ကဆုန်လပြည့်နေ့တွင် ပဲခူးမြို့နယ်အတွင်းရှိ ဘုရားစေတီများ၌ ကုသိုလ်ဒါန ပြုကြသူများဖြင့်စည်ကား

 

ပဲခူး၊ မေ ၂၂

 

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) သည် ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝတွင် နိယတဗျာဒိတ်ခံယူသည့်နေ့၊ ဂေါတမဘုရားအလောင်းတော် ဖွားမြင်သည့်နေ့၊ ဂေါတမဘုရား အလောင်းတော် ဘုရားဖြစ်သည့်နေ့၊ ဂေါတမဘုရားရှင် ပရိနိဗ္ဗာန်စံဝင်သည့်နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်၍ နှစ်စဉ်ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ရေ သွန်းလောင်း ပူဇော်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်း၊ စတုဒိသာကျွေးမွေးခြင်း စသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြသည်။

 

ပဲခူးမြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများဖြစ်သော ရွှေမော်ဓေါစေတီတော်မြတ်ကြီး၊ ကျိုက်ပညာယျ စေတီတော်မြတ်ကြီး၊ ကျိုက်ပွန်ဘုရား၊ မဟာစေတီဘုရား၊ ရွှေဂူကြီး၊ ရွှေဂူလေး၊ ရွှေသာလျောင်းဘုရား၊ စိန်သာလျောင်းဘုရား၊ မြသာလျောင်းဘုရား အစရှိသည့် ဘုရားစေတီပုထိုးများနှင့် ကျောင်းကန် ဇရပ်များတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ဘာသာရေး ဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများသည် ဘုရားဖူး၍ တရားဘာဝနာပွားများခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားနာယူခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ ညောင်ရေသွန်းလောင်းခြင်း၊ ဆရာတော် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

 

သက်ဖြိုးကြိုင် (ပြန်/ဆက်)