ကဆုန်လပြည့်နေ့ မုံရွာမြို့ ရွှေစည်းခုံစေတီတော်ကြီးနှင့် တန်ခိုးကြီးဘုရားများတွင် ကောင်းမှုကုသိုလ် ပြုသူများဖြင့် စည်ကားလျက်ရှိ

 

မုံရွာ မေ ၂၂

 

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်အပေါင်း အထူးဂုဏ်ယူရမည့် နေ့တစ်နေ့ဖြစ်ရာ ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်ဟု ဆိုသည့် ဂေါတမမြတ်စွာဘုရားရှင် ဗျာဒိတ်တော်ခံယူသည့်‌နေ့ဖြစ်ခြင်း၊ ဖွားမြင်‌သော နေ့ဖြစ်ခြင်း၊ ဘုရားပွင့်သောနေ့ဖြစ်ခြင်း၊ ပရိနိဗ္ဗာန်စံယူ‌သောနေ့ ဖြစ်ခြင်းတို့မှာ ထူးခြားတိုက်ဆိုင်မှုဖြစ်ပြီး နှစ်စဉ်ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့က ကဆုန်ညောင်ရေ သွန်းပွဲတော်များနှင့်အတူ ကောင်းမှုကုသိုလ်များ ပြုလုပ်ဆောင်ရွက်လျက်ရှိကြရာ ယနေ့ မေ ၂၂ ရက် ကဆုန်လပြည့်နေ့ နံနက်ပိုင်းက မုံရွာမြို့ ရွှေစည်းခုံစေတီတော်ကြီးတွင် ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။

 

အလားတူ မုံရွာမြို့ရှိ တန်ခိုးကြီးဘုရားစေတီပုထိုးများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများ၊ စတုဒိသာကျွေးမွေးသူများနှင့် ဗောဓိညောင်ပင်များတွင် ညောင်ရေသွန်းလောင်းသူများဖြင့် စည်ကားလျက်ရှိသည်။

 

ထို့အပြင် ယနေ့ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မုံရွာမြို့ကန်သာယာ ရာပြည့်ကပ်ကျော် စေတီတော်မြတ်ကြီး၌ ဘုရားအနေကဇာတင်လှူ ပူဇော်ခြင်း၊ အရှေ့တောင်ဒေါင့်ရှိ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းပွဲ‌တော်ကျင်းပခြင်း၊ စတုဒိသာ ကျွေးမွေးဧည့်ခံခြင်းနှင့် ဆီမီးပူဇော်ခြင်းတို့ဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)