ကျောက်စရစ်ထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာ အငြင်းပွားတိုင်ကြားမှုများအား ဒေသဆိုင်ရာ ကော်မတီဖွဲ့၍ ဖြေရှင်းမည်

မကွေး ၁၈  ဇန်နဝါရီ

မကွေးတိုင်းဒေသကြီးအတွင်း မြစ်ချောင်းများ၌ သတ်မှတ်စည်းကမ်းများနှင့်အညီ ထုတ်လုပ်ခွင့်ပြုထားသော ကျောက်စရစ် လုပ်ငန်းများနှင့်ပတ်သက်သည့် အငြင်းပွားမှုများ၊ တိုင်ကြားမှုများအား ဖြေရှင်းနိုင်ရန် ဒေသဆိုင်ရာ ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ စီမံခန့်ခွဲမှုကော်မတီကို တိုင်းအတွင်းမြို့နယ်များအားလုံး၌ ဖွဲ့စည်းနေပြီဖြစ်ကြောင်း ရေအရင်းအမြစ် နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဖေဖော်ဝါရီ လဆန်းပိုင်းမှစ၍ အငြင်းပွားမှုနှင့် တိုင်ကြားမှုများကို စတင်ကိုင်တွယ်မည့် စီမံခန့်ခွဲမှုကော်မတီများတွင် ဥက္ကဋ္ဌအဖြစ် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အဖွဲ့ဝင်များအဖြစ်  ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ်၊ ငါးလုပ်ငန်း၊ ပြည်တွင်းရေကြောင်း ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပါဝင်မည်ဖြစ်ပြီး အရပ်ဘက်မှ လုပ်ငန်းရှင် (၃) ဦး ၊ထွေ/အုပ်မှ အဆိုပြုသည့် ရပ်မိရပ်ဖ (၂) ဦး၊ လွှတ်တော်ကိုယ်စားလှယ်များမှ အမည်စာရင်းပေးသည့် ရပ်မိရပ်ဖ (၃) ဦး တို့အား ထည့်သွင်း ဖွဲ့စည်းသွားမည်ဖြစ်သည်။

“မကွေး၊ မင်းဘူး၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ အောင်လံ၊ သရက်၊ ကံမနဲ့ မင်းတုန်းဆိုတဲ့ မြို့ရှစ်မြို့မှာ ကော်မတီ ဖွဲ့စည်းပြီးပါပြီ။ ရေနံချောင်း၊ ချောက်၊ ပခုက္ကူနဲ့ ရေစကြိုမြို့တွေမှာ တစ်ပတ်အတွင်းဆက်ဖွဲ့မယ်။ ပြီးရင် ဆော၊ ကျောက်ထု၊ ဂန့်ဂေါမြို့နဲ့ ကျန်မြို့တွေမှာ ဆက်ဖွဲ့သွားမယ်။ စီမံခန့်ခွဲသူတွေအနေနဲ့ မြစ်ကျောက်စရစ်လုပ်ကွက်တွေရဲ့ ထုတ်လုပ်မှု၊ စည်းကမ်းဖောက်ဖျက်မှု၊ လုပ်ငန်းရှင်နဲ့ ဒေသခံတွေကြား ပဋပက္ခဖြစ်မှုတွေကို  ဖြေရှင်းဆောင်ရွက်သွားမှာပါ။ သဲကျောက် ဈေးနှုန်းတွေ တည်ငြိမ်ဖို့နဲ့ လုပ်ငန်းသမားအချင်းချင်း မျှတမှုရှိစေဖို့လည်း ဈေးနှုန်းသတ်မှတ်ပေးတာတွေကိုလည်း လုပ်ဆောင်မှာပါ ” ဟု ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော်လွင်က ပြောသည်။

ကော်မတီအနေဖြင့် ပုဂ္ဂိုလ်၊ အသင်းအဖွဲ့၊ ကုမ္ပဏီများ လုပ်ငန်းမှတ်ပုံတင် လျှောက်ထားရာတွင် သဘောထား မှတ်ချက်ပေးခြင်း၊ ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ရသူများအား အခွင့်အရေး ဆုံးရှုံးမှုမရှိစေရန် အကာအကွယ်ပေးခြင်း၊ လုပ်ငန်းများကြောင့် ရေထုညစ်ညမ်းမှု နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မဖြစ်ရေး၊ ရေနေသတ္တဝါများ၏ ဂေဟစနစ် မပျက်စီးရေး၊ မျိုးမတုံးစေရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။

ဇေယျတု(မကွေး)

 

mdn