ကျောက်ဆည်မြို့နယ် ပြည်တော်သာကျေးရွာ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ 

ကျောက်ဆည် မေ ၄

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည်  ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်နေသည်များကို ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ပြည်တော်သာကျေးရွာ၌ ရေနက်စက်ရေတွင်း၊ ရေစက်ရုံနှင့်စင်မြင့်ရေစင်တစ်ခု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ သန့်ရှင်းသောသောက်သုံးရေးရရှိရေးလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်(၂၃.၃၀၀၀)သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနီးကပ်ကြီးကြပ်မှုနှင့်အတူ လင်းယုန်အားမာန် ကုမ္ပဏီမှ တာဝန်ယူ၍ အနက် ပေ (၄၀၀)၊ အကျယ်(၄)လက်မရှိ  ရေနက်စက်ရေတွင်းနှင့် အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေ ရေစက်ရုံအပါအဝင် ရေဂါလံ(၂၄၀၀)ဆံ့ ရေစင်(၁)ခု ဆောက်လုပ်ပေးခဲ့သည်။ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးလက်နေပြည်သူများအနေဖြင့် အိမ်သုံးရေမီတာများတပ်ဆင်ပြီး သောက်သုံးရေများကို နေအိမ်အရောက် အလွယ်တကူ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။ 

 

ပြည်တော်သာကျေးရွာတွင် အိမ်ခြေ(၁၉၈)အိမ်ရှိပြီး လူဦးရေ(၉၁၃)ဦး နေထိုင်လျက်ရှိရာ စိုက်ပျိုးရေး လုပ်ငန်းများ အဓိကလုပ်ကိုင်လျက်ရှိကြောင်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူများအတွက်သာမက  အိမ်မွေးတိရိစ္ဆာန်များအားလုံး ရာသီမရွေး သောက်သုံးရေများ ဖူလုံစွာသုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

သက်မောင်