ကျောက်ကြီးမြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသည့် ကျေးရွာအိမ်ထောင်စုများအား စွမ်းအားမြင့် မီးဖိုများ အခမဲ့ဖြန့်ဖြူးပေးအပ်

ကျောက်ကြီး ၉ ဖေဖော်ဝါရီ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော မြန်မာနိုင်ငံတွင် စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်းအရ ကျေးရွာအရောက် ဖြန့်ဖြူးခြင်းကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

4811

 

အခမ်းအနားတွင် ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမောင်မောင်က မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် လောင်စာထင်းသုံးစွဲမှု လျှော့ချလာနိုင်ရေး၊ သစ်တောပြုန်းတီးမှု ကာကွယ်ပေးခြင်းနှင့် နိုင်ငံအတွင်း ရာသီဥတု ဖောက်ပြန်မှုများကို တစ်တပ်တစ်အား ဟန့်တားပေးနိုင်ရန် ရည်ရွယ်ကြောင်း၊ စွမ်းအားမြင့်မီးဖိုများကို ကျောက်ကြီးမြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိဘဲ ထင်းမီးသုံးစွဲနေသည့် ကျေးရွာအုပ်စု (၂၁)အုပ်စုရှိ အိမ်ထောင်စုဝင် တစ်သောင်းအား နှစ်ကြိမ်ခွဲ၍ အခမဲ့ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း၊ ပထမအကြိမ်အနေဖြင့် ကျေးရွာအုပ်စု (၁၂)စုရှိ အိမ်ထောင်စု ၅၀၀၀ အား ဖေဖော်ဝါရီလအတွင်း ကျေးရွာများအရောက် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျေးရွာအုပ်စု (၁၂)အုပ်စုရှိ အုပ်ချုပ်ရေးမှူးများအား စွမ်းအားမြင့် မီးဖိုများ သက်ဆိုင်ရာ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုသားကြီး(ကျောက်ကြီး)