကြတဲ့ နေရာပါ။ ရန်ကုန်-မန္တလေးလမ်းလို ဆိုင်ကြီးကြီးမားမား လှလှပပတွေမရှိပေမယ့် ခရီးသွား တွေအတွက် အဆင်ပြေပြီး ဝင်ရောက်စားသုံး ခရီးတစ်ထောက် နားကြတဲ့နေရာ ဖြစ်ပါတယ်။ ဆိုင်ငါးဆိုင်ဝန်းကျင်လောက် သတိထားမိပါတယ်။ သိပ်အများကြီးတော့ မဟုတ်ပါဘူး။

1-+

 

အောင်နိမိတ်တောင်နဲ့ အာလိန်ငါးဆင့် နန်းမြင့်ဘုံဆောင်

ကျွန်တော်တို့ တမူးကို နှစ်နာရီကျော်လောက် ကားမောင်းလာပြီးတဲ့နောက် ပထမဆုံးလည်ပတ် ဖြစ်တဲ့နေရာက အောင်နိမိတ်တောင် ဘုန်းကြီးကျောင်းပါ။ တောင်ကုန်းလေးပေါ် ကားနဲ့ရော ခြေကျင်နဲ့ပါ တက်လို့ရပါတယ်။ ဘုန်းကြီးကျောင်းနဲ့အတူ စေတီနဲ့ဆင်းတုတော်တွေလည်း သပ္ပာယ်စွာ တည်ထားပေးပါတယ်။ စောင်းတန်းလေးတွေမှာ လူငယ်အတွဲလေးတွေလာပြီး ကြည်နူးနေကြပါတယ်။ ကျွန်တော်တို့ကတော့ ဝင်းထဲက အာလိန် ငါးဆင့်နန်းမြင့် ဘုံဆောင်ဆိုတဲ့ မျှော်စင်ပေါ် တက်ကြည့်ရင်း တမူးမြို့အလှကို အပေါ်စီးခံစားခဲ့တယ်။ သစ်ပင်ကြီးတချို့က ခြုံလွှမ်းထားလို့ မြင်ကွင်းကတော့ သိပ်မကောင်းလှပေမယ့် အဆင်ပြေပါတယ်။

မြို့လယ်က လှပတဲ့ တမူးမြို့ ဆိုင်းဘုတ်

ကဘော်ချိုင့်ဝှမ်းမြို့တော် တမူးမြို့ဆိုတဲ့ မြို့ဆိုင်းဘုတ်ကြီးက မြို့လယ်လောက်မှာ ရှိနေတာလည်း ထူးခြားပါတယ်။ အဝင်တုန်းက ပုံမှန်မြင်နေကျ ဆိုင်းဘုတ်အနီတစ်ခုလည်း မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ ခုဟာကတော့ ကြက်လျှာစွန်းပုံ ပန်းခြံလေး ထဲ ထည့်ပြီးတည်ဆောက်ထားတာက အမြင်ဆန်းပြီး ခရီးသွားတွေအတွက် အမှတ်တရဓာတ်ပုံ ရိုက်ချင်စရာလေး ဖြစ်နေပါတယ်။

ဘိုးသီလနန်း

သီလပါနော်သီဟမဟုတ်ပါဘူး။ တမူးမြို့က ဘိုးသီလနန်းကလည်း ထင်ရှားတဲ့ နတ်နန်းတစ်ခုပါ။ လမ်းဆုံလေး တစ်ခုမှာ တည်ရှိပြီး လာရောက်လည်ပတ်ကြသူနဲ့ ယုံကြည်သက်ဝင် သူများလည်းရှိပါတယ်။ အနီးက မင်္ဂလာကန်တော်ဆီ အလည်သွားရင်းနဲ့ ဝင်ရောက်နိုင်ပါတယ်။

မင်္ဂလာကန်တော်

ကန်ကြီးက အနောက်က ကုန်းမြင့်လေးပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်း၊ စေတီ၊ အဆောက်အဦ မြင်ကွင်းတွေနဲ့ လှနေတယ်လို့ ခံစားရတယ်။ အရှေ့ကို ပေ ၂၁၀၊ အနောက်ကို ၂၀၈ ပေ၊ တောင် ကို ပေ ၁၆၀ နဲ့ မြောက်ကို ၁၈၆ ပေ အသီးသီးရှိတဲ့ ကန်တော်ကြီးပါ။ အမှိုက်ပုံးလေးတွေ များများစားစား သေချာထားပေးထားတာလည်း ချစ်စရာ ဖြစ်နေပါတယ်။ ဓာတ်ပုံရိုက်ချင်သူတွေအတွက် နေရာကောင်းလေး တစ်ခုဖြစ်တယ်လို့ ဆိုပါရစေ။

(ဆက်လက်ဖော်ပြပါမည်)