ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေ

ကျောက်ဆည် ဒီဇင်ဘာ ၂၇

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကြောင်(ရမန်း)၊ ရှားပင် ကျေးရွာနှစ်ရွာရှိ ဒေသခံကျေးလက်နေပြည်သူများ အိမ်တိုင်ရာရောက် သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ရေစုကန်တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကြောင်(ရမန်း) ကျေးရွာတွင် အိမ်တိုင်ရာရောက် သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် အရှည်ပေ ၆၀၀၀ ရှိ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ အလျား ၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၇ ပေရှိ ရေစက်ရုံတစ်ခုတည်ဆောက်ခြင်း၊ ရှားပင်ကျေးရွာတွင် အရှည်ပေ ၉၂၀၀ ရှိ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများအား ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၃၁ ဒသမ ၀၀၆ သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများကိုယ်တိုင် ယခုနှစ် ဒီဇင်ဘာပထမပတ်က စတင်ကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၇၄၈ အိမ်မှ၊ လူဦးရေ ၃၄၁၀ ဦးတို့အတွက် အိမ်တိုင်ရာရောက် သောက်သုံးရေဖူလုံစွာရရှိရေး အကျိုးပြုမည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်က ပြောသည်။

 

အဆိုပါကျေးရွာနှစ်ရွာတွင် အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကျေးရွာရေကော်မတီဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းအချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး အလေးထားဆောင်ရွက်သွားကြရန် ခရိုင်ဦးစီးမှူးက ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ငြိမ်းသူ